အမှောင်ချထားသော နှစ်ထပ်အိမ်ကျယ်ကြီး၏ ဧည့်ခန်းထဲတွင် ပရိဘောဂ ပစ္စည်းများကို ပိတ်စအဖြူများဖြင့် အုပ်ထားသည်။ ရှေးဟောင်း ကျွန်းသစ်လှေကားကြီး၏ အဆုံးတွင် ရွက်လှပင်အိုးများ စီတန်းချထားသည်။ ပြတင်းပေါက်ကို ကာထားသည့် အနည်းငယ်ဟထားသော ကန့်လန့်ကာမှ တစ်ဆင့် အလင်းပေါက်များက ကြမ်းပြင်ပေါ်သို့ ဟိုဟိုဒီဒီ ကျရောက်နေသည်။
ရှူးဖိနပ်သံနှင့်အတူ တုတ်ကောက်ကို တတောက်တောက် ခေါက်နေသည့် အသံကိုလည်း ကြားနေရသည်။ ထို့နောက်တွင်တော့ ရှူးဖိနပ်သံက ရပ်တန့်သွားသည်။ အချိန်ခဏအကြာတွင် လူတစ်ယောက်အသံက ဧည့်ခန်းထဲတွင် ဟိန်းထွက်လာသည်။
"မင်း သွေးဖို့ ဓားနှစ်လက်ပေးမယ် စေသူ၊ အလှချိတ်မလား၊ အမဲလိုက်မလားကိုတော့ မင်းပဲ ဆုံးဖြတ်"
အနည်းငယ် အိုမင်းရင့်ရော်နေသည့် ဦးနေရောင်၏ စကားအဆုံးတွင် သူ့အနောက်ဘက်မှ ကလေးနှစ်ဦးထွက်လာခဲ့သည်။ လှပသော အသားအရည်၊ ပြေပြစ်သော ရုပ်ရည်ရှိသည့် ထိုကလေးတွေက အနည်းငယ် ကြောက်နေသည့်ဟန်။ သူတို့နှစ်ယောက်ရဲ့ ရုပ်တွေက လုံး၀ခွဲမရအောင် တူသည်။ စေသူရိန်မင်းက ပြုံးလိုက်မိသည်။ တစ်ယောက်ကို အလှချိတ်ပြီး နောက်တစ်ယောက်နဲ့ အမဲလိုက်ရမည်။ သူ့ဓားနှစ်လက်က အားလုံးထက် ပိုချွန်၍ ထက်နေရမည်။
စေသူရိန်မင်းက ပြုံး၍ လက်လှမ်းလိုက်သည်။ ကလေးနှစ်ဦးက သူ၏အခြေအနေကို ကြည့်၍ အနည်းငယ်တော့ အကြောက်ပြေသွားဟန်ရှိသည်။
"မကြောက်ပါနဲ့၊ ဦးက ကလေးချစ်တတ်ပါတယ်"
နှစ်ဆယ့်ငါးနှစ်အရွယ်ဆိုသူက ဆယ်နှစ်အရွယ် ကလေးတွေအတွက်တော့ ဦးလေးပေါ့။ ဒါပေမယ့် သူ့အတွေ့အကြုံကတော့ ဦးလေးအရွယ်တောင် မကတော့ဘူး။ ဝှီးချဲကို ကလေးများအနားထိ လှိမ့်သွားလိုက်ပြီး စေသူရိန်မင်းက ဆိုသည်။
"ဦးနဲ့နေရင် ပျော်စေရမယ်လို့ အာမခံတယ်၊ ကြည့်လေ ဦးက ခြေထောက်မှ မသန်ပဲ၊ ဦးက မင်းတို့ကို သူများတွေလို မနှိပ်စက်ပါဘူး"
နူးညံ့စွာပြုံးသည့် ထိုခန့်ညားသောလူကိုကြည့်၍ ကလေးများက တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ထားရာမှ သူ့အနားကို ဖြည်းဖြည်းချင်း လျှောက်သွားသည်။ စေသူ ကမ်းပေးထားသည့် လက်များကို တစ်ယောက်တစ်ဖက် ဖမ်းဆုပ်ကြသည်။
BẠN ĐANG ĐỌC
4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)
Lãng mạnTwin story