Arc_15.7_ Qi Yi Ning
လော့ကျန်းက အစ်ကိုကြီးရဲ့လုပ်ရပ်ကို စောင့်ကြည့်နေလို့ သူ့အစ်ကိုက လော့ဝမ်ကို တင်းတင်းကျပ်ကျပ်မဆုံးမဘဲ ဘိုးဘေးခန်းမထဲမှာ နှစ်ရက်လောက် ဒူးထောက်နေဖို့ အပြစ်လောက်ပဲပေးပြီး ပြီးသွားတယ်ဆိုတာ သိလိုင်တယ်။ ဒါလိုပေါ့ပေါ့ဆဆလေးပဲ အပြစ်ပေးလိုက်ရုံနဲ့ ဒုတိယအိမ်တော်ခွဲကို ပြန်ပေးဆပ်ပြီးပြီလို့ သဘောထားလိုက်တယ်။ လော့ကျန်းက သူ့အစ်ကိုကြီးရဲ့ သဘောထားသေးသိမ်ပြီး အနိုင်ကျင့်တတ်တဲ့စရိုက်ကို သိပေမယ့် သူ့ဒုတိယအိမ်တော်အနေနဲ့ စိတ်ပျက်အားငယ်မှုမရှိဘူး။ သူ့မှာ သားငါးယောက်ရှိပြီး သားတစ်ယောက်ချင်းစီကို သေချာသွန်သင်ဆုံးမထားတယ်။ သားကြီးနှစ်ယောက်က ဘုရင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးဖြစ်ပြီး ထူးချွန်ကြတယ်။ ကျန်သားသုံးယောက်က ငယ်ရွယ်သေးပေမယ့် သူတို့အရည်အချင်းတွေနဲ့ အောင်မြင်မှုရမယ်ဆိုတာ ယုံကြည်တယ်။ မိသားစုနောက်ခံက ဘယ်လောက်ကြီးပါစေ၊ ကိုယ်ပိုင်အရည်အချင်းရှိမှ ဘ၀မှာ အောင်မြင်မှုရမယ်ဆိုတဲ့ အတွေးအခေါ်ကို သားသမီးတိုင်းရဲ့ရင်ထဲကို လော့ကျန်းက ရိုက်သွင်းထားပြီးဖြစ်တယ်။ ဒါကြောင့် ပထမအိမ်တော်က သူ့ကို မတရားလုပ်ပေမယ့် လော့ကျန်းက သိမ်ငယ်စိတ်ပျက်ခြင်းမရှိဘူး။ သူ့သားသမီးတွေရဲ့ အရည်အချင်းကြောင့် ဂုဏ်ယူလို့နေတယ်။
နယ်စားကြီးကျင်းကော်က သူ့ညီ အထက်တန်းဝန်ကြီး လော့ကျန်းကို ဒီလိုပုံစံနဲ့ အရှက်ခွဲလိုက်တယ်။ သူက တရားရုံးလွှတ်တော်ဝန်ကြီးရုံးက ညီဖြစ်သူကို အဆက်အသွယ်လုပ်ဖို့ စိတ်မ၀င်စားဘူး။ သူ့ညီက ဌာနခွဲသေးသေးလေးတစ်ခုကိုပဲ ဦးစီးရတဲ့ ၀န်ကြီးဖြစ်ပြီး တိုးတက်ဖို့ အလားအလာမရှိလို့ ခပ်ကင်းကင်းနေတာကောင်းတယ်လို့ ယူဆထားတယ်။ နယ်စားကြီးကျင်းကော်က အမြင်ကျဉ်းပြီး တော်ဝင်မင်းသားကို ထောက်ပံ့ပေးပြီး ဘုရင်ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ တကယ်လို့များ ဒီအစီအစဉ်ကျရှုံးရင် ဘာဖြစ်မယ်ဆိုတာကို သူ ကြိုတင်စဉ်းစားထားတာမရှိဘူး။
လော့ကျန်းက အစ်ကိုကြီးကို အကြိမ်ကြိမ်သတိပေးပေမယ့် လျစ်လျှူရှုခြင်းကိုပဲခံရတယ်။ သူ့အစ်ကိုကြီးက နောက်ဘုရင်တစ်ပါးကို ထောက်ခံပြီး ရာထူးကြီးရဖို့ပဲ တွေးနေခဲ့တယ်။ မယ်တော်ကြီးက အသုံးလိုလို့ သူ့ကို ဒီအရှုပ်ထုပ်ထဲ ဆွဲသွင်းတာကိုသိလို့ လော့ကျန်း မကျေမနပ်ဖြစ်လာတယ်။ ဒါကြောင့် သူ ဘယ်နည်းနဲ့မှ အသုံးချခံဖြစ်ပြီး တော်ဝင်မင်းသား ဘုရင်ဖြစ်ဖို့ ဦးဆောင်လုပ်ရတဲ့ ရာဇ၀တ်ကောင်ဘ၀ကို အဖြစ်မခံနိုင်ဘူး။ ဒီဇာတ်ရှုပ်ကနေ ရုန်းထွက်ပြီး လက်ရှိမင်းကြီးကိုပဲ သစ္စာခံဖို့ လော့ကျန်း ဆုံးဖြတ်လိုက်တော့တယ်။
လက်ရှိမင်းကြီးက ရက်စက်ပေမယ့် သူက အမြော်အမြင်ရှိပြီး ပြည်သူတွေအတွက်ကို စဉ်းစားပေးနိုင်တယ်။ မင်းကြီးက ပါရမီရှိသူကို ချီးမြှင့်မြှောက်စားလေ့ရှိလို့ သူသာအမှားမလုပ်ရင် သူ့မိသားစုကို မင်းကြီးက ဒုက္ခပေးမှာမဟုတ်ဘူး။ လော့ကျန်းက ဒီလိုဆုံးဖြတ်ပြီး မင်းကြီးရဲ့ကျေးဇူးတရားကို အသိအမှတ်ပြုတယ်။ သူ့မှာ စီမံခန့်ခွဲရေးကိုလုပ်ဖို့ ပါရမီရှိပြီးဖြစ်လို့ တိုင်းပြည်အတွက် ပိုကောင်းအောင်လုပ်နိုင်တယ်။
ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ချပြီးနောက် လော့ကျန်းက လွှတ်တော်ရုံးမှာ ပိုပြီး တက်တက်ကြွကြွ အလုပ်လုပ်လာတယ်။ မင်းကြီးကလည်း သူ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး ပိုမိုအားကိုးလာတယ်လို့ ခံစားမိလာတယ်။
ဒီနှစ်ပိုင်းတွေမှာ နယ်စားကြီးကျင်းကော်က နန်းတော်ထဲမှာအာဏာရဖို့ ပိုကြိုးစားလာတယ်။ မယ်တော်ကြီးကလည်း လွှတ်တော်ထဲလွှမ်းမိုးပြီး သူ့အဆင့်အတန်းကို ပိုမြင့်အောင်လုပ်ခဲ့တယ်။ မင်းကြီးက မယ်တော်ကြီးနဲ့ အပေါင်းအပါတွေကို နှိမ်နင်းတော့ သူ့ကို ချန်လှပ်ထားခဲ့တယ်။ ဒီအချက်ကိုတွေးမိတော့ မင်းကြီးက အရင်ကတည်းက သူ့ရဲ့ပါရမီနဲ့ သစ္စာရှိမှုကိုသိထားလို့ အခွင့်အရေးပေးပြီး စောင့်ကြည့်နေတယ်ဆိုတာ နားလည်လာပြီး မင်းကြီးရဲ့အမြော်အမြင်ကို လေးစားလာခဲ့တယ်။ မင်းကြီးက မယ်တော်ကြီးနဲ့သူက တူဝရီးတော်စပ်တာကိုသိပေမယ့် လူတစ်ယောက်ရဲ့ပါရမီနဲ့ သစ္စာရှိတဲ့စိတ်ထားကိုပဲ အလေးထားတာကိုသိရလို့ မင်းကြီးရဲ့ သဘောထားကြီးတဲ့စိတ်ထားကို ပိုမိုကြည်ညိုလာခဲ့တယ်။
ဒီရက်တွေမှာ လွှတ်တော်နဲ့ဝန်ကြီးရုံးတွေမှာ မင်းကြီးက ဘယ်လောက်ကောင်းအောင် စီမံနိုင်တယ်ဆိုတာ ပိုသိမြင်လာပြီး မင်းကြီးရဲ့ဥာဏ်ပညာကြီးမှုကို ရင်ထဲကနေ အသိအမှတ်ပြုလာခဲ့တယ်။ လော့ကျန်းက ရုံးတော်ကနေ အိမ်တော်ကို ပြန်ရောက်တော့ သူ့ဇနီးက ဧည့်ခန်းမှာ ညှိုးညှိုးငယ်ငယ်နဲ့ထိုင်နေပြီး သူအိမ်ပြန်လာတာကို စောင့်နေတာ တွေ့လိုက်ရတယ်။
"တစ်ခုခုဖြစ်လို့လား.."
လော့ကျန်းရဲ့ရင်ထဲမှာ မကောင်းတဲ့နိမိတ်တွေနဲ့ ပြည့်နေပြီး မေးလိုက်တယ်။
"ကျွန်မတို့သမီး ဖျားနာနေတာကြာပြီ.. တော်ဝင်သမားတော်က သူ့ကို သေချာပျောက်အောင် ကုမပေးနိုင်လို့ ကျွန်မက နာမည်ကြီးသမားတော် ကျင်းလောင်ကိုဖိတ်ပြီး ကုသခဲ့တော့.... ကျွန်မတို့သမီးလေး လန်အယ်ဖြစ်နေတာက ရောဂါကြောင့်မဟုတ်ဘူး၊ ဆေးဝါးနဲ့လုပ်ထားတာခံရတာလို့ သမားတော်ကြီးက ခန့်မှန်းလိုက်တယ်.."
သူ့ဇနီးက မျက်ရည်တွေစီးကျလာပြီး ဆို့နင့်စွာပြောလိုက်တယ်။
"ဘာဆေးတဲ့လဲ.."
လော့ကျန်းက စိတ်ရှုပ်စွာနဲ့ မေးလိုက်တယ်။ သူ့ဇနီးက ဘယ်တော့မှ ပေါ့ပေါ့ဆဆ ပြောတတ်တဲ့သူမဟုတ်ဘူး။ ဒီအချက်ကိုပြောဖို့ သူမက သေသေချာချာစုံစမ်းစစ်ဆေးပြီး သေချာတဲ့အချက်ကိုသိရမှ ဖွင့်ပြောတယ်ဆိုတာ လော့ကျန်းသိတယ်။
တကယ်တော့ သခင်မလော့က ဒီကိစ္စကို စုံစမ်းနေတာကြာပြီ။ လွန်ခဲ့တဲ့သုံးရက်က သူက သမားတော်ကျင်းလောင်ကို ဖိတ်ခေါ်ပြီး သေချာစစ်ဆေး စမ်းသပ်စေခဲ့တယ်။ သမားတော်က စစ်ဆေးကြည့်ပြီးနောက် ရောဂါလက္ခဏာကိုရှင်းပြဖို့ တွန့်ဆုတ်နေပုံရတယ်။ သူမက အသေးစိတ်မေးမြန်းမှာကို ကြောက်ရွံ့နေပုံရပြီး ရောဂါအကြောင်း၊ ဆေးဝါးအကြောင်း ခပ်ဝါးဝါးပဲရှင်းပြပြီး အိမ်တော်ကနေ အမြန်ပြန်ထွက်သွားတယ်။ သခင်မလော့က ဥာဏ်ရည်ထက်မြက်တဲ့ အမျိုးသမီးဖြစ်လို့ သမားတော်ကြီးရဲ့အမူအယာနဲ့ စကားလုံးတွေကနေ တစ်စုံတစ်ရာကို ရိပ်မိလိုက်တယ်။ သူမက သမားတော်ကြီးပြောသွားတာကို ထပ်လဲလဲပြန်စဉ်းစားပြီး နောက်ကွယ်ကအဓိပ္ပါယ်ကို ဖော်ဖို့ကြိုးစားတယ်။ ဒီကြားထဲ နောက်ထပ်သမားတော်တွေကို ဖိတ်ကြားပေမယ့် သမားတော်အားလုံးက တိကျတဲ့အဖြေကိုမပေးနိုင်ဘဲ ခပ်ဝါးဝါးပဲဖြေခဲ့ကြတယ်။ ဒီစကားကိုပြောချိန်မှာ သူတို့က တိတိကျကျမပြောရဲကြဘဲ တစ်ယောက်ယောက်ကို ကြောက်လန့်နေပုံရတယ်။
နောက်ဆုံး ဒီကိစ္စက ထင်သလောက်မရိုးရှင်းဘူးဆိုတာသိလို့ သခင်မလော့က သူမမိဘအိမ်တော်ကို အကူညီတောင်းပြီး ယုံကြည်ရတဲ့သမားတော်ကို စေလွှတ်ခိုင်းတော့မှပဲ အကြောင်းရင်းကို သိရတော့တယ်။ သူမရဲ့သမီးက အဆိပ်တစ်မျိုးကို ဖြည်းဖြည်းချင်း ကျွေးထားခံရပြီး ဒီအဆိပ်က သားအိမ်ကိုထိခိုက်ပြီး သားသမီးမရဘဲ မြုံသွားစေတဲ့ အဆိပ်ဖြစ်တယ်။ သားသမီးဆိုတာ မိန်းကလေးတစ်ယောက်အတွက် အရေးအကြီးဆုံးဖြစ်တယ်။ တကယ်လို့ မိန်းကလေးတစ်ယောက်က ယောက္ခမအိမ်တော်၊ ယောက်ျားအိမ်တော်အတွက် သားသမီးမမွေးပေးနိုင်ရင် ဒီမိန်းကလေးက ယောက်ျားအိမ်မှာ နှိပ်စက်ညှင်းပန်းတာကို ခံရမှာသေချာတယ်။ အခု သူ့သမီးကို အဆိပ်ခတ်တဲ့လူက သူ့သမီးဘ၀ကို စုတ်ပြတ်သွားအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုတာသိရတော့ သခင်မလော့က ၀မ်းနည်းမခံချင်ဖြစ်လို့ မျက်ရည်သွင်သွင် စီးကျနေတာပဲဖြစ်တယ်။
သခင်မလော့က သူမသမီးရဲ့အိပ်ခန်းဆောင်ကို ပိတ်ချလိုက်ပြီး ဒီအဆောင်ကိုဝင်ထွက်ပြီး သမီးကိုပြုစုနေရတဲ့ အစေခံအားလုံးကို နှိပ်စက်ညှင်းပန်း ခြိမ်းခြောက်ပြီး အဖြစ်မှန်ကိုသိအောင်လုပ်ခဲ့တယ်။ ဒီအစေခံတွေက သူမတို့အိမ်တော်က အစေခံဟောင်းတွေတင်မကဘူး မယ်တော်ကြီးက သူမသမီးအတွက် နန်းတော်ထဲကနေ ပို့ဆောင်လိုက်တဲ့ လေ့ကျင့်ထားပြီးသား အခြွေအရံ၊ အစေခံတွေလည်း ပါဝင်တယ်။ မယ်တော်ကြီးကျေနပ်စေဖို့ သူတို့သမီးလန်အယ်က ပထမတန်းစားအစေခံကို ချက်ချင်း သူမရဲ့ လက်စွဲအစေခံခန့်အပ်ပြီး အရမ်းကိုယုံကြည်ခဲ့တယ်။ လန်အယ်ကို တစ်ရက်နည်းနည်း မြုံစေတဲ့ဆေးကို ကျွေးခဲ့တာက နန်းတော်ထဲက မယ်တော်ကြီးပို့လိုက်တဲ့ အစေခံပဲဖြစ်တယ်။
"ဘာကြောင့် မယ်တော်ကြီးက ကျွန်မတို့သမီးကို အကြောင်းအရင်းမရှိ ထိခိုက်အောင်လုပ်ချင်ရတာလဲ.."
လော့ကျန်းက ပင်ကိုယ်သိစိတ်နဲ့ သေချာစစ်စီပြီး မေးခွန်းထုတ်လိုက်တယ်။
"မဟုတ်ဘူး.. မြုံသွားအောင် ဆေးခတ်ခိုင်းတာက တော်ဝင်မင်းသားလက်ချက်ပဲ.."
နောက်ဆုံးတော့ တကယ့်အချက်ကိုဆုပ်ကိုင်မိပြီး ပြောလိုက်တယ်။ ဒီစကားကိုကြားတော့ သခင်မလော့ရဲ့မျက်လုံးထဲ နာကြည်းမှုကြောင့် မျက်ရည်တွေ ထပ်စီးကျလာတယ်။
"သူက ဘယ်လိုတောင် လုပ်ရက်တာလဲ.. လန်အယ်ကို ကလေးမမွေးနိုင်အောင် ဘာကြောင့်လုပ်ရတာလဲ.. သူ့သားသမီးကို မလိုချင်လို့လား.."
လော့ကျန်းက ဒီအချက်ကို အဖြေမရှာနိုင်အောင်ဖြစ်နေတယ်။ သူက ဒီလောကမှာ ကိုယ့်မယားကို ကလေးမမွေးနိုင်အောင်လုပ်တဲ့ ယောက်ျားမျိုး ရှိတယ်ဆိုတာကို တစ်ခါမှမတွေ့ဖူးဘူး။ တော်ဝင်မင်းသားက သူ့မျိုးဆက်၊ သူ့ကလေးကို မလိုအပ်လို့လား။ ဒါဆိုရင် ဘာကြောင့် ထီးနန်းကိုရဖို့ ကြိုးစားနေတာလဲ။
သခင်မလော့က သည်းမခံနိုင်အောင်ဖြစ်ပြီး အသံထွက်ငိုကြွေးရင်း ပြောလိုက်တယ်။
"ကျွန်မက အသေးစိတ် ဘာမှမသိပါဘူး.. ဒါပေမယ့် ဆေးခတ်တဲ့အစေခံမ ရှီအယ်ပြောစကားအရ တော်ဝင်မင်းသားရဲ့နှလုံးသားထဲမှာ ချစ်ရတဲ့မိန်းမရှိနေပြီ.. ဒါကြောင့် သူက လန်အယ်ကို တရားဝင်ဇနီးအဖြစ် လက်ထပ်လိုက်ပေမယ့် တခြားမိန်းမထက် မသာစေချင်လို့ သူ့ကလေးကိုမွေးလို့မရအောင် မြုံတဲ့ဆေးကို ကျွေးခိုင်းတာဖြစ်မယ်.. ကျွန်မတို့က လန်အယ်ကို တော်ဝင်မင်းသားနဲ့လက်ထပ်ပေးပြီး ဂုဏ်သရေရှိမင်းသမီးတစ်ပါး ဖြစ်လာမယ်လို့ ယုံကြည်ထားခဲ့ပေမယ့် သူမက ဒီယောက်ျားရဲ့အသုံးချခံ အရာဝတ္ထုတစ်ခုပဲ ဖြစ်လာတယ်.. တကယ်လို့သာ ကျွန်မတို့က သဲလွန်စကိုမတွေ့ခဲ့ရင် ကျွန်မတို့သမီးကို အထီးကျန်ပြီး ခါးသီးတဲ့ဘ၀ဆီကို တွန်းပို့မိတော့မယ်.. သနားစရာကောင်းတဲ့သမီးလေးကို ကျွန်မတို့ ဘယ်လိုကယ်တင်ပေးကြမလဲ.... ယောက်ျား... ချီကျင်းယွိက ဒီလောက်ယုတ်မာရက်စက်တာ လန်အယ်အတွက် တရားမျှတအောင် လုပ်ပေးပါ.."
လော့ကျန်းက ခေါင်းညိတ်လိုက်ပြီး တော်ဝင်မင်းသားမြတ်နိုးတဲ့ မိန်းမအကြောင်း မေးကြည့်တော့ အစေခံမက အသေးစိတ်မသိတာကြောင့် သူမကို ဒီထက်နှိပ်စက်လည်း သေသွားရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့် သူတို့လင်မယားက ရှီအယ်ကို သတ်ပစ်လိုက်ချင်ပေမယ့် ရန်သူကို သတိပေးရာကျမှာစိုးလို့ မသတ်ဘဲထားလိုက်ရတယ်။ လင်မယားနှစ်ယောက် တစ်နေကုန် တိုင်ပင်ဆွေးနွေးပြီး သူတို့သမီးနေကောင်းလာအောင် အရင်ကုဖို့ ဆုံးဖြတ်လိုက်တယ်။ တခြားသူလျှိုကို ထပ်လွှတ်လာရင် တော်ဝင်မင်းသားရဲ့လျှို့ဝှက်ချစ်သူ ဘယ်သူလဲဆိုတာ ဆက်စုံစမ်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။
လော့ကျန်းက အရမ်းတော်ပြီး စေ့စပ်တဲ့သူဖြစ်တယ်။ တော်ဝင်မင်းသားက သူ့သမီးကို တရားဝင်ကြင်ယာတော် တင်မြှောက်ချင်တယ်ဆိုတော့ သူချစ်တဲ့မိန်းမက သူလက်လှမ်းမမှီနိုင်တဲ့နေရာမှာ ရှိနေတဲ့သူဖြစ်ရမယ်။
လက်ရှိမှာ သူ့ချစ်သူကို မပိုင်ဆိုင်နိုင်ပေမယ့် အနာဂတ်မှာတော့ သေချာပေါက်အရယူမှာဖြစ်တယ်။ ဒီလောက် ရူးသွပ်စွဲလန်းပုံအရဆိုရင် ဒီမိန်းမနဲ့ အကြိမ်နည်းနည်းပဲ တွေ့ဖူးတာ မဖြစ်နိုင်ဘူး။ နှစ်ရှည်လများ ရင်းနှီးကျွမ်းဝင်ပြီးမှ ချစ်ခဲ့တာဖြစ်ရမယ်။ ဒီအချက်ကိုအခြေခံပြီး အသေးစိတ်စုံစမ်းလိုက်တော့ တော်ဝင်မင်းသား ကလေးဘ၀က နှစ်ကူးမီးပုံးပွဲမှာ လမ်းပျောက်ပြီး ကျောက်ပိယွမ်နဲ့ဆုံတွေ့ခဲ့တာ၊ ၀မ်ယွမ်အိမ်တော်ကို လိုက်သွားခဲ့တာကို သတိရလိုက်တယ်။ အဲ့ကတည်းက တော်ဝင်မင်းသားက ၀မ်ယွမ်အိမ်တော်ကို မကြာခဏ၀င်ထွက်ပြီး ကျောက်ရွှမ်ဆီက သိုင်းသွားသွားသင်တာကို မှတ်မိခဲ့တယ်။ ကျောက်ရွှမ်က အနောက်မြောက်ဒေသပုန်ကန်မှုကို နှိမ်နင်းဖို့ ထွက်သွားတော့မှ သိုင်းသင်တာရပ်တန့်သွားခဲ့တယ်။
ကျောက်ပိယွမ်က အတိုင်းတိုင်းအပြည်ပြည်မှာ ကျော်ကြားတဲ့ အလှမယ်ဖြစ်ပြီး တချီပြည်တစ်ပြည်လုံးက ယောက်ျားတွေကို ရူးအောင်ညှို့ငင်နိုင်တယ်။ တော်ဝင်မင်းသားလည်း ဒီညှို့ချက်အောက်က ဘယ်လွတ်နိုင်မှာလဲ။ ဒါ့အပြင် ကျောက်ပိယွမ်ရဲ့ မိသားစုနောက်ခံ၊ အဆင့်အတန်းကလည်း ကောင်းမွန်တယ်။ သူသာ တကယ်လိုချင်လို့ ဖွင့်ပြောရင် တရားဝင်ဇနီးဖြစ်ဖြစ် ကိုယ်လုပ်တော်ဖြစ်ဖြစ် လက်ထပ်ယူနိုင်တယ်။
ဒါပေမယ့် ကျောက်ပိယွမ်က ဘုရင့်ကိုယ်လုပ်တော်ဖြစ်သွားပြီးဖြစ်လို့ သူ ဘယ်လောက်ချစ်ပေမယ့် လက်ထပ်ယူလို့မရနိုင်တော့ဘူး။ ရလာတဲ့သတင်းတွေကို တစ်ခုစီဆက်စပ်လိုက်ပြီးနောက် တော်ဝင်မင်းသားရဲ့ချစ်သူက ကျောက်ပိယွမ်ဆိုတာ လော့ကျန်း သေချာသွားတော့တယ်။ သူ့သမီးလော့အယ်ကို မြုံတဲ့ဆေးကျွေးရက်တဲ့ တော်ဝင်မင်းသားကို မအံ့သြတော့ဘူး။ သူတကယ်ချစ်တဲ့မိန်းမကို လက်ထပ်ခွင့်မရှိတော့ သူလက်ထပ်လိုက်ရတဲ့ မိန်းကလေးကို ကလေးမမွေးနိုင်အောင် လုပ်မှာသေချာတယ်။
ဒါကြောင့် တော်ဝင်မင်းသားက သူထီးနန်းရဖို့ နောက်ခံအင်အားလိုလို့ သူ့သမီးကို လက်ထပ်မယ်၊ သူ့ကို နွားလိုရုန်းခိုင်းမယ်၊ သူ့သမီးကို ကလေးမမွေးစေဘူး။ ဘာကြောင့်လဲဆိုတော့ သူ ပုလ္လင်ပေါ်ထိုင်နိုင်တဲ့အခါ သူ့သမီးနေရာမှာ အခြားတစ်ယောက်ကို အစားထိုးမှာဖြစ်လို့ပဲ။ သူ့အစ်ကိုရဲ့မိန်းမကို သူ့မိဖုရားအဖြစ် ထားရှိချင်တယ်။ ဒီအကြောင်းကိုတွေးမိတော့ လော့ကျန်းရဲ့နောက်ကျောတစ်ခုလုံး ချွေးစေးတွေနဲ့ ရွှဲရွှဲစိုလို့နေတယ်။
တော်ဝင်မင်းသားရဲ့ စိတ်ကူးတွေက သူ တွေးထားတားထက်တောင် ပိုနေတဲ့အတွက် လော့ကျန်း မတုန်လှုပ်ပဲ မနေနိုင်တော့ဘူး။ မိန်းမတယောက်အတွက်နဲ့ အရူးလို ပြုမူနေတယ်။ ဒါကြောင့် လော့ကျန်းက တော်ဝင်မင်းသားနဲ့ အဆက်သွယ်ဖြတ်ဖို့ စိတ်ကူးက ပိုမိုခိုင်မာလာခဲ့တယ်။
ကျင်းကော်နယ်စားကြီးက မင်းသားလေးရဲ့ မိခင်ဘက်က တော်စပ်တဲ့အမျိုးတွေဖြစ်ပြီး သူတို့က မင်းသားလေးကို ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ ကာကွယ်ပေးခဲ့သူတွေဖြစ်ကြတယ်။ ဒါပေမယ့် မင်းကြီးရဲ့ကိုယ်လုပ်တော်နဲ့ ဖောက်ပြန်တဲ့ အကြောင်းကို သိလျက်နဲ့တမင်ဖုံးကွယ်ထားတယ်ဆိုကတည်းက သူတို့အိမ်တော်က စကတည်းက မင်းကြီးကို ပုန်ကန်တဲ့အထဲ တကြိတ်တည်းတဥာဏ်တည်းဆိုတာ သိသာနေတယ်။
သူ့အကို ကျင်းကော်နယ်စားကြီးက သူနဲ့သူ့သမီးအပေါ်လုပ်တဲ့ လုပ်ရပ်တွေအရ သူတို့က အသုံးချပြီးရင်စွန့်ပစ်မယ်ဆိုတဲ့ စိတ်ထားက ပေါ်လွင်နေတယ်။ သူ့သမီး လော့လန်ကို တရားဝင်ဇနီးအဖြစ် လက်ထပ်ပြီးရင် တော်ဝင်မင်းသားက သူ့ရည်မှန်းချက်ပြည့်လို့ ဘုရင်နေရာရပြီးရင် သူ့သမီး လော့လန်ကို ဘယ်လိုများလုပ်လိုက်မှာလဲ။ ကျင်းကော်နယ်စားကြီးကို စိတ်ဆိုးအောင် မလုပ်ချင်လို့ ကွာရှင်းတာ ပြစ်ပယ်တာ မလုပ်နိုင်ဘူးဆိုရင် လုပ်မယ့်အရာက တခုတည်းရှိတယ်။ ဒါကတော့ သူ့သမီးကို သေမင်းဆီ ပို့လိုက်တာပဲ။ ဘယ်လောက်ဆိုးဝါးယုတ်မာတဲ့ လုပ်ရပ်တွေပဲ ဖြစ်ဖြစ် တွန့်ဆုတ်ခြင်းမရှိကျူးလွန်နေတာက မိန်းမတစ်ယောက်အတွက်တဲ့လား။ ဒီလိုလူက ဘယ်တော့မှ အရည်ချင်းပြည့်ဝတဲ့ မင်းကောင်းတပါး ဖြစ်မလာနိုင်ဘူး။
တကယ်လို့ တော်ဝင်မင်းသားက ထီးနန်းရခဲ့ရင် အခု ဘက်ရှိဘုရင်ထက် သတ်ဖြတ်မှုတွေ ပိုလာလိမ့်မယ်။ ဒီအကြောင်းကို တွေးလေလေ လော့ကျန်းက တော်ဝင်မင်းသားကို ပိုမိုမုန်းတီးလာလေဖြစ်တယ်။ ဒါကြောင့် ဘာကို ပေးဆပ်ရပါစေ သူ့သမီးနဲ့ လက်ထပ်မယ့်အချက်ကို ရအောင်ပယ်ဖျက်ဖို့ ဆုံးဖြတ်ပြီး သွားခဲတဲ့ အနောက်ဘက် ခြံဝင်းဘက်ထွက်လာပြီး သမီးဖြစ်သူ လော့လန်ဆီကို အလည်လာခဲ့တယ်။ သူ့သမီးက မသပ်မရပ် အဝတ်၊ နီရဲတဲ့ မျက်လုံး၊ အိပ်ရေးပျက်လို့ ညိုနေတဲ့ မျက်ကွင်းနဲ့ တက်ကြွမှုကင်းတဲ့ပုံစံကို တွေ့တော့ အရင်က တက်ကြွဖြတ်လတ်မှုနဲ့တခြားစီဖြစ်လို့ လော့ကျန်းရဲ့ရင်ကို ဓါးနဲ့ထိုးလိုက်သလို ခံစားသွားရတယ်။ သူ့သမီးက တော်ဝင်မင်းသားနဲ့ မယ်တော်ကြီးကို မဆန့်ကျင်ရဲလို့ သူ အဆိပ်မိတာကို လူသိရှင်ကြားမဖော်ထုတ်နိုင်ဘူး။ ဒီအချက်က သူ့ကို စိတ်ဓါတ်ကျမှုကို ဖြစ်နေစေတယ်။
"တော်ဝင်မင်းသားက သူ့ဆွေမျိုးတွေဖြစ်တဲ့ အဖေတို့ကို ဒီလို ရက်စက်တဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့တယ်။ သူက အဖေတို့ကို ထီးနန်းရတဲ့ လှေကားအဖြစ် အသုံးချချင်နေတယ်။ ဒါကြောင့် အဖေ သူ့ကို သေချာပေါက် သင်ခန်းစာပြန်ပေးလိုက်မယ်။ ကိုယ်လိုချင်တာ ရဖို့ တဖက်သားကို ချနင်းတဲ့သူက အမြင့်ရောက်ပြီးရင် ဘယ်လို ခွေးကျကျပြီး အထိနာတယ်ဆိုတာ လက်တွေ့သိရစေမယ်..."
လော့ကျန်းက သူ့သမီးကို စိတ်သက်သာရာရအောင် နှစ်သိမ့်ပေးပြီး သူ့ဇနီးဖြစ်သူကို မယ်တော်ကြီးနဲ့တွေ့ဖို့ နန်းတော်ထဲကို စေလွှတ်လိုက်တယ်။
မကြာခင်မှာ ဝန်ကြီးလော့ကျန်းရဲ့ သမီးလော့လန်က အပြင်းဖျားပြီး သေလုမျောပါး ရောဂါဝေဒနာ ခံစားနေရတယ်ဆိုတဲ့ သတင်း နေပြည်တော်တဝှမ်းလုံးပြန့်နှံ့သွားတော့တယ်။ မယ်တော်ကြီးက တော်ဝင်သမားတော်တွေကို လွှတ်ပြီး ကုခိုင်းပေမယ့် ဘယ်သူမှ မကုသနိုင်ဘူး။ လော့ကျန်းက သူ့အိမ်တော်ကနေ တော်ဝင်သမားတော်တွေ ထွက်သွားတာကို ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်တယ်။ သမားတော်တိုင်းက သူ့သမီးကို သွေးကြောစမ်းကြည့်လိုက်တာနဲ့ အဆိပ်ခတ်ခံရပြီး ဘာဖြစ်တယ်ဆိုတာ သိပေမယ့် တယောက်မှ ဖွင့်ဟမပြောရဲကြဘူး။ သူတို့က အတွေ့ကြုံရှိသူပီပီ ဒီအကြောင်းနောက်ကွယ်ကို သိရှိပြီးဖြစ်လို့ ရေငုံနူတ်ပိတ်နေကြတယ်။ ဒါပေါ့... ဒါက သူတို့ သမီးမှမဟုတ်တာ။ သေသေရှင်ရှင် သူတို့ အပူမှ မပါပဲ။
တော်ဝင်သမားတော်တွေက နန်းတော်ကို ပြန်ရောက်တော့ မထိန်ချန်ထားရဲပဲ မယ်တော်ကြီးကို အကြောင်းစုံလျှောက်တင်ကြတယ်။ မယ်တော်ကြီးက ပထမ ဒီသတင်းကြားတော့ ခေါင်းခဲသွားတယ်။ ဒါပေမယ့် သူ့သားက အခြားလူကို ချစ်နေတာသိရတော့ စေ့စပ်ပြီးနောက် ဒီစေ့စပ်ပွဲကို ဖျက်သိမ်းချင်နေချိန်မှာ ဒီသတင်းကြားတော့ အတော်ဖြစ်သွားတယ်။ လော့ကျန်းက ဘယ်လောက် အသုံးဝင်ပါစေ။ လော့လန်က ဘယ်လောက်တော်ပါစေ ကလေးမမွေးနိုင်တဲ့ အမြုံကို သူ့သားနဲ့ လက်မထပ်ပေးချင်ဘူး။ သူ့ဘက်ကစပြီး လက်ထပ်ပွဲကို ဖျက်ချင်ပေမယ့် ဘယ်လိုပြောရမယ် မသိဖြစ်ချိန်မှာ လော့ကျန်းက ပညာရှိပီပီ နန်းတော်ထဲလာပြီး လက်ထပ်ခွင့်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်။ မယ်တော်ကြီးက ဟန်ဆောင်ပန်ဆောင် ငြင်းဆန်ပြီး လက်ခံလိုက်တယ်။ ပြီးတော့ လော့လန်ကို မွေးရပ်မြေကို ပို့လွှတ်လိုက်ပြီး သေဆုံးချိန်ကို စောင့်ဆိုင်းနေထိုင်စေတော့တယ်။
ဒီသတင်းလည်းကြားရော ကျင်းကော်နယ်စားကတော်ကြီးက နန်းတော်ထဲကို ဝင်ပြီးသူမသမီးက တော်ဝင်မင်းသားနဲ့ သင့်တော်တဲ့ သတို့သမီးဆိုတာကို တင်လျှောက်လို့ မယ်တော်ကြီးက စိတ်အနှောက်ယှက်ဖြစ်ပြီး ယဉ်ကျေးမနေတော့ပဲ နန်းတော်ကနေ နှင်ထုတ်လိုက်တယ်။ ပြီးတော့ သတို့သမီးစာရင်းကို ယူကြည့်ပြီး တော်ဝင်မင်းသားအတွက် သတို့သမီးတယောက်ကို ရှာနေတော့တယ်။
သူမှန်းထားတဲ့အတိုင်းဖြစ်လာပြီးနောက်မှာ ကျိုးယွင်ရှန့်က ချီကျင်းယွိအတွက် ပြည့်စုံတဲ့သတို့သမီးကို ဖော်ပြသင့်ပြီလို့ယူဆလိုက်တယ်။
"ချန်ဖန်းဖိန်းလား၊ ကျန့်ပိန်နယ်က ဗိုလ်ချုပ်ကြီးချန်ထောင်းရဲ့သမီးကြီးလား...."
မယ်တော်ကြီးရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ ကျန့်ပိန်ဗိုလ်ချုပ်ကြီးရဲ့ တပ်က စစ်သည် ရှစ်သိန်းရှိပြီး ကျောက်ရွှမ်ပြီးရင် ဒုတိယ အင်အားအကြီးဆုံးဖြစ်တယ်။ ပြီးတော့ သူက ချီရိနဉ်ကို သဘောမကျတဲ့ ဗို်လ်ချုပ်တစ်ယောက်ဖြစ်ပြီး အရင်က လွှတ်တော်မှာ လက်ရှိမင်းကြီးကို ဖြုတ်ချဖို့ လူလိုက်စုဖူးတယ်။ ဒါပေမယ့် မင်းကြီးက ပြောင်းလဲလာပြီး လွှတ်တော်ကို စနစ်တကျ စီမံပြီး သူ့လူတွေကို ဖြုတ်ချလိုက်လို့ ဘာမှ ဆက်မလုပ်နိုင်ခဲ့တာဖြစ်တယ်။
ပိုအံ့သြစရာကောင်းတာက သူက အရင်မင်းကြီးက နန်းမွေအတွက် ထင်မြင်ချက်တောင်းတော့ မင်းသားအန်းကို ထောက်ခံခဲ့တယ်။ အဓိကက သူက ချီရိနဉ်ကို ထောက်ခံသူ မဟုတ်လို့ မယ်တော်ကြီးအနေနဲ့သူ့ကို သိမ်းသွင်းရတာ ပိုလွယ်မှာသေချာတယ်။ ပြီးတော့ ချန်ထောင်းက ခေါင်းမာသူဖြစ်ပြီး ချီရိနဉ်က ပန်းထိုးထားတဲ့ ခေါင်းအုံးလိုပဲ အဆင်းသာရှိပြီး အချင်းမရှိသူလို့ အရင်မင်းကြီးကို ပေါ်တင်ပြောခဲ့ဖူးတယ်။ ဒါပေမယ့် ချီရိနဉ်ကို နန်းဆက်အဖြစ် ရွေးချယ်ပြီးကတည်းက သဘောမတူတာကို ပြတဲ့အနေနဲ့ အရင်မင်းကြီးဆီမှာ နယ်စပ်မှာ တာဝန်ထမ်းဆောင်ခွင့် တောင်းပြီး ဆယ့်ငါးနှစ်တိတိ နေပြည်တော်ကို ပြန်မလာခဲ့ဘူး။
သူ့ကို ထိန်းချုပ်ဖို့အတွက် ချီရိနဉ်က ဗိုလ်ချုပ်ရဲ့သားသမီးတွေကို မြို့တော်မှာ ခေါ်ဆောင်ထားပြီး လွှမ်းမိုးထားလို့ အခုဆိုရင် အသုံးမကျတဲ့ အမှိုက်ကလေးတွေဖြစ်ကုန်ပြီ။ သူက ပေါ်တင် မင်းကြီးကို ဆန့်ကျင်သူဖြစ်လို့ သူနဲ့ ပူးပေါင်းလို့ မကိုက်ဘူးလို့ မယ်တော်ကြီးက ယူဆခဲ့ပေမယ့် အခုချိန်မှာ ရန်သူရဲ့ ရန်သူက မိတ်ဆွေဖြစ်တယ်ဆိုတာ လက်ခံပြီး ချန်ထောင်းရဲ့ အင်အားနဲ့ သြဇာကြောင့် ပူးပေါင်းဖို့ စိတ်လှုပ်ရှားနေတယ်။
"ချန်သခင်မလေးက ဗိုလ်ချုပ်ချန်ထောင်းရဲ့သမီးဖြစ်ရုံနဲ့ တော်ဝင်မင်းသားရဲ့ ကြင်ယာတော်အဖြစ် ရွေးချယ်ခံထိုက်ရုံတင်မကပါဘူး။ ချန်သခင်မလေးကိုယ်တိုင်က ဂီတ၊ ပန်းချီ၊ လက်ရေးလှ၊ ပန်းထိုး ပညာရပ်လေးခုကို ကျွမ်းကျင်လှပြီးရုပ်ဆင်းကတည်း လှပပြီး မဟာဆန်တယ်။ နူးညံ့သိမ်မွေ့ပြီး တော်ဝင်မင်းသားနဲ့ ထိုက်တန်တဲ့ မိန်းကလေး တစ်ယောက်ပါ။"
သခင်မလော့က သူ့ခင်ပွန်းအတွက် မင်းကြီးက လက်တုန့်ပြန်ပေးဖို့ အစီစဉ်ကို သိပြီးနောက်ပိုင်း ခင်ပွန်းသည်ရဲ့ အမိန့်အရ နန်းတော်ထဲဝင်ပြီး မယ်တော်ကြီးဆီမှာ ချန်ဖန်းဖိန်းရဲ့ကောင်းကြောင်းကို ပြောပြီး တိုက်တွန်းလိုက်တယ်။ ချန်ဖန်းဖိန်းနဲ့ လက်ထပ်ဖြစ်အောင် မင်းကြီးက စီစဉ်လိုက်တာက တော်ဝင်မင်းသားကို လက်တုန့်ပြန်တာထက် ကူညီပေးရာ မရောက်ဘူးလား။ ဘာကြောင့် မင်းကြီးက စိစဉ်တယ်ဆိုတာ သူ မသိပေမယ့် သူ့သမီးကြုံတွေ့ရတဲ့အတွေ့ကြုံအရ ချန်ဖန်းဖိန်းက အဆိပ်ခတ်ခံရရင် ဗိုလ်ချုပ်ချန်ထောင်းက ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး။ သူ လက်တုန့်ပြန်ရင် တော်ဝင်မင်းသားနဲ့ချန်ထောင်းနှစ်ဖွဲ့လုံး ပျက်စီးနိုင်လို့ ဒီလိုစီစဉ်တာလားလို့ တွေးနေမိတယ်။
သခင်မလော့က ဒီလိုတွေးမိပြီး သူ့ခင်ပွန်းကို ပြောပြကြည့်တော့ လော့ကျန်းက ခေါင်းယမ်းလိုက်တယ်။ ချန်ထောင်းက ရက်စက်ကြမ်းကြုတ်ပြီး ရည်မှန်းချက်ကြီးတဲ့သူဖြစ်တယ်။ သူက မြောက်ပိုင်း လူရိုင်းတွေနဲ့ တိုက်တဲ့စစ်ပွဲမှာ ချုံမင်းတောင်တန်းမှာ တပ်စွဲပြီး ခုခံတုန်း စားစရာပြတ်လပ်တော့ တပ်လုံးဝပြန်မဆုတ်ပဲ သူ့ မယားငယ်နဲ့ကလေးတွေကို သတ်ပြီး တပ်သားတွေကို ကျွေးလို့ စစ်ပွဲကို နိုင်အောင် ဆက်တိုက်ခဲ့တယ်။ ဒါကြောင့် သူ့သမီးကြီးက အဆိပ်မိလို့ မြုံသွားရုံနဲ့ တော်ဝင်မင်းသားနဲ့ တိုက်ခိုက်မှာမဟုတ်ဘူး။ သူ့အတွက် အကျိုးရှိသရွှေ့ သူ့သမီးဘာဖြစ်ဖြစ် ဆက်ပူးပေါင်းနေမှာသေချာတယ်။ ဒီဟာက မင်းကြီးရဲ့ အစီစဉ်မဟုတ်လောက်ဘူး။
သခင်မလော့က မင်းကြီးရဲ့ တကယ့်ရည်ရွယ်ချက်ကို နားမလည်ပေမယ့် ချန်ထောင်းရဲ့ရက်စက်မှုကြောင့် ပြောစရာ စကားမဲ့သွားတယ်။ ဒါပေမယ့် သူမက နန်းတော်ကို ဆက်တိုက်ဝင်ပြီး မယ်တော်ကြီးက ချွေးမရွေးနိုင်အောင် ဆက်တိုက်ကူညီပေးတယ်၊ နောက်ဆုံး ချန်ဖန်းဖိန်းကိုပဲ တော်ဝင်မင်းသားရဲ့ကြင်ယာတော်အဖြစ် ရွေးချယ်လိုက်တော့တယ်။ မင်းကြီးက ချန်ဖန်းဖိန်းနဲ့ လက်ထပ်တာကို စိတ်ပြောင်းပြီး ပယ်ဖျက်ပြစ်မှာဆိုးတာကြောင့် ဖန်းဖိန်းနေမကောင်းဖြစ်နေတာတောင် နန်းတော်ထဲကို ခေါ်ပြီးကုသပေးပြီး အညံ့ကင်းအောင် ယတြာတွေလုပ်ပေးတယ်။ ဖန်းဖိန်းနေကောင်းတာနဲ့ တော်ဝင်မင်းသားနဲ့ လက်ထပ်ဖို့ကို ချက်ချင်း စီစဉ်တော့တယ်။ ချန်ဖန်းဖိန်းနဲ့ မယ်တော်ကြီးရဲ့ ဇာတာက ကိုက်ညီပြီး အကျင့်စရိုက်က တူညီလို့ ဒီနှစ်ယောက်က ချက်ချင်း တည့်သွားကြတယ်။
ကျိုးယွင်ရှန့်က မယ်တော်ကြီးရဲ့ ဇာတ်လမ်းကို စောင့်ကြည့်နေတယ်။ သူက ချန်ဖန်းဖိန်းရဲ့ အရိုးအသားတစ်စီဖြစ်အောင် နှိပ်စက်တဲ့အကျင့်တွေ ပေါ်လာတဲ့အထိ သည်းခံစောင့်ဆိုင်းနေတယ်။ ကျိုးယွင်ရှန့်က ချန်ဖန်းဖိန်းကို ရွေးရတဲ့ အကြောင်းရင်းက သခင်မလော့ မှန်းတာနဲ့ ကွာခြားတယ်။
ချန်ဖန်းဖိန်းက ချန်ထောင်းဆီက အမူကျင့်ကို ဆက်ခံရရှိပြီး ရက်စက်ကြမ်းကြုတ်တဲ့ မိန်းကလေးဖြစ်တယ်။ အရင်ဘဝတုန်းက ချန်ဖန်းဖိန်းက ချီရိနဉ်ရဲ့ ဖိနှိပ်ထားမှုကြောင့် လင်ကောင်းမရခဲ့ဘူး။ သူ့ယောကျာ်းက မြို့တော်က လူမည်ကြီး လူပေါ်ကျော့ အရက်သမားဖြစ်ပြီး အမြဲတမ်း အစေခံကောင်မလေးတွေကို အတင်းဖိအားပေးပြီး မတော်တရော်တွေလုပ်လေ့ရှိတယ်။ ဒီအကြောင်းကို ချန်ဖန်းဖိန်းသိသွားတာနဲ့ ကောင်မလေးတွေကို ဖမ်းပြီး သဘောတူလို့ ဖောက်ပြန်တာပဲ ဖြစ်ဖြစ် ၊ အနိုင်ကျင့်ခံရတာပဲ ဖြစ်ဖြစ် သေလုအောင် နှိပ်စက်ပြီး သွေးသံတရဲရဲနဲ့ အသေကောင်ကို လမ်းမပြင်ကို စွန့်ပစ်ထားတတ်တယ်။ ဒါမှမဟုတ် သူ စုံစမ်းသိတဲ့ မိန်းကလေးက အပြင်လူဖြစ်နေရင် အိမ်ကို မီးရှို့ခိုင်းပြီး အမေကော ကလေးတွေပါ မီးလောင်တိုက်သွင်းပစ်တတ်တယ်။
သူ့ယောကျာ်းက ဒီအကြောင်းကို သိတော့ မခံမရပ်နိုင်ဖြစ်ပြီး သူ့အမေနဲ့ ပေါင်းလို့ ချန်ဖန်းဖိန်းကို အဆိပ်ခတ်လိုက်တယ်။ ဒါကြောင့် သူ ကိုယ်ဝန်ပျက်ကျပြီး သွေးသွန်ခဲ့တယ်။ ဒါပေမယ့် ချန်ဖန်းဖိန်းက တရားခံကို သိရော ဓါးဆွဲပြီး ယောကျာ်းနဲ့ သူ့မိခင်နောက်ကို လိုက်ပြီး လမ်းထောင့်မှာ ဓါးနဲ့အပိုင်းပိုင်း ခုတ်ထစ်လိုက်တယ်။ ကျိုးယွင်ရှန့်က system က တာဝန်တွေပေးလို့ မအားတဲ့ကြားက ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ အကြောင်းကို ကြားတော့ ရက်စက်တဲ့ မိန်းကလေးကို ဖမ်းဆီးပြီး အကြမ်းဆုံးထောင်ထဲ ထည့်လို့ နှိပ်စက်ခိုင်းတယ်။ သူထင်ထားတာက ဒီမိန်းကလေးက ရူးသွပ်နေလောက်ပြီလို့။ ဒါပေမယ့် ဖမ်းမိချိန်မှာ သူမက တည်ငြိမ်နေပြီး ထောင်ထဲရောက်တော့ ချန်ဖန်းဖိန်းက သူ့အဖေရဲ့ လျှို့ဝှက်အကြံစည်နဲ့ သူ့လွတ်လမ်းကို လဲလှယ်ခဲ့တယ်။ ဒါကိုကြည့်ခြင်းနဲ့ ချန်ဖန်းဖိန်းက အမြဲ သူ့အတွက် ထွက်ပေါက်ထားထားပုံရတယ်။
ထောင်ကထွက်လာချိန်မှာ ကျိုးယွင်ရှန့်က သံမဏိထက်မာကြောအေးစက်တဲ့ ချန်ဖန်းဖိန်းရဲ့စိတ်ကို လေးစားကြောက်ရွံ့မိတယ်။ တကယ်လို့ သူမသာ ယောကျာ်းလေးအဖြစ် မွေးဖွားခဲ့ရင် သူမဖခင် ချန်ထောင်းထက် အဆပေါင်းများစွာကြောက်စရာကောင်းလိ့်မ်မှာသေချာတယ်။ ဒီလိုရက်စက်တဲ့ မိန်းကလေးကို ချီကျင်းယွိစီကို မပေးအပ်ဘူးဆိုရင် အလကားဖြစ်လိမ့်မှာသေချာတယ်။ ချီကျင်းယွိက သူမကို သာမန်မိန်းကလေးတွေလို ဆက်ဆံခဲ့ရင် သူမက လက်တုန့်ပြန်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။ ဒါဆို ခုဘဝမှာ ထောင်ထဲ ထပ်ရောက်ရင် သူမဆီကနေ ချန်ထောင်းလုပ်ထားသမျှ အစိီစဉ်ကို ထပ်ရနိုင်သေးတယ်။ ဒီလိုလုပ်တာ ခဲတစ်လုံးနဲ့ ဌက်နှစ်ကောင်ကို ပစ်လိုက်တာပဲ။
ချန်ဖန်းဖိန်းက တော်ဝင်မင်းသား ချီကျင်းယွိရဲ့ရုပ်ဆင်းသွင်ပြင်နဲ့ ချစ်ခင်ကြင်နာတဲ့အပြုမူကို သဘောကျတဲ့အတွက် လက်ထပ်ပြီးချိန်မှာ သူမရဲ့ ပင်ကိုယ်ဗီဇစိတ်ကို ဖိနှိပ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ အိမ်ရှင်မကောင်းအဖြစ် နေထိုင်ခဲ့တယ်။ လက်ထပ်ပြီး လအတော်ကြာ ချစ်ခင်တဲ့ အိမ်ထောင်ရှင်အဖြစ် နေထိုင်ပြီးနောက်ပိုင်း အနောက်တောင်ပိုင်း ပြည်နယ်သုံးခုမှ မိုးခေါင်ရေရှားမှုကြောင့် ပြည်သူတွေ ငတ်ပြတ်ပြီး မတည်မငြိမ်ဖြစ်လာကြတယ်။
မြို့တော်မှာ အရာရှိအကုန်က ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး နေရာပိုရဖို့ ကြိုးစားကြလို့ နည်းနည်း လှုပ်ခတ်လာကြတယ်။ ချီကျင်းယွိလည်း အိမ်ထောင်ပြုပြီး ငြိမ်သက်နေရာကနေ သူ့ နာမည်ကောင်းရဖို့ ဒီဖြစ်ရပ်ကို အမြတ်ထုတ်ချင်တယ်။ အရင်ဘဝတုန်းကတော့ လွှတ်တော်မှာ ဒီဖြစ်ရပ်ကို ကိုင်တွယ်ဖို့ ဝန်ကြီးအကုန်နီးပါးက တော်ဝင်မင်းသားကို တာဝန်ပေးဖို့ ထောက်ခံကြပေမယ့် အခုဘဝမှာတော့ ကျိုးယွင်ရှန့်က သူတို့ကို သေချာ ကွပ်ညှပ်ထားလို့ သုံးယောက်လောက်ကပဲ မဝံ့မရဲ တင်သွင်းပြောဆိုကြတယ်။
အရင်ဘဝတုန်းကတော့ ချီကျင်းယွိက လော့ကျန်းရဲ့ အကြံဉာဏ်နဲ့ အကာကွယ်တွေကြောင့် အတော်ဆုံးလူတွေကို စုစည်းနိုင်ပြီး ပြည်နယ်သုံးခုကို ကောင်းမွန်အောင် စီမံနိုင်ခဲ့တယ်။ သူ နေပြည်တော်ကို ပြန်လာတော့ ပြည်နယ်သုံးခုက လူတွေက မျက်ရည်လည်ရွဲလိုက်ပို့ကြပြီး သူ့နာမည်ကို ပြည်သူတွေရင်ထဲ စွဲသွားခဲ့တယ်။ ဒါက နိုင်ငံရေးနယ်ပယ်အတွက် အဓိက အထောက်ပံ့တွေဖြစ်ပြီးပြည်သူတွေက အမြဲ မိန်းမနားကပ်နေတဲ့ လုပ်ကိုင်စွမ်းမရှိတဲ့ လက်ရှိမင်းကြီးနေရာမှာ တော်ဝင်မင်းသားကို ပြောင်းလဲ ထောက်ခံလာကြတယ်။ ဒီမိုးခေါင်တဲ့ ကပ်ဆိုးကြီးက တော်ဝင်မင်းသားကို အထက်တက်အောင် လုပ်တဲ့ လမ်းစဖြစ်ခဲ့တယ်။ ဒါပေမယ့် အခုချိန်က အရင်ဘဝနဲ့ လုံးဝကို ကွဲပြားနေပြီ။ ကျောက်ရွှမ်နဲ့လော့ကျန်းရဲ့ ထောက်ပံ့မှုကို မရပဲ ချီကျင်းယွိက ဒီအခြေနေကို ထိန်းချုပ်နိုင်မှာလား၊
ဒါကြောင့် သူဖြစ်ချင်တဲ့အတိုင်း မင်းကြီးက မိုးခေါင်ရေရှားပြသနာကို ဖြေရှင်းဖို့ တာဝန်ချပေးလိုက်လို့ မယ်တော်ကြီးနန်းဆောင်မှာ အောင်ပွဲခံစားသောက်နေကြပြီး ချီကျင်းယွိက မယ်တော်ကြီးရဲ့ အမိန့်နဲ့ ကျင်းကော်နယ်စားကြီးနဲ့အတူ လော့ကျန်းကို ရှာဖို့ ထွက်လာခဲ့တယ်။
"အရှင်မင်းသားက ကျွန်တော်မျိုးကို အနောက်တောင်ပိုင်း ပြည်နယ်တွေကို လိုက်ပါစေချင်တာလား။ ဒါပေမယ့် မင်းကြီးရဲ့ အမိန့်မရပဲ ကျွန်တော်မျိုး နေပြည်တော်က မထွက်ခွာဝံ့ပါဘူး။"
"မနက်ဖြန် ညီလာခံမှာ မင်းကြီးကို မင်းကိုယ်တိုင် အသနားခံလိုက်ပေါ့။ အနောက်တောင်ပိုင်းအခြေနေက ဖရိုဖရဲဖြစ်နေလို့ အမြန်တည်ငြိမ်အောင် ဖြေရှင်းဖို့လိုတယ်ဆိုတာ လျှောက်တင်လိုက်ရင် မင်းကြီး သဘောတူမှာ သေချာပါတယ်။"
"ဟုတ်ကဲ့။ ဒါဆို ကျွန်တော်မျိုး မနက်ဖြန် လျှောက်လွှာရေးသားပြီး မင်းကြီးဆီ တင်ပြလိုက်ပါ့မယ်"
လော့ကျန်းက အရမ်းကို ရိုသေစွာလျှောက်တင်နေပေမယ့် ရင်ထဲကနေ အဆက်မပြတ် ရှုံ့ချနေတယ်။
ချီကျင်းယွီက လိုဘပြည့်သွားလို့ ကျေနပ်နှစ်သိမ့်နေတယ်။ သူက လော့ကျန်းကို လော့လန်ရဲ့ ရောဂါအခြေနေကို မေးမြန်းပြီး ဒီဘဝမှာ သူ လော့လန်ကို လက်ထပ်ခွင့်မရတာ တသက်တာ နောင်တရစရာဖြစ်ရပ်ဆိုတာ ထပ်တလဲလဲပြောဆိုနေတယ်။ ဒီစကားကို ကြားလိုက်ရချိန်မှာ လော့ကျန်းရဲ့ ရင်ထဲက အမုန်းတရားတွေက ဆထက်ပိုးတိုးလာပြီး သူ့လက်နဲ့ လည်ပင်းညစ်သတ်ချင်စိတ်ပေါ်လာတယ်။ ဒါပေမယ့် သူ အမုန်းတရားကို သိုဝှက်ပြီး လောကဝတ်စကားတွေ ပြန်ပြောလို့ သူတို့ပြန်ချိန်ထိ ဧည့်ခံနေရတယ်။ သူတို့ပြန်သွားတော့မှာ ခါးသီးစွာကျိန်ဆဲလိုက်တယ်။
ချီကျင်းယွိက လော့ကျန်းဆီက ထွက်လာပြီးနောက် ကျောက်ကျီတုံးဆီကို လာခဲ့တယ်။ သူတို့က ငယ်စဉ်ကတည်းက ခင်မင်တဲ့ သူငယ်ချင်းတွေဖြစ်ပြီး ကျောက်ပိယွမ်ဆီ ရည်းစားစာတွေရောက်အောင် ကျီတုံးကပဲ ကူညီပေးခဲ့တယ်။ ဒါကြောင့် သူတို့ ဖောက်ပြန်တာကိုလည်း ကောင်းကောင်းသိနေတယ်။ ခုအချိန်မှာ ကျောက်ကျီတုံးက ချီကျင်းယွိနဲ့ ခပ်ဝေးဝေးနေချင်ပေမယ့် ချီကျင်းယွိက သူ့အကူညီလိုလို့ တင်းတင်းဖက်တွယ်ထားတယ်။ သူက သူ့အမရဲ့ လျှို့ဝှက်ချက် အတော်များများကို သိထားလို့ တကယ်လို့ ဒီအကြောင်း မင်းကြီးသိသွားရင် သူဆက်ခံရမယ့် အမတ်ရာထူး၊ သူရထားတဲ့ ဘွဲ့တွေဆုံးရှုံးပြီးရာဇဝတ်ဒဏ်သင့်နိုင်တယ်။
ဒါပေမယ့် သူ လုပ်ထားတာ နောက်ပြန်လှည့်လို့မရတော့ဘူး။ တကယ်လို့ သူ့အမကိုသာ မကူညီခဲ့ရင် ခုအခြေနေရောက်အောင်သူ့အမက ပြန်ကြည့်ပါ့မလား။ ကျောက်ကျီတုံးက ချီကျင်းယွိပြောတာကို နားထောင်ပြီးနောက် တုန့်ဆိုင်းစွာနဲ့ သဘောတူလိုက်တယ်။ တောင်ပိုင်း အရေးခင်းက အမြင့်ကိုရောက်ဖို့ အခွင့်ရေးဆိုတာ သူ ကောင်းကောင်းသိတယ်။ လော့ကျန်းလူကြီးမင်းရဲ့ အရည်ချင်းနဲ့ဆိုရင် သေချာပေါက် အောင်မြင်အောင် ဖြေရှင်းနိုင်မှာဖြစ်ပြီး သူတို့က ဒီအောင်မြင်မှုအသီးပွင့်ကို ခံစားရမှာဖြစ်တယ်။ သူ ဘာမှ သိပ်လုပ်စရာမလိုပဲ အကျိုးကျေးဇူးရမှာ ဘာကြောင့်ငြင်းဆန်ရမှာလဲလို့ ကျောက်ကျီတုံးတွေးလိုက်တယ်။
ချီကျင်းယွိက ကျောက်ကျီတုံးကို ဆွဲဆောင်ပြီးနောက် ကျောက်ရွှမ်ဆီကိုရောက်လာတယ်။
"ငါ မကူညီပေးနိုင်တာ တောင်းပန်ပါတယ်။ မင်းကြီးက ငါ့ရဲ့စစ်တပ်လှုပ်ရှားမှုကို တင်းကျပ်ပြီး စောင့်ကြည့်နေတယ်။ ငါ လှုပ်ရှားလိုက်တာနဲ့ သူ့အကြိုက်ဖြစ်သွားပြီး င့ါလက်ထဲက လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းလိမ့်မယ်။ အကောင်းဆံုးက မင်းကြီး စိတ်ချတဲ့အထိ ငြိမ်စောင့်နေပြီး သူကိုယ်တိုင် အနောက်ဘက် ဒေသကို စေလွှတ်တဲ့အထိ စောင့်တာ အကောင်းဆုံးပဲ။ ဒါကြောင့် မင်း အခြား အကူညီကိုသာ ရှာလိုက်ပါ။"
ကျောက်ရွှမ်က လက်ဖက်ရည်ခွက်ကို အေးဆေးသောက်ရင်း ပြောလိုက်တယ်။ သူက အနောက်မြောက်ဒေသကိုပဲ သွားချင်တယ်။ သွားရင် သူနဲ့ အတူ ဟိုလူကို ခေါ်သွားချင်တယ်။ လျှို့ဝှက်အထောက်တော်တွေဆီက ကြားတဲ့သတင်းအရ ချီကျင်းယွိလုပ်နေတာကို ကြားသိရပြီး ခုထိ ဒီကောင်ကို သူ့လက်နဲ့ မဆုံးမရသေးလို့ မကျေမချမ်းဖြစ်နေတာ ဘယ်လိုလုပ်ပြီး ကူညီပေးနိုင်မှာတဲ့လဲ။
ရက်နည်းနည်းကြာတော့ ပညာတတ်အသိုင်းဝိုင်းကြားမှာ သတင်းတခု ပျံ့လာတယ်။ မင်းကြီးက ရေးစပ်တဲ့ ကဗျာကို မကြိုက်လို့ ကဗျာဆရာရဲ့လက်ဆယ်ချောင်းကို ရိုက်ချိုးလိုက်တယ်တဲ့။ ဒီ တချီပြည်ကြီးက နိုင်ငံရေးကိုသာ ဝင်စွတ်ဖက်ခွင့်မပြုပေမယ့် အခြားအရာကို လွတ်လပ်စွာ ဝေဖန်ခွင့်ပြုပြီး ပညာတတ်တွေကို နေရာပေးကြတယ်။ ဒီသတင်းထွက်လာတော့ ပညာတတ်တွေက မကျေမနပ်ပြောဆိုကြပြီး မင်းကြီးရဲ့ အမျှော်မြင်မရှိ ရက်စက်မှုကို စာလွှာရေးပြီး ကန့်ကွက်တင်သွင်းကြတယ်။ ဒီအဖြစ်ကို ဖိနှိပ်ထားပေမယ့် လူတွေကြား မင်းကြီးရဲ့နာမည်က မကောင်းသတင်းပျံ့လာတယ်။
ဒီလိုလုပ်တာက မင်းကြီးကို ဖိအားအရမ်းပေးလိုက်ရာကျပြီး ကျောက်ရွှမ်ရဲ့သည်းခံနိုင်မှုကို ကုန်ဆုံးသွားစေတယ်။ ချီကျင်းယွိက အနောက်တောင်ဒေသကို သွားချင်တာလား။ သူ့အသက်ဘေးက ကာကွယ်ဖို့ သူ့ကိုတောင် အစောင့်အဖြစ်လိုက်စေချင်တာပေါ့.. ကောင်းပြီ။ မင်း သွားချင်ရင် မင်းဖြစ်ချင်ကို ဖြည့်ဆည်းပေးမယ်။ အဲ့အရပ်ကနေ အသက်နဲ့ကိုယ်မြဲပြီး ပြန်ပါလာပါစေလို့သာ ဆုတောင်းလိုက်ပေတော့။
ချီကျင်းယွိက ကျောက်ရွှမ်ရဲ့ အခက်ခဲကို သိပေမယ့် သူ့ အသက်ဘေးက ပိုအရေးကြီးလို့ နောက်တနည်းကို ပြောလိုက်တယ်။
"အကိုကြီးကျောက်... အကိုကြီးကိုယ်တိုင် လိုက်ရမယ်လို့ မဆိုလိုပါဘူး။ အကိုကြီးဆီက သိုင်းကျွမ်းတဲ့ ကိုယ်ရံတော်ကို ထည့်ပေးစေချင်တာပါ။ အနောက်တောင်ကလူတွေက အရာရှိတွေကိုပြစ်မှတ်ထားပြီး သတ်ဖြတ်နေတယ်လို့ကြားတယ်။ ဒီအတိုင်းသွားရင် ကျွန်တော့်အသက်ဘေးရှိလို့ အကာကွယ်ထည့်ပေးစေချင်တာပါ။"
"ကျုပ်ဆီမှာ အစောင့်အပိုမရှိဘူး။ ဒါကြောင့် အခြားကနေ သွားရှာလိုက်"
ကျောက်ရွှမ်က သေလူဖြစ်နေတဲ့ ချီကျင်းယွိကို ဆက်ပြီး မယဉ်ကျေးနိုင်တော့ပဲ ပြောလိုက်တော့တယ်။
"ဟမ်... မင်း အခု အောင်မြင်မှုလေး ရထားတော့ မောက်မာနေ
ဦးပေါ့။ မင်းကြီးကို ယုံကြည်နေပေမယ့် မင်းနေရာဖယ်ရှားခံရပြီး အသတ်ခံရတော့မှ မင်း ကောင်းကောင်းသိလိမ့်မယ်..."
ချီကျင်းယွိက ဒေါသကြောင့် မျက်နှာဖြူဖျော့သွားပြီး လက်ဖက်ရည်ခွက်ကို ကြမ်းကြမ်းတမ်းတမ်း လက်နဲ့ယမ်းချပြီး ထွက်လာခဲ့တယ်။ သူ အကူညီထပ်ရှာမှဖြစ်မယ်ဆိုတာသိလို့ နန်းတော်ထဲက ကျောက်ပိယွမ်ဆီကို လျှို့ဝှက်စာပို့လိုက်တယ်။
ကျောက်ပိယွမ်က မင်းကြီးကို ညရောက်တော့ အပြာရောင်ဝတ်စုံဝတ်ပြီးလိပ်ပြာအကနဲ့ သီးသန့်ဖျော်ဖြေလိုက်တယ်။ ပြီးတော့မင်းကြီး စိတ်ကြည်နေတာကို အခွင့်ကောင်းယူပြီး အနောက်တောင်ဒေသက အရမ်းကို အခြေနေဆိုးနေတဲ့အကြောင်း၊ အစောင့်ရှောက်မပြည့်စုံပဲ တော်ဝင်မင်းသားကိုလွှတ်တာက မလုံခြုံတဲ့အကြောင်း၊ အစောင့်သေချာထည့်ပေးသင့်ကြောင့် နားဝင်အောင်လျှောက်တင်နေတော့တယ်။
တော်ဝင်မင်းသာက ဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် ကိုယ်တိုင် ခရီးသွားလာခြင်းက ပညာမဲ့ရာ ရောက်တယ်။ သူ့ကို ကူညီရန်လိမ္မာပါးနပ်သော စွမ်းရည်ရှိသောအရာရှိအနည်းငယ်လိုအပ်တယ်။ အနောက်တောင်ပိုင်းသူပုန်များကိုမရပ်တန့်ခဲ့ပါက အနောက်မြောက်၊ မြောက်နှင့်အခြားပြည်နယ်များလည်း ပရမ်းပတာဖြစ်သွားပြီး နောက်ဆုံး တိုင်းပြည်တခုလုံး ဆူပူလာနိုင်တယ်ဆိုတာ ထောက်ပြလိုက်တယ်။
မင်းကြီးက ကျောက်ပိယွမ်ရဲ့ အမျှော်မြင်ကို ချီးကျူးပြီး နောက်နေ့ ညီလာခံမှာ တော်ဝင်မင်းသားကို ကူညီပေးဖို့ လွှတ်တော်က အရည်ချင်းရှိတဲ့ ဝန်ကြီးသုံးပါးကို ထည့်ပေးပြီး ချက်ချင်း ခရီးကို စတင်စေတယ်။ မင်းကြီးရဲ့ အမိန့်ထွက်လာတော့ မလိုက်နာလို့ မဖြစ်တော့ ချီကျင်းယွိက ညည်းညူရင်း ခရီးကို စတင်ရတော့တယ်။ လွှတ်တော်ရုံးမှာ ဒီဝန်ကြီးသုံးယောက်ရဲ့ နာမည်ပြောင်တွေရှိတယ်။ သူတို့တွေက ၁။ အာဏာရဖို့ မလုပ်ဘူး၊ ၂။ မဟုတ်တာ မလုပ်ဘူး။ ၃။ အရေးကြီးတာလည်း မလုပ်ဘူး။ သူတို့ သုံးယောက်က ဝန်ကြီးရုံးမှာ စားသောက်ဖို့နဲ့ ပျင်းရိဖို့ကလွဲပြီး ဘာဆိုဘာမှ မလုပ်ကြဘူး။ ဒီလို ငတုံး သုံးကောင်နဲ့ အနောက်တောင်ဒေသကို သွားရင် ချီကျင်းယွိရဲ့ ခရီးက ခက်ခဲမှာသေချာတယ်။
မင်းကြီးက သူ့ကို အာရုံစိုက်ကြည့်နေတယ်ဆိုတာ ချီကျင်းယွိသိသွားတယ်။ ဒီခရီးအစ၊ ချန်ဖန်းဖိန်းနဲ့လက်ထပ်တာအဆုံး မင်းကြီးက သေချာစီစဉ်ထားပုံရတယ်။ ချန်ဖန်းဖိန်းက သူ့အတွက် ထောင်ချောက်တစ်ခုလေလား။ ဒီလိုတွေးရင်း သူ့ဇနီးက ဗိုလ်ချုပ်ကြီး ချန်ထောင်းရဲ့ သမီးကြီးဆိုတာ သတိရလာတယ်။ အရင်က ဒီမိန်းကလေးနဲ့ လက်ထပ်ဖို့ သူ့အမေက အတင်းဖိအားပေးတာလို့ ယူဆပေမယ့် အခုတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက် တခုဖြစ်လာပြီ။ သူ့မိန်းမရဲ့ နောက်ခံအင်အားတခုလံုးရှိနေတာပဲ။ ဒီအတွေးကြောင့် ချီကျင်းယွိစိတ်အေးသွားတယ်။
ချန်ဖန်းဖိန်းက သူ့ ခင်ပွန်းရဲ့ အခက်ခဲကို သိတော့ မင်းကြီး မသင်္ကာဖြစ်နေတယ်ဆိုတာ သိတဲ့ကြား လျှို့ဝှက်အစောင့်တွေ ဌားရမ်းပြီး သူ့ယောက်ျားနောက်ကို တိတ်တဆိတ် လိုက်လံစောင့်ရှောက်စေတယ်။ ဒီလို လိုက်ကြည့်ခိုင်းပြီးနောက် သူ့ယောကျာ်းက အရှုပ်ရှင်းဘယ်လောက်ကင်းတယ်ဆိုတာ သိလာရပြီး ဒီတသက် ဒီလိုယောက်ျားမျိုးကို ဘယ်မှာမှ ရှာလို့မရနိုင်ဘူးဆိုတာ သိလို့ အရမ်းကို ချစ်မြတ်နိုးသွားမိတယ်။ တကယ့်တကယ်တော့သူ့ ယောကျာ်းက မင်းကြီးရဲ့ကိုယ်လုပ်တော်ကို ချစ်လို့ ဘယ်မိန်းမကိုမှ မထိဘူးဆိုတာ သူ လုံးဝမ သိခဲ့ဘူး။
👑👑👑👑👑👑
![](https://img.wattpad.com/cover/225339002-288-k581598.jpg)
VOCÊ ESTÁ LENDO
ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)
RomanceArc _ 8, 10, 15 Extra_ 1,2,4 Total _ 6 Arcs Title: Quickly Wear the Face of the Devil အကျဉ်းချုပ် - ထိပ်တန်းဟက်ကာတစ်ယောက်ကိုဘဝများစွာပြန်လည်မွေးဖွားဖို့ Lod God System ကရွေးချယ်ခဲ့သည်။ ကမ္ဘာကြီးအဆုံးသတ်သွားတော့ အရာအားလုံးက ပျက်စီးသွားပြီး ဝမ်းနည်းစရာ...