Ep(22) Ending_Unicode

10K 1K 55
                                    


ကောင်းကင်ယံမှာ ထွန်းလင်းနေသော ငွေစန္ဒာလရောင်ဟာ ယခင်နေ့များထက် ပိုမိုလင်းလတ်နေသည်။ တစ်လလုံးမှာ တစ်ရက်သာ ရောက်ရှိလာသော လပြည့်နေသည် ငွေရောင် တောက်ပနေရုံသာမက ဘေးမှ တိမ်မည်းများကို အဖြူနဲ့ အညိုဖျော့ရောင်လေးများ ကာရံလို့ထားသည်။

ထိုသို့ လှပနေသော လရောင်ကို အေးချမ်းတယ် လို့မမြင်မိဘဲ ကျွန်ုပ်ရင်ထဲမှာ ပိုမိုပူလောင်လာသည်။ဘုန်းကြီးကျောင်းဝင်းထဲမဝင်သေးခင် မြေလမ်းလေးရဲ့အထပ်က အုတ်လှေကားလေးပေါ်မှာ ထိုင်နေမိသည်။အမြဲ အရိပ်တကြည့်ကြည့် နေတတ်သော ဤလူသားငယ် မသိအောင် ထွက်ဖို့က သေချာပေါက် လွယ်ကူမည်မဟုတ်။သူ့အတွက် အစားထိုးပေးမယ် ဆိုတာသိရင်လည်း အတင်းအကန်ငြင်းလိမ့်မည်။

တိမ်ဆိုင်ပေးထားသော ပုရပိုက်အရ သူနဲ့ စပ်ဆက်တဲ့နေရာကို ရှာရမည်။ ညောင်ဦးတွင်ရှိသော ငှက်ပစ်တောင်မှာ ပျူစောထီးမင်းမတိုင်ခင် အုပ်ချုပ်ခဲ့တဲ့ မင်းတစ်ပါးရှိသေးသည်။ရှေးယခင် သမိုင်းအကြောင်းတွေအရ ထိုမင်းဟာ သရေခေတ္တရာပြည့်ရှင် နောက်ဆုံးဒွတ္တဘောင် မင်းဆက်ရဲ့​ဆွေတော်မျိုးတော်ထဲက ဖြစ်သည်။ပုရပိုက်ထဲမှာ ပါတဲ့ ခုနှစ်အရဆိုရင် ဒီနည်းလမ်းက ထိုမင်းလက်ထက်မှာ ပေါ်ခဲ့တာလို့ ယူဆလို့ရသည်။

သစ္စာကို ဘယ်လို ပြောထားခဲ့ရမလဲ။ယခုပဲ သူမသိအောင် ထွက်သွားလိုက်ရမလား။ဒါပေမဲ့ သူ့မျက်နှာလေးကို ခဏလောက်ဖြစ်ဖြစ် တွေ့ချင်မိပါသေးသည်။

"အစ်ကို "

တစ်ယောက်တည်း အတွေးပွားနေရင်း ကြားချင်နေသော ထိုအသံလေးကြောင့် အလင်္ကာလှည့်ကြည့်လိုက်သည်။ဘုန်းကြီးကျောင်းထဲကနေ မြေလမ်းလေးအတိုင်း ထွက်လာတဲ့ ဝိညာဉ်ငယ်လေး။ သူ့ရဲ့ဘေးမှာ တိမ်ဆိုင်အပြင် သီရိရော ရှိနေသည်။ အနားရောက်လာတော့ ထိုင်နေရာကနေ ထလိုက်ပြီး အပြေးလေးတွဲလာတဲ့ လက်လေးကို ပြန်ဆုပ်ကိုင်လိုက်သည်။ချိုသာသော မျက်နှာလေးကို ငေးကြည့်နေရတာဟာ ကြည်နူးဖွယ်အတိ။

"အစ်ကိုသိလား သီရိပြောပြတဲ့ သိုက် အကြောင်းကလေ တော်တော်စိတ်ဝင်စားစရာ ကောင်းတယ်။စေတီထဲမှာ ရှိတဲ့ ဌာပနာတွေကို ခိုးယူရင် ဘယ်လောက်ထိ အပြစ်ကြီးတယ် ဆိုတာတွေရော ။နောက်ပြီး ဒီနေ့ လပြည့်နေ့မှာ သူ့ဆွေမျိုးတွေနဲ့ ဆုံခွင့်ရှိတယ်တဲ့"

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Tahanan ng mga kuwento. Tumuklas ngayon