EP - 13

2.4K 334 6
                                        

စက်တင်ဘာလဆိုပေမဲ့ Positano မြို့လေးရဲ့ မနက်ခင်းဟာ အီတလီရဲ့ ထုံးစံအတိုင်း နွေးထွေးလို့နေ၏။ အလုပ်တွေကနေ ခဏအနားယူရင်း မသွားလိုက်ရတဲ့ Honeymoon အတွက်လည်းသွားဖို့ နေရာတွေရွေးရင်း စက်တင်ဘာလမှာ မပူမအေးနဲ့ နေလို့အကောင်းဆုံး Positano မြို့လေးကို ရွေးလိုက်ကြခြင်းပင်။

Chanyeol တစ်ယောက် အကျင့်အတိုင်း မနက် ၇ နာရီထိုးတော့ အလိုလိုနိုးလာသည်။ အိပ်ချင်မူးတူးနဲ့ ဘေးက Baekhyun ကို ကြည့်တော့ အိပ်လို့ကောင်းနေတုန်းပင်။ မှောက်ရက်ကြီးအိပ်နေတာမို့ ခေါင်းအုံးထဲဖိထားတဲ့ ပါးလေးတွေက ဖောင်းအိပြီးမို့ကာထွက်နေသည်။ အရင်လကပဲ စိတ်ကူးပေါက်ပြီး ထဆိုးထားတဲ့ ပန်းရောင်ဆံပင်က ဖြူဥနေတဲ့အသားနဲ့ လိုက်ဖက်လို့နေ၏။

ခဏနေလောက်ကျရင် မနက်ခင်းနေက အခန်းထဲတိုးဝင်လာတော့မှာမို့ Chanyeol ထပြီး ကုတင်ဘေး လေသာဆောင်က လိုက်ကာတွေကို ဖြန့်လိုက်သည်။ အဖြူရောင်လိုက်ကာပါးလေးတွေမို့ အလင်းရောင်တော့ ဝင်သေးပေမဲ့ နေရောင်ကျလာတဲ့အခါ Baekhyun ကိုတော့ နေထိုးမိမှာမဟုတ်တော့ပေ။

Chanyeol အိပ်ရာထဲပြန်ဝင်တော့ လှုပ်ရှားမှုကြောင့်လားမသိ Baekhyun ဆီက တအီအီအသံလေးတွေ ထွက်ပြီး စောင်ကိုခေါင်းထိဆွဲယူကာ စောင်အောက်တိုးဝင်သွားသည်။

Chanyeol ကတော့ အိပ်ချင်စိတ်မရှိတော့တာမို့ ခေါင်းအုံးကိုမှီထိုင်ရင်း စာအုပ်တစ်အုပ်သာကောက်ဆွဲဖတ်နေလိုက်သည်။ သူ့ထက်စောပြီး အိပ်ရာထဲကတစ်ယောက်တည်း ထွက်သွားတာမျိုးကို Baekhyun ကမကြိုက်ပေ။ နိုးလာလို့သူ့ဘေးမှာ Chanyeol ရှိမနေရင် ဂျစ်ကန်ကန်လုပ်တော့၏။ ရုံးတက်ရက်တွေဆို Baekhyun က Chanyeol နဲ့အတူတူလိုက်ထပြီး Chanyeol ရေမိုးချိုးနေတုန်း အဝတ်ပြင်ထားပေးပြီး ရုံးသွားတဲ့အခါ တံခါးဝထိလိုက်နှုတ်ဆက်တတ်သည်။ ပိတ်ရက်မှာတော့ မထတော့တာကြောင့် Chanyeol က သူနိုးတဲ့အထိ ဘေးမှာနေပေးရ၏။ Baekhyun က အရမ်းနောက်ကျတဲ့အထိတော့ မအိပ်တတ်ပါ။ အလွန်ဆုံး ကိုးနာရီထိုးခါနီးလောက်ဆို အမြဲနိုးလာတတ်သည်။

Chanyeol ထင်ထားသည့်အတိုင်းပင်။ ၈ နာရီလောက်ကျတော့ စောင်ထဲကနေ နိုးခါစမျက်လုံးအစ်ကလေးနဲ့ Baekhyun ခေါင်းလေးတိုးထွက်လာသည်။ အိပ်ရာနိုးပြီးပြီးချင်းမို့ မျက်နှာပေးက စူပုတ်ပုတ်ညစ်တစ်တစ်လေးနှင့် ဟိုကြည့်ဒီကြည့်လုပ်နေပြီးမှ သူ့ကိုငုံ့ကြည့်နေတဲ့ Chanyeol ဆီအကြည့်ရောက်လာပြီး ပြုံးပြလေသည်။

I'm In Love With YouWhere stories live. Discover now