ရသလင်း ရှုတင်အပြန်မှာ အဂ္ဂလင်းအိမ်ဆီ မသွားတော့ဘဲ ဦးသူအိမ်မှာ အိပ်ဖို့ ဆုံးဖြတ်လိုက်ရင်း ခြံထဲကို ၀င်လာခဲ့သည်။ ကားပေါ်က ဆင်းတာနဲ့ ကျောက်တိုင်က အဂ္ဂလင်းဆီ ပြန်သွားလေပြီ။
အိမ်က တိတ်ဆိတ် ငြိမ်သက်နေပြီး ရွှေအိုရောင် လှေကားကြီးက ခမ်းနားလှပပေမယ့် အိမ်အလည်တည့်တည့်မှာ အထီးကျန်စွာ တည်ရှိနေသည်။
သူအိမ်ထဲကို ၀င်သွားပြီးတော့ ဦးသူကို နှုတ်ဆက်ဖို့ အပေါ်ထပ်ကို တက်သွားလိုက်သည်။ အခန်းထဲမှာ ဦးသူက ကုတင်ပေါ်ကနေ ဝှီးချဲပေါ်ကို ခက်ခက်ခဲခဲ အားယူ၍ တက်နေသည်ကို လှမ်းမြင်လိုက်ရသည်။
"ဦးသူ"
လှည့်ကြည့်လာသော မျက်၀န်းတို့က နူးညံ့မှုအပြည့်ဖုံးလွှမ်းနေသည်။ သူငယ်ငယ်က မြင်တွေ့ဖူးနေကျ မျက်၀န်းတွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုနီးနီး ဖြစ်နေပြီလို့ သူသံသယ ၀င်မိပေမယ့် ဦးသူက ဒီတစ်ခါတော့ ပြုံးပြလေသည်။
"ပြန်လာပြီလား"
"ဦးသူ ဘာလုပ်ချင်လို့လဲဟင် ကျွန်တော် ကူပေးမယ်လေ"
"အင်း ရေချိုးမလို့ လုပ်နေတာ"
"အပြင်က လူတွေကို ခေါ်လိုက်တာမဟုတ်ဘူး၊ ချော်ကျရင် ဘယ်လို လုပ်မလဲ"
ပြောလိုက်ပေမယ့် ရသ စိတ်ထဲ နေလို့မကောင်းပေ။ ဦးသူက အပြင်လူကို အယုံအကြည်မရှိဘူး။ ဦးသူနဲ့ ဆက်ဆံခွင့်ရတာ ရသတို့ ညီအကိုနှင့် ဦးနေရောင်ပဲရှိသည်။ ဇွဲမင်းတောင် သိပ်ပြီး အရောမ၀င်သည့် ဦးသူကို ရသ သနားမိသည်။
"ကျွန်တော် ကူပေးမယ်"
ဦးသူနဲ့ နီးနီးကပ်ကပ် မနေရတာ ဆယ်စုနှစ် တစ်ခုကြာခဲ့ပြီ ထင်ရဲ့။ နွေးထွေးတဲ့ လက်ဖဝါးတစ်စုံဟာ အတိတ်မှာတုန်းက သူ့လက်တွေကို ဆုပ်ကိုင် ထားခဲ့ဖူးသည်။ နွေးထွေး ကြင်နာ ပေးခဲ့ဖူးသည်။ သို့ပေမယ့် အဲ့ဒီလက်ကပဲ သူ့လက်ထဲကို ဓားတစ်လက် ထည့်ပေးခဲ့ဖူးသည်။ စိတ်လည်းမဆိုးသလို မုန်းလည်း မမုန်းရက်ပါ။ ကံတရားပဲ မဟုတ်လား ဦးသူ။ ဒီလိုဖန်လာတာ ကံစေရာအတိုင်းပဲပေါ့။
"ဦးကို မုန်းနေလား"
အနည်းငယ်တောင် ဖြူခြင်းမရှိသေးသော ဆံနွယ်တို့က မည်းနက်နေသည်။ bathtub အနောက်မှာ သူဝင်ထိုင်ရင်း ဆပ်ပြာအမြှုပ်တွေကို ခေါင်းမှာ ပေစေပြီး ဆံနွယ်တွေကြား လက်ကိုကစားရင်း ဦးသူ၏ ကျောပြင်ကို ငေးကြည့်မျသည်။
YOU ARE READING
4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)
RomanceTwin story