ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း အမှောင်ကြီးစိုးလာတာနှင့်အမျှ ရိုးရင်ထဲ ကြောက်စိတ်ပိုလာစေသည်။မိမိ ခန္ဓာကိုယ်ကိုသယ်သွားတယ်ဆိုတော့ ဒီအချိန်ဆို ဆေးရုံမှာရှိနေလောက်ရောပေါ့။ကိုနိုင်နဲ့ မေမေတို့ စိတ်ပူနေကြတော့မှာ။ဘယ်အချိန်မှ ကိုယ့် ခန္ဓာကိုယ်ထဲ ပြန်ရောက်နိုင်မယ်ဆိုတာ မသိတာကြောင့် ငိုချင်စိတ်တောင်ပေါက်နေပြီ။
သို့သော် သူငိုနေရုံနဲ့ မပြီးတာကိုနားလည်နေတာမို့ ယခုလက်ရှိတော့ ရောက်တဲ့နေရာမှာသာ အဆင်ပြေအောင်နေဖို့ ကြိုးစားရုံရမည်။ ဒီလို ဝိညာဉ်လွင့်တာတွေ အစောင့်အရှောက်တွေရှိတယ်ဆိုတာမျိုးကို ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲမှာပဲ မြင်ဖူးပေမယ့် ကိုယ်တိုင်ကြုံရမယ်လို့တော့ တစ်ခါမှ မတွေးခဲ့မိဘူး။
ထူးဆန်းတဲ့ သဘာဝလွန်အဖြစ်အပျက်တွေက တကယ်ရှိနေခဲ့တာပဲ။ရိုးလည်ပင်းက ပတ္တမြားနီလေးကို သေချာကြည့်နေရင်း စည်တီးတဲ့အသံလို လေးချက်ကြားလိုက်ရသည်။ ချက်ချင်းဆိုသလိုပဲ တံခါးပေါက်မှာ ပေါ်လာသော သူက အနောက်လှည့်ကာ တစ်ခုခုမှာကြားနေဟန်။ သူ့အနောက်က ဆိုတော့ ဟိုကြောက်စရာကောင်းတဲ့ နှစ်ယောက်အပြင် တခြားမရှိ။
ကျေးဇူးပြုပြီးဝင်မလာပါနဲ့ ။ ကိုယ်က သူများဆီမှာလာနေပြီး မလာစေချင်နေတာက သဘာဝမကျပေမယ့် သူတို့ပုံစံကို ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူး။
"အသင် အနားယူပါလျော့၊ ဝိညာဉ်ဆိုသော်လည်း မူလ ခန္ဓာကိုယ်က အသက်ရှင်နေသေးတာကြောင့် အချိန်အခါလိုက် မှေးစက်ဖို့ သင့်ပါတယ်"
အလင်္ကာဆိုသူက ပြောရင်း တောင်ရှည်စကိုကိုင်ကာ ဒူးတစ်ဖက်ထောက်ထိုင်လျက် ငှက်ကြီးတောင်ဓားကို ကြမ်းပြင်ပေါ်ထောက်ထားသည်။ ကံကောင်းစွာပဲ ဟိုနှစ်ယောက်က ကျောပေးကာတံခါးပေါက်မှာပဲ ရပ်နေခဲ့ပြီး သူတစ်ယောက်တည်း ဝင်လာတာ။
"ဟို ... ကျွန်တော် အိပ်ယာမဟုတ်ရင် မအိပ်တတ်လို့ပါ"
"အသင်ပြောတာ အခင်းအကျင်းအဆောင်အယောင်တွေကို ပြောတာလား၊ ထိုအတွက်တော့ အားနာမိပါတယ် အသင်၊ ကျွန်ုပ်တို့က အစောင့်သက်သက်ပဲမို့ အိပ်စက်စရာမလိုသလို အဆောင်အယောင်လည်း ဗလာနတ္ထိမို့ပါ"
ВЫ ЧИТАЕТЕ
နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1