Arc_ 10.6 _ Joshua

5.9K 741 0
                                    

 Arc_ 10.6 _ Joshua

ကျိုးယွင်ရှန့်က ဘိုးလ်ရဲ့ မာန်တက်ပြီး ကြွားဝါတဲ့စကားတွေကြောင့် စိတ်ရှုပ်ထွေးလာသလို အသည်းတွေလည်း ကွဲကြေလာတယ်။ ပုံမှန်နေ့လိုမျိုးဆိုရင် ခမည်းတော်ရဲ့ရုပ်တုရှေ့မှာ ဒူးထောက်ပြီး ဆုတောင်းနေမှာဖြစ်ပေမယ့် အခုတော့ သူက ခမည်းတော်ရဲ့ခြေဖမိုးမှာ မျက်နှာအပ်လို့ သူ့ငွေရောင်ဆံပင်တွေနဲ့ ပွတ်သပ်လိုက်တယ်။ ပြီးတော့ ခမည်းတော်ရဲ့ခြေသလုံးတွေကို လက်မောင်းလေးတွေနဲ့ ရစ်ပတ်သိုင်းဖက်လိုက်ပြီး ဒူးပေါ်မှာ မျက်နှာအပ်ပြီး ငိုကြွေးမိတော့တယ်။ မျက်ရည်တွေက ရေတံခွန်တွေလို ရုပ်ထုရဲ့ဒူးပေါ် ကျဆင်းသွားတော့တယ်။ ပူလောင်တဲ့မျက်ရည်စက်တွေရဲ့ အထိအတွေ့ကြောင့် နဝမကောင်းကင်ဘုံကနေ အလင်းနတ်ဘုရားက ဘာလုပ်ရမှန်းမသိအောင် ခံစားလာရပြီး စိတ်ဖိစီးလာလို့ သူ့မျက်လုံးတွေက အနက်ရောင်ရင့်ရင့်အဖြစ်ကို ပြောင်းသွားတယ်။

ကျိုးယွင်ရှန့်က မျက်လုံးတွေကစီးကျလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး ကြေကွဲစွာမေးလိုက်တယ်။

"ခမည်းတော် ဘိုးလ်ကို တကယ်သဘောကျနေတာလား.."

"ခမည်းတော် သူ့ကို သဘောမကျပါဘူး.. တကယ်တမ်းပြောရရင် သူဘယ်သူဆိုတာတောင် ခမည်းတော်မသိခဲ့ဘူး.."

အလင်းနတ်ဘုရားက ကလေးလေးကို ဂရုတစိုက်နဲ့ ပြန်ဖြေရှင်းနေမိတယ်။

"သူ့မျက်နှာက သားတော်လို ကြည့်လို့မကောင်းပါဘူး.. သူက သားတော်လောက် ခမည်းတော်ကို သက်ဝင်ယုံကြည်ခြင်းမရှိဘူး.. သူက သားတော်လောက်လည်း မသန်မာဘူး.. ခမည်းတော်.. သားတော်က ဥာဏ်ကောင်းတယ် မဟုတ်လား.. အားလုံးထဲမှာ အတော်ဆုံးမဟုတ်လား.. ဟင်.. ဘာကြောင့် သားတော်ကို လျစ်လျှူရှုရတာလဲ.."

"ခမည်းတော် သားတော်ကို လျစ်လျှူမရှုပါဘူး.. နေ့တိုင်းနေ့တိုင်း သားတော်ကိုပဲကြည့်နေတာပါ.."

အလင်းနတ်ဘုရားက အငိုလွယ်သူကလေးလေးကို ပြန်ဖြေရင်း အရမ်းဝမ်းနည်းနေတဲ့ သွင်ပြင်လေးနဲ့ မျက်ရည်စက်တွေကြောင့် ဘယ်လိုနှစ်သိမ့်ရမှန်းမသိဘဲ စိတ်ညစ်လို့ မလှုပ်မယှက် ထိုင်နေမိတော့တယ်။ အရင်ကတော့ ကလေးလေးငိုကြွေးတာက ချစ်စရာ၊ သနားစရာကောင်းတယ်လို့ ခံစားရပေမယ့် ခုလိုအသည်းကွဲပြီး ငိုကြွေးနေတာမြင်ရတော့ ကလေးလေးကို နှစ်သိမ့်မှုမပေးနိုင်လို့ သူ့ဘာသာ ဒေါသထွက်နေမိတယ်။

"ခမည်းတော်.. သားတော် ခမည်းတော်ကို နမ်းချင်တယ်.. နံနက်ခင်းနေခြည်လို နူးနူးညံ့ညံ့လေး နမ်းချင်ပါတယ်.. သားတော် ခမည်းတော်ကို မီးတောက်တစ်ခုလို ပြင်းပြင်းပြပြနဲ့ ပွေ့ဖက်ထားချင်တယ်.. သားတော်က ဒီကမ္ဘာပေါ်က ဘယ်သူမဆိုထက် ခမည်းတော်ကို ချစ်ချင်ပါတယ်.. ခမည်းတော်.. ကျေးဇူးပြုပြီး သားတော်ကို ပြန်ချစ်ပေးပါလား.. သားတော် ဘာကြောင့် ဒီလိုမရိုမသေအတွေးတွေ ပေါ်လာသလဲဆိုတာ မသိတော့ပါဘူး.. ခမည်းတော်က ဒီကုန်းမကြီးတစ်ခုလုံးရဲ့ အရှင်သခင်နတ်ဘုရားပါ.. ဒီကမ္ဘာလောကတစ်ခုလုံးကို ခမည်းတော်က ဖန်ဆင်းထားတာပါ.. အရာအားလုံးက ခမည်းတော်ရဲ့အချစ်နဲ့ ဖန်ဆင်းထားတယ်ဆိုတာ သားတော်သိပါတယ်.. .. ဒါပေမယ့် ခမည်းတော်သိရဲ့လား.. သားတော်က ခမည်းတော်ရဲ့အကြည့်တွေ၊ အချစ်တွေကို သားတော်တစ်ယောက်တည်းပဲ ရချင်တယ်.. အလင်းဘုန်းကြီးတစ်ပါးအနေနဲ့ ဒီလိုတစ်ကိုယ်ကောင်းဆန်တဲ့ အတွေးတွေကြောင့် သေရမယ်ဆိုရင် သားတော်က ခမည်းတော်ရှေ့မှာ သေရဲပါတယ်.. ဒါကြောင့် ခမည်းတော် သားတော်ရှေ့မှာရှိနေသရွေ့ သားတော်က ခမည်းတော်ရဲ့ဝတ်ရုံစကို ဆုပ်ကိုင်ပြီး ခမည်းတော်ရဲ့ဘေးကနေ တစ်ဖဝါးမှမခွာဘဲ လိုက်နေမှာပါ.. .. ခမည်းတော်က သူများသီချင်းဆိုပြပေးတာကို သဘောကျသလားဟင်.. သားတော်က ခမည်းတော်ရဲ့ဂုဏ်ပုဒ်တွေကို ရင်ထဲအသည်းထဲကနေ စိတ်နှစ်ပြီး အသံတွေပျောက်သွားတဲ့အထိ တစ်နေကုန် သီချင်းဆိုပြချင်ပါတယ် ခမည်းတော်.."

ကောင်လေးက စိတ်မှတ်မဲ့နဲ့ သူ့နှလုံးသားအောက်ခြေက ဝှက်ထားတဲ့အချစ်တွေအားလုံးကို အိတ်သွန်ဖာမှောက် ဝန်ခံနေမိတယ်။ အားလုံးပြောပြီးတော့မှ သူဘာတွေပြောနေမိတယ်ဆိုတာ သတိရလိုက်ပြီး ဂျိုရှုဝါရဲ့မျက်နှာလေးက ပန်းသီးလေးလို နီရဲသွားတော့တယ်။ ဒါကြောင့် သူ့မျက်နှာလေးကို ရုပ်တုရဲ့ဒူးခေါင်းမှာအပ်ပြီး ဝှက်ထားလိုက်တယ်။

အလင်းနတ်ဘုရားက ရေခဲရုပ်တုလိုအေးခဲသွားပြီး ပျော်ရွှင်လွန်းလို့ အော်ရယ်လိုက်မိတော့တယ်။ သူချစ်တဲ့ ကလေးလေးဆီက ချစ်ကြောင်းဖွင့်ဟဝန်ခံစကားက သူ့ကိုထိန်းမရအောင် ပျော်ရွှင်စေလို့ နဝမကောင်းကင်ဘုံက အလင်းနန်းဆောင်ကြီးတစ်ခုလုံး တုန်လှုပ်လာတော့တယ်။ ဒီလောကမှာ သူ့ကိုထိန်းချုပ်လို့မရအောင် ပျော်ရွှင်စေတာ သူ့ရဲ့ကိုးကွယ်ယုံကြည်သူလေး..၊ သူ့ကလေးလေးတစ်ယောက်ပဲရှိတယ်။ ဒါက သူချစ်တဲ့ကလေးလေးပေါ့..။ ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်သလဲ..။ အကြိမ်တိုင်း သူ့ရုပ်တုရှေ့မှာ ဒူးထောက်ဆုတောင်းတိုင်း ကလေးလေးဘေးကိုသွားပြီး ပွေ့ဖက်လို့ ပန်းနုရောင်နှုတ်ခမ်းလေးကို နမ်းလိုက်ချင်တယ်။ ဒီနှုတ်ခမ်းလေးက ပျားရည်လိုချိုပြီး ပန်းဝတ်ရည်ထက်မွှေးမယ်ဆိုတာ သေချာတယ်။

အလင်းနတ်ဘုရားက ဒီလိုတွေးနေတုန်း ဂျိုရှုဝါက ရုတ်တရက်ထရပ်လိုက်ပြီး အလင်းနတ်ဘုရားရဲ့နှုတ်ခမ်းကို ဖြတ်ခနဲငုံ့နမ်းလိုက်တယ်။ ဒီအထိအတွေ့က မထင်မှတ်သလို လျှပ်ပြက်သလို မြန်ဆန်လွန်းလှပေမယ့် အနမ်းလေးတစ်ပွင့်က အလင်းနတ်ဘုရားရဲ့မျက်လုံးတွေကို ပြာဝေသွားစေတယ်။ အလင်းနတ်ဘုရားက ရှော့ခ်ရသွားပြီး မလှုပ်ရှားနိုင်အောင်ဖြစ်သွားတယ်။ သူ့ကိုယ်ကငြိမ်နေပေမယ့် ခေါင်းထဲမှာတော့ 'ငါသူ့ကိုလိုချင်တယ်' ဆိုတဲ့ စကားတွေနဲ့ ပြည့်နှက်သွားတော့တယ်။

ကျိုးယွင်ရှန့်လည်း နမ်းပြီးတာနဲ့ အံ့အားသင့်သွားတယ်။ သူက ရုပ်တုကိုနမ်းလိုက်တယ် ဆိုပေမယ့် တကယ့်အလင်းနတ်ဘုရားကို နမ်းမိသလို ဘာကြောင့်ခံစားလိုက်ရသလဲဆိုတာ နားမလည်တော့ဘူး။ သူက နောက်ကိုဆုတ်လိုက်ပြီး တွေးလိုက်တယ်။ အခုလိုဖွင့်ဟဝန်ခံလိုက်တော့ သူနဲ့ဘိုးလ်ကြား ကွဲပြားသွားပြီမဟုတ်လား။ ကျိုးယွင်ရှန့်က နောက်ဆုတ်ပြီး ရုပ်တုရှေ့မှာဒူးထောက်လို့ သူ့ရဲ့အပြုအမူအတွက် ခွင့်လွှတ်ပေးဖို့တောင်းပန်လိုက်တယ်။

အလင်းနတ်ဘုရားရဲ့စိတ်တွေလည်း ရှုပ်ထွေးသွားပြီး ကောင်လေးကို ပွေ့ဖက်နမ်းရှုံ့ချင်လာတယ်။ သူ့ရင်ခွင်ထဲ သိုင်းဖက်ထားချင်မိပေမယ့် တကယ်လုပ်မိတာက သူ့လက်ကိုမြှောက်ပြီး သူ့ပါးပြင်သူ ပြန်ပုတ်နေမိတယ်။ သူ့နှလုံးသားကို လှုပ်ရှားအောင်လုပ်ပြီး ကလေးလေးက ဘယ်လိုလုပ်ပြီး ဒူးထောက်တောင်းပန်နေရတာလဲ။ ဒါက သူ့ကိုနှိပ်စက်နေသလိုပဲ မဟုတ်လား။ အလင်းနတ်ဘုရားက သူ့ကိုယ်ရိပ်ကို ဂျိုရှုဝါဘေးမှာ ပေါ်အောင်လုပ်မလို့ကြံနေချိန် ကြေးမုံပြင်ထဲ ဂိုဏ်းချုပ်ကြီး၊ ပုပ်ရဟန်းမင်းချုပ်နဲ့ ဘိုးလ်တို့ပုံရိပ်ကို တွေ့လိုက်လို့ ကိုယ်ရှိန်သတ်လိုက်ရတယ်။ တကယ်လို့ သူတို့ဝင်လာမယ်ဆိုတာသိရင် ဆုတောင်းခန်းမတံခါးကို သူ ပိတ်ထားလိုက်ပါတယ်။ ဂျိုရှုဝါဆုတောင်းနေချိန် သူ့ဘေးမှာ ဘယ်သူ့ကိုမှ မရှိစေချင်ဘူး။

"ဒါ ခမည်းတော်ရဲ့ပုံ အစစ်ပဲလား.."

ပုပ်ရဟန်းမင်းချုပ်က ရုပ်တုကိုမော့ကြည့်ပြီး မေးလိုက်ပေမယ့် မျက်လုံးက စူးအောင့်နာကျင်သွားလို့ ချက်ချင်းခေါင်းငုံ့လိုက်ရတယ်။

ဂိုဏ်းချုပ်ဘုန်းကြီးက ဟုတ်မှန်ကြောင်း တီးတိုးဖြေလိုက်တယ်။ ဒီခန်းမထဲဝင်လာကတည်းက သူကရုပ်တုကို လုံးဝမော့မကြည့်ရဲဘူး။ ဘိုးလ်က ရုတ်တရက် အားလုံးမကြည့်ရဲတဲ့ရုပ်တုကို စိုက်ကြည့်လိုက်ပြီး သေချာအောင်မေးလိုက်တယ်။

ကျိုးယွင်ရှန့်က စိတ်ပျက်တဲ့မျက်လုံးနဲ့ နောက်ကိုလှည့်ကြည့်ပြီး ပြောလိုက်တယ်။

"မင်းက အလင်းနတ်ဘုရားနန်းဆောင်က လာတယ်ဆိုတာ တကယ်ကောဟုတ်ရဲ့လား.. အခု မင်းက အလင်းဘုရားကျောင်းထဲရောက်နေပြီး.. မဆူပါနဲ့.. တကယ်ပဲ နဝမကောင်းကင်ဘုံကလာတာမှ ဟုတ်ရဲ့လား.. မင်း ဒီစည်းကမ်းလေးတောင် မသိဘူးလား.."

ဘိုးလ်က ဘာမှမတုံ့ပြန်နိုင်ဘဲ မျက်လုံးကို ရုတ်တရက်ပိတ်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်တယ်။

"အား.. ကျွန်တော့်မျက်လုံးထဲက မီးလောင်နေသလိုပဲ.. အရမ်းနာတယ်.. ကယ်ကြပါဦး.."

ပုပ်ရဟန်းမင်းချုပ်က ကောင်လေးရဲ့မျက်ခွံပေါ် လက်ဖဝါးနဲ့အုပ်ပြီး နာကျင်မှုပျောက်အောင် အလင်းစွမ်းအင်နဲ့ ကုသပေးလိုက်တယ်။ ဘိုးလ်က အော်သံပျောက်သွားပြီး ပုပ်ရဟန်းချုပ်ရင်ခွင်ထဲ တိုးဝင်ဖက်ထားပြီး ရင်ထဲက ကြောက်လန့်တကြား ခံစားလိုက်ရတယ်။

"ခမည်းတော်က သေမျိုးတွေကို သူ့ရုပ်တုကိုစိုက်ကြည့်တာ ခွင့်မပြုထားဘူး.. တကယ်လို့ စိုက်ကြည့်မိရင် အပြစ်ပေးခံရတယ်.."

ဂိုဏ်းချုပ်ဘုန်းကြီးက အေးအေးဆေးဆေး ရှင်းပြလိုက်တယ်။ ဒါပေမယ့် ဒီအလင်းဘုရားကျောင်းမှာ စကားနားမထောင် ရိုင်းပြတဲ့အစေခံတွေကို အပြစ်ပေးတဲ့အခါ ဆုတောင်းခန်းမက ခမည်းတော်ရဲ့ရုပ်တုကို စိုက်ကြည့်ခိုင်းတယ်ဆိုတာကိုတော့ ဖွင့်မပြောလိုက်ဘူး။

ဘိုးလ်ရဲ့မျက်လုံးတွေက ကြက်ဥကြော်လို နီရဲပြီး ဖူးယောင်လာတာကြည့်တာနဲ့ပဲ သူက ခမည်းတော်ရဲ့စကားကို တစ်ဆင့်ပို့ပေးနိုင်တဲ့ တမန်တော်မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ ဘာအလင်းနတ်ဘုရားရဲ့ အချစ်တော်လဲ။ တကယ့်ဟာသပဲ။ ပုပ်ရဟန်းမင်းချုပ်က ဂိုဏ်ချုပ်ကြီးပြောတာကို ခေါင်းညိတ်ပြီး ထောက်ခံလိုက်တယ်။ ဘိုးလ်က စိုက်ကြည့်တာကြာလို့ ဒဏ်ရာရတယ်လို့ထင်နေတယ်။
သေမျိုးတွေက ခမည်းတော်ရဲ့ရုပ်တုကို စိုက်ကြည့်ခွင့်မရှိဘူးဆိုတဲ့စကားကိုကြားတော့ ဂျိုရှုဝါက ဂိုဏ်းချုပ်ကြီးကို မေးချင်ဟန်လှည့်ကြည့်တော့ ဂိုဏ်းချုပ်ကြီးက ညင်ညင်သာသာပြုံးပြီး ပြောလိုက်တယ်။

"ကောင်လေး.. မင်းက ဒီမှာရှိတဲ့လူတွေထဲက အထူးခြားဆုံးလူသားပါ.."

ကျွန်တော်က ထူးခြားသလား..။ ဂျိုရှုဝါက ဒီစကားကိုကြားတော့ ရုပ်တုကိုစိုက်ကြည့်လိုက်တယ်။ သူက အရမ်းကိုဝမ်းသာနေလို့ နှုတ်ခမ်းထောင့်တွေက ကော့ညွတ်လို့ ပြုံးနေမိတယ်။

ဘိုးလ်က ခမည်းတော်ရဲ့ရုပ်တုကိုစိုက်ကြည့်မိတာနဲ့ ဒဏ်ရာရတာကို မြင်လိုက်တော့ ကျိုးယွင်ရှန့်က ချက်ချင်းမေးခွန်းထုတ်လိုက်တယ်။

"မင်းက ခမည်းတော်ရဲ့ ချစ်သူမဟုတ်ဘူး။ မင်းက ခမည်းတော် ချစ်ရတဲ့ သူ ဆိုရင် ဘယ်လိုလုပ်ပြီး ခမည်းတော်ရဲ့ရုပ်တုကို စိုက်မကြည့်နိုင်ရတာလဲ။ ဒါဆို မင်းက လူလိမ်ပဲ မဟုတ်လား။ "

ပုံမှန်ဆိုရင် ကျိုးယွင်ရှန့်က တဖက်သားကို ခုလိုထိုးနှက်တာ မလုပ်တတ်ပေမယ့် ဒီလူက အခြားလူမဟုတ်ပဲ သူ့ညစ်ညမ်းတဲ့ကိုယ်နဲ့ ခမည်းတော်ကိုလှည့်စားတဲ့ ဘိုးလ်ဖြစ်နေတဲ့အတွက်မုန်းတီးလွန်းလို့ ခုလို အလိမ်ပေါ်သွားတော့ မတိုက်ခိုက်ပဲ မနေနိုင်ဘူး။

ဘိုးလ်က အပြစ်ရှိတဲ့စိတ်တွေနဲ့ ပြန်ချေပဖို့ကြိုးစားလိုက်ပေမယ့် ပုပ်ရဟန်းမင်းချုပ်က သူ့ထက်ဦးအောင် ချေပလိုက်တယ်။

"ဂျိုရှုဝါ... ဘိုးလ်က လူလိမ်ဆိုရင် ဘယ်လိုလုပ်ပြီး မြင့်မြတ်တဲ့ အလင်းကျောက်ပါတဲ့ လက်စွပ်ကို ဘိုးလ်က ပိုင်ဆိုင်ထားနိုင်မှာလဲ။ မင်းမှာ ကိုယ်ချင်းစာတရား ကင်းမဲ့နေပြီ ငါ့သား။ အလင်းနတ်ဘုရား ခမည်းတော်က သူ့အလင်းဘုန်းကြီးတွေရဲ့ရင်ထဲ မနာလိုဝန်တိုစိတ် ကိန်းအောင်းတာကို မကြိုက်ဘူးဆိုတာ မင်းသိတယ်မဟုတ်လား။  ဒီစိတ်ထားကို မဖျောက်နိုင်ဘူးဆိုရင် ရှေ့လျှောက် မင်းရဲ့ကျင့်ကြံလေးက ပိုပိုခက်ခဲလာလိမ့်မယ်"

ကျိုးယွင်ရှန့်က နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။

"ပုပ်ရဟန်းမင်းကြီးက ခမည်းတော် ဘာကို ကြိုက်တယ် မကြိုက်ဘူးဆိုတာ နောက်ဆုံးမှ ပြောစရာမလိုပါဘူး"

ကျိုးယွင်ရှန့်က သူ အသက်ရှင်နေသမျှ ကာလပတ်လုံး ခမည်းတော်က ဒီလူလိမ်ကောင် ဘိုးလ်ကို မချစ်ကြိုက်စေရဘူး။ ခမည်းတော်က အကောင်းဆုံး အသန့်စင်ဆုံးတွေနဲ့ပဲ ထိုက်တန်တဲ့သူဖြစ်တယ်။ တဏှာရာဂကြီးတဲ့ ဘိုးလ်က ခမည်းတော်ရဲ့ကောင်းချီးပေးမှုနဲ့တောင် မထိုက်တန်ဘူး။

ပုပ်ရဟန်းမင်းချုပ်က ဒီတိုက်မကြီးမှာ အလင်းစွမ်းရည် အထက်မြက်ဆုံးဖြစ်ပြီး အလင်းဘုရားကျောင်းတိုင်းအတွက် ဥပဒေကို ထုတ်ပြန်နိုင်တဲ့သူဖြစ်တယ်။ အင်အားအကြီးဆုံးဘုရင်တွေတောင် ပုပ်ရဟန်းမင်းကို တွေ့ရင် ဦးညွတ်ရတယ်။ အခုလို ဘာမဟုတ်တဲ့ အလင်းဘုန်းကြီးငယ်လေးက သူ့ကို ခွန်းတုန့်ပြန်ပြောနေတာကို တခါမှ မကြုံဖူးဘူး။ အခြားနေရာမှာသာဆိုရင် ဒီပုန်ကန်တတ်တဲ့ကောင်လေးကို အလင်းစွမ်းအင်သုံးပြီး ပြချလိုက်ပြီးပြီ။ ဒါပေမယ့်အခု အလင်းဘုရားကျောင်းထဲ အလင်းနတ်ဘုရားရုပ်တုရှေ့မှာဖြစ်လို့ သူ သေလုအောင် ဒေါသထွက်နေပေမယ့် ဘာမှ မလုပ်ရဲဘူး။

သူ့နှလုံးသားထဲ ခါးသီးတဲ့ ဒေါသတွေနဲ့ပြည့်နေပေမယ့် အပေါ်ယံမျက်နှာထားက ပျားရည်လိုချိုပြီး ဆိုဆုံးမရခက်တဲ့ သားသမီးကို ချစ်ခြင်းအပြည့်နဲ့သည်းခံပြီး ပဲ့ပြင်ပေးနေသူ ဖခင်တစ်ယောက်လိုပုံနဲ့ ခေါင်းပဲ ယမ်းလိုက်တယ်။

ဂိုဏ်းချုပ်ဘုန်းကြီးက အခြေနေမဆိုးခင် ဝင်ထိန်းလိုက်သည်။
"ကျွန်တော်တို့အထက်မှာ အလင်းနတ်ဘုရားရှိနေပြီ။ ဆုတောင်းကြပါစို့..."

"ကောင်းပြီလေ။ ဘိုးလ်ရဲ့မျက်လုံးဒဏ်ရာက သက်သာလာပြီ။ သူက အရမ်းကြောက်သွားတာ။ ဂျိုရှုဝါ ပြောတာ မှန်ပါတယ်။ ဘိုးလ်က လူလိမ်ပါ။ ဒါပေမယ့် သူက ခမည်းတော်ဆီက ခွင့်လွှတ်မှုရဖို့ ဆုတောင်းရမယ်"
လေးယောက်သား နူးညံ့တဲ့ ကူရှင်တွေပေါ် ဒူးထောက်ပြီး စတင်ဆုတောင်းကြတယ်။ ဂိုဏ်းချုပ်ဘုန်းကြီးနဲ့ ဂျိုရှုဝါ က စိတ်အားထက်သန်စွာ အာရုံနှစ်ပြီးဆုတောင်းကြပေမယ့် ပုပ်ရဟန်းမင်းကြီးနဲ့ ဘိုးလ်က ကူရှင်တွေပေါ် ဒူးထောက်လိုက်တာနဲ့ အပ်ဖျားတွေပေါ် ဒူးထောက်လိုက်သလို ခံစားလိုက်ရတယ်။ ပထမ သူတို့က စိတ်ထင်တာပါဆိုပြီး သည်းခံဆုတောင်းကြပေမယ့် ဒူးခေါင်းက စူးရှမှုတွေက ပိုပိုတိုးလာပြီး အရေပြားကို ဖောက်လို့ အရိုးထဲထိ အပ်တွေ စိုက်ဝင်လာသလို ခံစားလိုက်ရပြီး နာကျင်မှုကြောင့် တကိုယ်လုံးချွေးစေးတွေပြန်ကုန်တယ်။

သူတို့နှစ်ယောက်က အနေထားပြောင်းလိုက်ပေမယ့် နာကျင်မှုက ပိုပိုတိုးလာတယ်။ ဒါကြောင့် ကူရှင်ကို သေချာစစ်ဆေးကြပေမယ့် ဘာကိုမှ မတွေ့ကြဘူး။ အနားက မူမမှန်တာကို ဂိုဏ်းချုပ်ဘုန်းကြီးက သတိထားလိုက်မိပြီး မျက်လုံးဖွင့်ကြညိ့လိုက်တယ်။. ဂျိုရှုဝါကတော့ ဘာကိုမှ မသိတော့ပဲ ဆုတောင်းမှုထဲ အာရုံနစ်မြှုပ်သွားတယ်။သူ့ဘေးမှာ စစ်ပွဲဖြစ်မယ်ဆိုရင်တောင်မှ သူသိမှာမဟုတ်ဘူး။

"ဒီကူရှင်က ပုံမှန်မဟုတ်ဘူး။ အထဲမှာ အပ်တွေရှိသလိုပဲ"

ဘိုးလ်က စိတ်ပျက်အားငယ်စွာပြောပြီး ဂျိုရှုဝါကို တမင်စိုက်ကြည့်လိုက်တယ်။ ပုပ်ရဟန်းမင်းကြီးက သူ့ပုံရိပ်ကို ဆက်ထိန်းထားချင်ပေမယ့် ကူရှင်ကို ခြေထောက်နဲ့ကန်ထုတ်လိုက်တယ်။ ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ဒီဟာက ဂျိုရှုဝါကြောင့်မဟုတ်ဘူးဆိုတာ သက်သေပြဖို့ အစေခံတွေကို ခေါ်ပြီး ကူရှင်ကို နေရာမလပ် အကြိမ်ကြိမ်စစ်ဆေးစေတယ်။ ကူရှင်ထဲမှာ ဘာအပ်မှ မရှိဘူး။ ။

ကြည့်ရတာ အလင်းနတ်ဘုရားက ဂျိုရှုဝါကို ဆန့်ကျင်ဘက်လုပ်တဲ့ နှစ်ယောက်ကို အပြစ်ပေးတာဖြစ်ရမယ်လို့သူခန့်မှန်းလိုက်တယ်။
ပုပ်ရဟန်းမင်းက သက်သေမရှိပဲ ဂျိုရှုဝါကို ဘာမှ စွပ်စွဲလို့မရဘူး။ ဒါ့အ့ပြင် အလင်းနတ်ဘုရားရဲ့ရှေ့မှာ အပြစ်မလုပ်ရဲလို့ ဘိုးလ်ကို ဆွဲခေါ်ပြီး အလင်းဘုရားကျောင်းထဲကနေ ထွက်ခွာသွားကြတယ်။

ဂျိုရှုဝါက တနေကုန် ဆုတောင်းပြီး လထွက်လို့ သစ်ပင်ထိပ်ဖျားကို ရောက်ချိန်မှ ပြန်သတိရလာတယ်။ သူက သတိရရချင်း အေစက်စက်အမူယာဖြစ်လာပြီး ဒေါသကြောင့် မျက်နှာနီရဲလာတယ်။
fanboy ကောင်လေး အချစ်ရှုးရှန့်ရဲ့ဆုတောင်းမှုက ထိရောက်တယ်ဆိုတာ သူသိပါတယ်။ ဒီကောင်ကြောင့် အလင်းစွမ်းအင်တွှေအများကြီး ချီးမြှင့်ခံရတာဖြစ်လို့ ကျေနပ်ပေမယ့် ဒီနေ့လိုမျိုး အချစ်ရူးကောင်မလေးတွေ ကိုယ်ကြိုက်တဲ့ ကောင်ကြောင့် တယောက်ကို တယောက် တိုက်ခိုက်ပြောဆိုရန်ဖြစ်မယ်လို့ သူ လုံးဝထင်မထားမိဘူး။

အဓိကဇာတ်ကောင်က ဒီတိုင်းပြည်ထဲကိုရောက်တော့ fanboy လေးက စတင်တိုက်ခိုက်လိုက်တာဖြစ်တယ်။ အဓိကဇာတ်ကောင် ဘိုးလ်ရဲ့ စိတ်ပိုင်းဆိုင်ရာ မပြည့်စုံမှုက ဂျိုရှုဝါထက် မလျော့ပါ။ မဖြစ်နိုင်တဲ့ အိပ်မက်ကို မက်နေသလိုပဲ ဂျိုရှုဝါက အလင်းနတ်ဘုရား ဘိုးလ်ကို ချစ်မသွားအောင် ကာကွယ်တားဆီးနေတာဖြစ်တယ်။ အရင်ဇာတ်ကြောင်းအရဆိုရင် ဂျိုရှုဝါက ဘိုးလ်ကို တိုက်ခိုက်တော့ အလင်းနတ်ဘုရားက ဘိုးလ်ထိခိုက်မှာစိုးလို့ လက်စွပ်ထဲက ကျောက်တုံးထဲ သူ့စွမ်းအင် တဝက်ကို ထည့်သွင်းပေးလိုက်တယ်။ ဒါကြောင့် ဘယ်လိုအရာပဲကြုံကြုံ ဘိုးလ်က လက်စွပ်ထဲက အလင်းစွမ်းအင်တွေနဲ့ အရာရာကို အောင်မြင်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး ဒီတိုက်မတခုလုံးရဲ့ကိုးကွယ်မှုကိုရလိုက်တာဖြစ်တယ်။

ပြီးတော့ အလင်းနတ်ဘုရားက ဒီတိုက်မကြီးထဲ ဘိုးလ်ရောက်ကတည်းက ကြေးမုံကနေ အမြဲမပြတ်စောင့်ကြည့်ေ်နတာဖြစ်တယ်။ ဒါကြောင့် သူက ဘိုးလ်ရဲ့ ကြင်နာမှု၊ ရဲရင့်မှု၊ ချစ်စရာကောင်းမှုကို ကြွေသွားတာဖြစ်တယ်။ အခုကော ဂျိုရှုဝါက အဓိက ဇာတ်ကောင်ကို ယှဉ်နိုင်ပါ့မလား။ ဂျိုရှုဝါရဲ့ဆုတောင်းမှုက အဓိက ဇာတ်ကောင်ရဲ့ အင်အားအရှိန်ဝါကို ယှဉ်နိုင်ပါ့မလား။
မင်းက အလင်းဘုရားရုပ်တုကိုပဲ စိုက်ကြည့်နေရုံနဲ့ လုံလောက်ပါ့မလား။ အလင်းနတ်ဘုရားက ဘိုးလ်ကို ကြည့်ခွင့်မပေးတာက သူက ချစ်သူအသစ်ထားလို့ အပြစ်ပေးတာ မဖြစ်နိုင်ဘူးလား။ ဒီဟာက ချစ်သူနှစ်ယောက်ကြားအကဲစမ်းနေတာဖြစ်နိုင်တယ်။ ဒီဟာ ငါ့တာဝန်ထားလိုက်စမ်းပါလို့ ကျိုးယွင်ရှန့်က မှန်ထဲမှာ မြင်နေရတဲ့ ဂျိုရှုဝါကို စိတ်ထဲကနေ လှမ်းပြောနေမိတယ်။

စိတ်ညှု့ထားတဲ့နောက်ဆက်တွဲဖြစ်ရပ်က အရမ်းပြင်းထန်လို့ ဂျိုရှုဝါရဲ့လုပ်ရပ်တွေက သူခန့်မှန်းထားတာထက် ကျော်လွန်နေခဲ့တယ်။ ဒီအတိုင်းသာလွှတ်ထားလိုက်ရင် ဂျိုရှုဝါက ဘိုးလ်ကို ဒီထက်ထိခိုက်အောင်လုပ်မိပြီး အရင်ဇာတ်ကြောင်းအတိုင်း ဂျိုရှုဝါက အလင်းနတ်ဘုရားရဲ့ ဒေါသကြောင့် လမ်းဟောင်းအတိုင်း အမှောင်ချောက်ထဲ အပြစ်ပေးခံရနဲ့ အဆုံးသတ်သွားနိုင်တယ်။

အဓိကဇာတ်ကောင် ဘိုးလ်ရောက်လာကတည်းက ဂျိုရှုဝါရဲ့ကံတရားက ပြောင်းလဲသွားတာဖြစ်တယ်။ ဂျိုရှုဝါဖြစ်ချင်တာက အဓိက ဇာတ်ကောင်နဲ့ဝေးဝေးနေပြီး ဒီကုန်းမကြီးပေါ်မှာ လှည့်လည်ဟောပြောပြီး စွမ်းအားကြီး အလင်းဘုန်းကြီးတပါးဖြစ်ချင်တာပဲ။ ဒါကြောင့် အချစ်ရူး ဂျိုရှုဝါကိုသာလွှတ်ထားရင် အရင်လိုပဲ ဆက်ဖြစ်နိုင်တယ်။ ဒါကြောင့် မနက်ဖြန် မနက်ကျရင် စိတ်ညှို့တာပယ်ဖျက်လိုက်ပြီး ဂျိုရှုဝါကို ထပ်ပေါ်မလာအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကျိုးယွင်ရှန့်က ကနေ့ ခန်းမထဲမှာ ဂျိုရှုဝါက အလင်းနတ်ဘုရား ရုပ်တုရဲ့နူတ်ခမ်းကို နမ်းလိုက်တာကို ပြန်သတိရလိုက်ပြီး မျက်နှာကို လက်ဝါးနဲ့အုပ်ပြီး အော်ညည်းလိုက်တော့တယ်။ ဘယ်လိုတောင်ရှက်စရာကောင်းတာကို လုပ်ခဲ့မိတာပါလိမ့်။ ရှက်စရာကောင်းလိုက်တာ။ အခြားလူမပြောနဲ့ ဒီလုပ်ရပ်ကို သူ့ဖာသာတောင် ပြန်မကြည့်နိုင်ဘူး။ ကျိုးယွင်ရှန့်က ဂျိုရှုဝါကို ပြန်မခေါ်ဖို့ သေချာဆုံးဖြတ်ပြီးတနေ့တာ လုပ်ခဲ့တာကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီးနောက် ရေချိုးဖို့ ဝတ်ရုံကို ချွတ်လိုက်ချိန် အစေခံတစ်ယောက် သတင်းလာပို့တယ်။

"အရှင့်ကို ဂိုဏ်းချုပ်ကြီးက ဆုတောင်းခန်းမထဲမှာ စောင့်နေပါတယ်။ "
ကျိုးယွင်ရှန့်က သူသိတယ်ဆိုတာပြန်ဖြေပြီး သင့်တော်တာကို ဝတ်စားပြီး ထွက်လာခဲ့တယ်။ ခန်းမထဲမှာ ပုပ်ရဟန်းမင်း၊ ဂိုဏ်းချုပ်ကြီးနဲ့ ဘိုးလ်တို့စောင့်နေကြတယ်။

"ကောင်းသောညနေခင်းပါ..."
ကျိုးယွင်ရှန့်က အားလုံးကို ယဉ်ကျေးစွာနူတ်ဆက်လိုက်တယ်။ နေ့ခင်းမဟုတ်လို့ ပုန်ကန်တတ်တဲ့ အချစ်ရှုး ဂျိုရှုဝါ မဟုတ်တော့ဘူး။ ဂိုဏ်းချုပ်ကြီးက ကျိုးယွင်ရှန့်ရှေ့ကို ကျောက်တုံးတွေချပြီးပြောလိုက်တယ်။

"ငါ့သား...ဒီကျောက်တုံးတွေကို ဆုပ်ကိုင်ပြီး မင်းရဲ့ အလင်းစွမ်းအင်ကို ထည့်သွင်းလိုက်ပါ..."

သူတို့ဘာလုပ်မယ်ဆိုတာ ကျိုးယွင်ရှန့်ရိပ်မိသွားပြီး ဘာမှ မမေးပဲ ကျောက်တုံးနှစ်တုံး လင်းရုံလောက်ပဲ အလင်းစွမ်းအင်ကို ထည့်ပြီး ရပ်လိုက်တယ်။ သူ့စွမ်းအားအမှန်ကို ရန်သူတွေသိအောင် သူ ဘယ်တော့မှ ပြမှာမဟုတ်ဘူး။ ဒါကြောင့် အစွမ်းကို လျှော့လိုက်တာဖြစ်တယ်။ ဂိုဏ်းချုပ်ကြီးက မျှော်လင့်နေပေမယ့် ကျောက်တုံးနှစ်တုံးပဲ လင်းတာကို တွေ့တော့စိတ်ပျက်သွားတယ်။ ဒီအစွမ်းက တော်တယ်ဆိုပေမယ့် တွေ့ရခဲတဲ့ ပါရမီရှင် အစွမ်းတော့ မဟုတ်ဘူး။

ဒါပေမယ့် ပုပ်ရဟန်းမင်းနဲ့ ဘိုးလ်ကတော့ ဒီလိုဖြစ်မယ်လို့ ကြိုတွေးထားပုံရပြီး မအံ့သြကြဘူး။ ကျောက်တုံးလေးခု လင်းအောင်လုပ်ဖို့ဆိုတာ အလင်းစွမ်းအင်က သူတော်စင်အဆင့်ဖြစ်နေဖို့လိုတယ်။ ဒီလိုအဆင့်က ပုပ်ရဟန်းမင်းကြီးပဲရှိတယ်။

"ဘိုးလ် မင်း ကျောက်တုံးကို ဆုပ်ကိုင်ပြီး စမ်းသပ်လိုက်ပါ."
ဘိုးလ်က ကျောက်တုံးကို ဆုပ်ကိုင်လိုက်တယ်။ ကျောက်တုံး သုံးတုံးအထိ လင်းသွားပြီး နောက်ဆုံးကျောက်တုံးက အလင်း မှိန်မှိန်ပဲလင်းတယ်။ ဒါက သူ့စွမ်းအားမတည်ငြိမ်ဘူးဆိုတာ ပြနေတာပဲ။ ဒါပေမယ့် ဒီစွမ်းအားက ထိတ်လန့်စရာကောင်းအောင် အစွမ်းထက်နေပြီဆိုတဲ့ သဘောပဲ။ မကြာခင် သူတော်စင် အဆင့်ကို တက်လှမ်းဖို့ မဝေးတော့ဘူး။

ပုပ်ရဟန်းမင်းက ဂိုဏ်းချုပ်ကြိးကို ပြောလိုက်တယ်။

"မင်း မြင်ပြီ မဟုတ်လား။ ဘိုးလ်က ဂျိုရှုဝါထက်ကို အစွမ်းထက်တယ်။ ဆာဂါပြည်ရဲ့ ဂုဏ်မြှင့်ဖို့အတွက် အလင်းဘုရားကျောင်းရဲ့အုပ်ချုပ်သူက စွမ်းအားအကြီးဆုံးသူပဲဖြစ်ရမယ်။ မင်း အရင်က ဂျိုရှုဝါကို အုပ်ချုပ်သူအလောင်းလျာအဖြစ် တင်သွင်းထားတဲ့ စာလွှာကို ပယ်ဖျက်ပြီး ဆက်ခံသူအဖြစ် ဘိုးလ် နာမည်ကို ထပ်ရေးတင်လိုက်ပါ။ "

ဒီအလင်းဘုရားကျောင်းရဲ့ အရေးပါတဲ့ ရာထူးတိုင်းကို စွမ်းအားအကြီးဆုံးသူကို ခန့်ဖို့ပြောလိုက်ပြီး လစ်လပ်နေတဲ့ လက်ထောက်ဘုန်းတော်ကြီးနေရာကို ဘိုးလ်ကို ခန့်ဖို့ အမိန့်ပေးလိုက်တယ်။ ဂိုဏ်းချုပ်ကြီးက ဒီခန့်အပ်မှုအတွက် စာရွက်စာတမ်းပြင်ဆင်ရင်း သူ့အမူယာတွေက မဲမှောင်လို့နေတယ်။

ဘိုးလ်က ဝမ်းသာတဲ့အမူယာကို မဖုံးမဖိနိုင်ဖြစ်နေတယ်။ အလင်းနတ်ဘုရားရဲ့ အချစ်တော်ဆိုတာ နာမည်ခံသက်သက်ပဲဖြစ်တယ်။ အလင်းဘုရားကျောင်းရဲ့ ဂုဏ်းချုပ်ဖြစ်မှာ လုပ်ပိုင်ခွင့် ပိုင်ပိုင်ရမှာဖြစ်တယ်။

ကျိုးယွင်ရှန့်က ဒီ ဂိုဏ်းချုပ်နေရာကို ဘိုးလ်ကိုပဲ ပေးမယ်ဆိုတာ သိပြီးဖြစ်တယ်။ သူက အလင်းစမ်းသပ်ဖန်လုံးထဲ စွမ်းအားကို တမင်လျှော့ထားတာဖြစ်တယ်။ သူ့စွမ်းအားအမှန်က ပုပ်ရဟန်းမင်းနဲ့ ဘိုးလ်ထက် များစွာသာလွန်တယ်။ ဒါပေမယ့် ဒီဂါယာမြို့တော်မှာ ပုပ်ရဟန်းမင်းကြိးရဲ့လူတွေနဲ့ ဘိုးလ်ကို ကိုးကွယ်သူတွေ အများကြီးရှိနေတယ်။ သူ့အစွမ်းတကယ်ပြသပေမယ့်လည်း ဒီလူအုပ်က ဘိုးလ်ကိုပဲ ထောက်ခံပြီး သူက အားလုံးရဲ့ပြစ်မှတ်ပဲဖြစ်နေမယ်။ ဒါကြောင့် ကျိုးယွင်ရှန့်က သူ့အစွမ်းကို ဖုံးကွယ်ထားတာဖြစ်တယ်။

အခုသူက အချစ်ရူး ဂျိုရှုဝါ မဟုတ်လို့ ဘိုးလ်ကို တိုက်ခိုက်ဖို့ရည်ရွယ်ချက်မရှိဘူး။ ဒါပေမယ့် ထင်မှတ်မထားစွာနဲ့ ပုပ်ရဟန်းမင်းက ကျိုးယွင်ရှန့်ကို ပြောခဲ့တယ်။

"ဒီဆာဂါပြည်ရဲ့ ဂိုဏ်းချုပ်ရာထူးအတွက် အစွမ်းအထက်ဆုံးလူကိုပဲ ရွေးချယ်ကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ခမည်းတော်နှစ်သက်တဲ့ ပုဂ္ဂိုလ်ကိုရွေးရမယ်။ မင်းတွေ့တဲ့အတိုင်းပဲ ဘိုးလ်က မင်းထက်ပိုအစွမ်းထက်ပြီး မင်းထက် ခမည်းတော်ရဲ့ နှစ်သင်မှုကို ရထားတယ်။ နောင်အနာဂါတ်မှာ ဒီဆာဂါပြည်ရဲ့ဘုရားကျောင်းကို ဘိုးလ်က ဦးဆောင်ပြီး အမှောင်စွမ်းအင်ကို တိုက်ဖျက်သွားမှာဖြစ်တယ်။ ဒါကြောင့် မင်းရင်ထဲက မနာလိုဝန်တိုမှုကို စွန့်ပြစ်ပြီး ဘိုးလ်ရဲ့အမိန့်ကို အေးအေးဆေးဆေးလိုက်နာပါ။"

နေ့တိုင်း စိတ်ညှို့ထားတဲ့အတွက် ကျိုးယွင်ရှန့်ရဲ့ကိုယ်ထဲမှာ ကိုယ်ရည်ကိုယ်သွေးနှစ်မျိုးဖြစ်တည်လို့လာတယ်။ အချစ်ရူးရှန့်နဲ့ စဉ်းစားဆင်ခြင်တတ်တဲ့ ရှန့်ဖြစ်တယ်။ စဉ်းစားတတ်တဲ့ရှန့်က အဓိက အင်အားကြီးတဲ့ စိတ်ဖြစ်ပြီး အချစ်ရူးရှန့်က အင်အားနည်းတယ်လို့ ကျိုးယွင်ရှန့်ယုံကြည်ထားတယ်။ ဒါပေမယ့် အခက်ခဲတွေကြားမှာ အချစ်ရူးရှန့်ရဲ့စိတ်အင်အားကပိုခိုင်မာလာတာကို သူ သတိမထားမိဘူး။

ပုပ်ရဟန်းမင်းက အလင်းနတ်ဘုရားအကြောင်းကိုထည့်ပြောလာချိန်မှာ ကျိုးယွင်ရှန့်ရဲ့ကိုယ်ထဲကနေ စိတ်ညှို့ထားခြင်းမရှိပဲ အချစ်ရူးရှန့်နိုးထလာခဲ့တယ်။
ဂျိုရှုဝါက နှာခေါင်းရှုံ့လှောင်ရယ်ရယ်လိုက်ပြီး ပြောလိုက်တယ်။

"သူက ဘယ်လိုလုပ်ပြီး ခမည်းတော်ရဲ့အချစ်ကို ရရှိနိုင်တာလဲ။ သူက ဘယ်လိုလုပ်ပြီး ခမည်းတော်ကိုယ်စားစကားပြောခွင့်ရသွားတာလဲ။ သူက ညစ်ညမ်းတဲ့ကိုယ်၊ တဏှာကြီးတဲ့ စိတ်ဝိဉာဉ်ရှိပြီး သူ့ပါးစပ်က ထွက်သမျှတိုင်းက အလိမ်ညာတွေချည်းပဲ။ သူ့ကိုကြည့်ပြီး ကျွန်တော် အတော်လေးကို ရွံရှာစိတ်ပျက်မိတယ်။ သူက ဘယ်တော့မှာ ကျွန်တော့်ကို အမိန့်မပေးနိုင်ဘူး။ ဘယ်တော့မှ ကျွန်တော့်ရဲ့ဂိုဏ်းချုပ်တယောက် မဖြစ်နိုင်ဘူး။"

"မင်း ငါ့ကို ဘယ်လိုတောင် ပြောလိုက်တာလဲ"
ဘိုးလ်က ဒေါသကြောင့် တုန်ယင်စွာပြောလိုက်တယ်။

ပုပ်ရဟန်းမင်းက ဂျိုရှုဝါကို ခက်ထန်စွာ တင်းတင်းပြောလိုက်တယ်။

"မင်းက ကလေးပဲရှိသေးလို့ မင်းရဲ့အပြုအမှုနဲ့ပတ်သတ်ပြီး ငါ အပြစ်မပေးပဲ ခွင့်လွှတ်လိုက်ပေမယ့်မင်းရဲ့ ရိုင်းပြတဲ့အပြုမှုအတွက် ငါ သတိပေးလိုက်မယ်။ ပုပ်ရဟန်းမင်းဆိုတဲ့ရာထူးက ဒီကုန်းမကြီးမှာ အလင်းနတ်ဘုရားက ရွေးချယ်ခန့်ထားတဲ့ရာထူးဖြစ်တယ်။ ဒါကြောင့် ငါ့ရဲ့ရွေးချယ်မှုကိုစော်ကားတာက အလင်းနတ်ဘုရားကို စော်ကားတာပဲဖြစ်တယ်။ ငါ မင်းကို ဒီတိုက်မကြီးကနေ နေစရာမရှိအောင် မောင်းထုတ်ပြစ်နိုင်တယ် သိလား"

"မလုပ်ပါနဲ့. ... မြင့်မြတ်တဲ့ပုပ်ရဟန်းမင်းကြီး...သူကငယ်သေးလို့ပါ။ သူ့ကိုယ်စား ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်မျက်နှာကို ထောက်ပြီး သူ့ကိုခွင့်လွှတ်ပေးတော်မူပါ"
ဂိုဏ်းချုပ်ကြီးက ကိုယ်ကို ညွတ်ကိုင်းပြီး တောင်းပန်လိုက်တယ်။

"ကောင်းပြီ။ ခင်ဗျားမှာ အစွမ်းစရှိတယ်ဆိုရင် ကျွန်တော့်ကို နှင်ထုတ်လိုက်လေ။ ကျွန်တော်စောင့်နေမယ်"
ဂျိုရှုဝါက ယုံကြည်ချက်ပြင်းပြစွာနဲ့ပြောပြီး ခန်းမထဲကနေ ထွက်ခွာသွားလိုက်တယ်။

အခန်းထဲကိုပြန်ရောက်တော့ စဉ်းစားတတ်တဲ့ရှန့်က ဂျိုရှုဝါကို မောင်းထုတ်လိုက်ပြီး ဖြစ်သမျှအတွက် ဒေါသထွက်နေတယ်။

"ငါက ဘာကြောင့် အပြစ်ပေးဖို့ ထိုက်တန်ရတာတုန်း။ ငါ ဒီအလုပ်ကို လုပ်ရတာ လွယ်တယ်များမှတ်နေတာလား။ ငါ့စိတ်ကိုနှစ်ပိုင်းခွဲပြစ်လိုက်ရပြီး ငါ့ဝိဉာဉ်တောင် ပျောက်ဆုံးတော့မလိုဖြစ်သွားသေးတယ်။ ဘယ်သောက်ကောင်က ငါ့ကို အပြစ်ပေးဖို့ အခွင့်ရေးရှိရတာလဲ..."

ကျိုးယွင်ရှန့်က ဒေါသတကြီးနဲ့ အိပ်ယာထက်မှာ ခုန်ပေါက်ပြီးခေါင်းအုံးကို လွှင့်ပစ်လိုက်တယ်။ နဝမကောင်းကင်ဘုံက အလင်းနတ်ဘုရားက မျောက်ကလေးလို ဒေါသတကြီး အိပ်ယာထက် ခုန်ပေါက်နေတဲ့ ကောင်လေးကို ကြည့်ပြီး အူယားနေတယ်။ ဒေါသကြောင့် မျက်နှာက နီရဲနေပြီး မျက်လုံးတွေကဝင်းဝင်းတောက်နေတာကိုတွေ့တော့ ချစ်လွန်းလို့ ရင်ခွင်ထဲ ဖက်ထားလိုက်ချင်တယ်။ ဒါပေမယ့် သူလေးက ဒေါသထွက်ကောင်းနေဆဲပဲဖြစ်တယ်။

"ပုပ်ရဟန်းမင်းဆိုတာ ငါ ရွေးချယ်တယ်ဆိုလား။ ကောင်းပြီ။ ဒါဆို မင်းရဲ့တကယ့် သရုပ်မှန်က ဘာဆိုတာ လူတွေအားလုံး သိအောင် ပြရသေးတာပေါ..."

အလင်းနတ်ဘုရားက အေးစက်စွာပြောလိုက်တယ်။
------------------
ပုပ်ရဟန်းမင်းက ဘိုးလ်ကို ဆာဂါပြည်ရဲ့နောက်တက်မယ့် ဂိုဏ်းချုပ်အဖြစ်ကြေငြာခဲ့တယ်။ ဘုရင်မင်းမြတ်က ဒီအမိန့်ကို လှိုက်လှဲစွာ လက်ခံခဲ့တယ်။ သူက ဒုတိယမင်းသားဆီက ဘိုးလ်ရဲ့စွမ်းရည်နဲ့ နောက်ခံကိုကြားထားပြီးဖြစ်လို့ ဆာဂါပြည်မှာ စွမ်းအားကြီး အလင်းဘုန်းကြီးရှိတာ ပိုဂုဏ်ရှီစေသလို အမှောင်နတ်ဆိုးကို တိုက်ဖျက်ရာမှာ ပိုပြီးအားရှီစေတယ်။

ဂိုဏ်းချုပ်ကြီးက ဒီလိုမထင်ဘူး။ သူက နန်းတော်ကို သွားပြီး ဘုရင်နဲ့သီးသန့်တွေ့ပြီးဆွေးနွေးကြည့်တယ်။

"မင်းကြီး...ကျုပ်က အကြောင်းရင်းကို သေချာမပြောနိုင်ပေမယ့် ဂျိုရှုဝါ က တကယ်ပဲ ဂိုဏ်းချုပ်ရာထူးနဲ့သင့်တော်သူပါ...သူ့ကိုပဲ ရွေးချယ်သင့်ပါတယ်။  "

"ဂိုဏ်းချုပ်ကြီးကို ကျုပ်ဘယ်လောက်ယုံတယ်ဆိုတာ သိတယ်မလား။ကျုပ်ကို ရှင်းပြစရာမလိုပါဘူး။ ဒီအမိန့်က ပုပ်ရဟန်းမင်း ထုတ်တာဖြစ်လို့ ကျုပ်တို့ မလိုက်နာလို့မရဘူး။ အခု ဆာဂါပြည်ရဲ့အခြေနေကို မိတ်ဆွေဂိုဏ်းချုပ်ကြီးလည်းသိတာပဲ။ ပိုစွမ်းတဲ့ အလင်းဘုန်းကြီးနဲ့ ချက်ခ်ကျောင်းရဲ့ထောက်ခံမှုလိုအပ်နေတယ်။ ခင်ဗျားပြောသလို လုပ်လိုက်ရင် ဆာဂါပြည်က အမှောင်နတ်ဆိုးစစ်ပွဲမှာ ကျရှုံးသွားရလိမ့်မယ်။"

ဂိုဏ်းချုပ်ကြီးက အမှန်ကို ဖွင့်ပြောချင်ပေမယ့်ဖွင့်ပြောခွင့်မရတဲ့အတွက်စိတ်ပျက်လက်ပျက်နဲ့နန်းတော်က ထွက်ခွာလာခဲ့တယ်။

နောက်ရက်တွေမှာ ဘိုးလ်က နောက်တက်မယ့် ဂိုဏ်းချုပ်ဖြစ်ကြောင်းကြေငြာပြီး ဂုဏ်ပြုပွဲကို နောက်လမှလုပ်ဖို့ စီစဉ်ထားလိုက်တယ်။ ဒီအချိန်မှာသတင်းဆိုး ရောက်လာတယ်။ ဆာဂါပြည်ရဲ့ အိမ်ရှေ့မင်းသားက ခရီးထွက်ချိန်မှာ နတ်ဆိုးသားရဲတွေတိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားပြီး အိမ်ရှေ့မင်းသမီးကပဲ လသားကလေးကို ပွေ့လို့ ငိုယိုရင်းပြန်ရောက်လာခဲ့တယ်။

မင်းကြီးက ဝမ်းနည်းနေပေမယ့် ပုပ်ရဟန်းမင်းက ဒီအကြောင်းရာကို အမြန်ဖြေရှင်းပေးလိုက်တယ်။ သူက ဒုတိယမင်းသားကို အိမ်ရှေ့စံအဖြစ်သတ်မှတ်ပေးပြီး ဘိုးလ်နဲ့တနေ့တည်း ဂုဏ်ပြုပွဲလုပ်ပေးဖို့စီစဉ်ရင်း သူ့အာဏာအတွက် ခိုင်မာအောင် အခြေတည်လိုက်တယ်။

ဆာဂါပြည်ကြီးက ဈာပနကို ကြီးကျယ်စွာ ပြုလုပ်ခဲ့ကြပြီး အပြောင်းလဲကြောင့် တိုင်းသူပြည်သားတွေ မတည်မငြိမ်ဖြစ်နေကြတယ်။ ကျိုးယွင်ရှန့်လည်း ပိုလို့တောင် မတည်မငြိမ်ဖြစ်နေတယ်။ သူက သူ့ကိုယ်သူ စိတ်မညှို့တော့ပေမယ့် မနက်နိုးလို့ အိပ်ခန်းအပြင်ကို ထွက်တာနဲ့ အချစ်ရူးရှန့်က ဆုတောင်းခန်းမကို တန်းပြေးတော့တယ်။ စဉ်းစားတတ်တဲ့ရှန့်က သူ့ကို အချိန်မှီပြန်ဆွဲပြီး တားရတယ်။

"မင်း အဲ့ခန်းမထဲသွားရင် မင်းကို ငါသတ်မယ်"
"မင်းသတ်လည်း ငါက သွားမှာပဲ..."

ဘုရားကျောင်းက အစေခံတွေက အလင်းဘုန်းကြီးလေး ထူးထူးဆန်းဆန်းလုပ်နေလို့ အံ့အားသင့်ပြီး တစေ့တစောင်းကြည့်နေကြတယ်။ အလင်းဘုန်းကြီးလေးက ဆုတောင်းခန်းမရှေ့ တနေကုန် ရပ်နေပြီး တခါတလေ ရှေ့ကို ခြေ၂ လမ်းတိုးလိုက်တယ်။ ပြီးတော့ နောက်ကို ခြေလှမ်းအများကြီးပြန်ဆုတ်ပြီး မီးတောက်ထဲ ပြုတ်ကျမှာကြောက် သလိုခံစားနေရတယ်လို့ သူတို့ ထင်နေကြတယ်။

အလင်းနတ်ဘုရားက သူ့ကလေးလေး ဆုတောင်းသံကို နားထောင်တာ အကျင့်တခုလိုဖြစ်နေပြီ။ နေ့တိုင်းသူက ဝိုင်နဲ့ နတ်အစားစာကို စားသုံးရင် ဆုတောင်းစကားကို နားထောင်လေ့ရှီတယ်။ ဒါပေမယ့် ခု ၄၊ ၅ ရက်ရှိပြီ။ သူ့ကလေးလေးအမူယာက တမျိုးဖြစ်နေပြီး ဆုတောင်းခန်းမရှေ့မှာပဲ ရပ်နေတတ်တယ်။ သူ က စိတ်ပိုင်းဆိုင်ရာ လွန်ဆွဲနေတယ်ဆိုတာ ရိပ်မိလိုက်တယ်။

"သူ ဘာဖြစ်နေတာလဲ။ မနာလိုဖြစ်နေတုန်းပဲလား..."

တကယ်တော့ ကျိုးယွင်ရှန့်နဲ့  ဂျိုရှုဝါ တို့ တယောက်ကို တယောက် ထိန်းချုပ်ဖို့ ကြိုးစားနေကြတာဖြစ်တယ်။ ကျိုးယွင်ရှန့်က စိတ်မညှို့တော့တာတောင် ဂျိုရှုဝါ က ပေါ်ပေါ်လာတယ်။ လစ်တာနဲ့ ဂျိုရှုဝါ က ဆုတောင်းခန်းမထဲ ပြေးဝင်ပြီး အလင်းနတ်ဘုရားကိုနမ်းတာမျိုးရှက်စရာကောင်းတာ လုပ်ချင်နေလို့ ရှန့်က အတင်းတားထားရတယ်။ နောက်ဆုံး ကျိုးယွင်ရှန့်က အလင်းနတ်ဘုရားရဲ့မျက်နှာတော် ချောချောကို မြင်ရတဲ ဝင်ပေါက်အဝလေးမှာပဲ ငြိမ်ငြိမ်လေးထိုင်နေရတယ်။ ဒါမှ  ဂျိုရှုဝါကို စိတ်ငြိမ်အောင် ထိန်းထားနိုင်မှာဖြစ်တယ်။ ဒီတော့  ဂျိုရှုဝါသစ်သားရုပ်တုလေးများစွာကို ထွင်းထုတော့တယ်။ ဒီအရုပ်တွေက အလင်းနတ်ဘုရားနဲ့ သူ့ရဲ့ ပုံတူတွေဖြစ်ပြီး အနေထားအမျိုးမျိုး၊ ဇာတ်လမ်းအမျိုးမျိုးနဲ့သူဖြစ်ချင်တဲ့ အချစ်ဒရမ်မာဇာတ်လမ်းကို ပုံဖော်ထားတယ်။ ဒီအရုပ်တွေ ပြီးတော့မှ ကျိုးယွင်ရှန့်သတိဝင်လာတယ်။ သူက ဂျိုရှုဝါထုထားတဲ့ ရုပ်ထုတွေကိုမြင်တော့ ရှက်ရွံ့စွာလွှင့်ပစ်လိုက်ပြီး ဒီလက်တွေ ထပ်မထုနိုင်အောင် ရင်ခွင်ထဲမှာ တင်းကျပ်စွာ ပိုက်ထားလိုက်တယ်။

အလင်းနတ်ဘုရားက နေ့တိုင်း သူ့ကလေးလေး အမူယာအမျိုးမျိုးဖြစ်နေတာကို စိတ်ဝင်တစားစောင့်ကြည့်နေတယ်။ ကလေးလေးက တခါတလေ ရှက်သွေးဖြာနေပြီး တခါတလေ ဒေါသထွက်နေတယ်။ တခါတလေ ချစ်စရာအမူယာနဲ့ သူ့ကိုလွမ်းဆွတ်နေပြီး တခါတလေ ခံပြင်းဒေါသထွက်နေတယ်။ သူ့ရဲ့ ရှည်ကြာတဲ့သက်တမ်းမှာ ပျင်းရိငြီးငွေ့ခြင်းတွေနေရာမှာ နေ့စဉ် စိတ်လှုပ်ရှားပျော်ရွှင်ရတာတွေ အစားထိုးလာပြီး နေ့တိုင်း ရယ်မောနေမိတော့တယ်။

==========================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now