"ကျွန်တော် ဘာကူလုပ်ပေးရမလဲ"
"မင်းမှာ ရှုတင် မရှိဘူးလား"
နေသူ ဆေးခန်းထိုင်ချိန်တွင် ရောက်လာ၍ ဘေးနားမှာထိုင်ကာ ဟိုပြောဒီပြော ပြောနေသည့်ကောင်လေးက အခုလည်း ကူချင်နေပြန်သည်။
"ရှိတယ် ဒီနေ့တော့ မဟုတ်ဘူး"
"အဲ့ဒါဆိုလည်း မင်းဆိုင်တစ်ခုခုမှာ သွားထိုင်နေပါ့လား၊ အချိန်တွေ အရမ်းပိုနေတာက မင်း မဟုတ်သလိုပဲ"
နေသူရိန်၏ စကားကတော့ ရိုးရှင်းပါသည်။ အဂ္ဂလင်းကိုတော့ သိမ်ငယ်သွားစေသည်။ ဟုတ်တယ်။ သူ့မှာ အနုပညာက လွဲရင် လုပ်စရာ ဘာမှမရှိဘူး။
"အဲ့လိုပဲ အခုကတော့ အလုပ်မရှိသေးဘူးပေါ့၊ ကိုနေကရော"
"ကိုနေ"
Zanက အခု သူ့ကို ကိုနေလို့ ခေါ်လိုက်သည်။ သူ့စိတ်ထဲ Zanကို မြင်နေရပြီး Zanမဟုတ်သလို ခံစားနေရသည်။
"အင်း ကျွန်တော့်ထက် ကြီးတယ်လေ၊ နည်းနည်းတော့ ရိုသေရမှာပေါ့ မဟုတ်ဘူးလား"
ရိုသေရမည်ဆိုသောစကားကို Zanဆီက ကြားရတာက နည်းနည်းတော့ ရယ်စရာကောင်းသည်။ သို့ပေမယ့် သူ့စိတ်မတင်မကျ ဖြစ်နေသည်ကြောင့် မရယ်မိပါ။
"နောက်ဆုံးတော့ ရိုသေ လေးစားဖို့ကို သတိရသားပဲ"
နေသူရိန်က စကားစကို ဖြတ်ပြီး လုပ်စရာ ရှိတာ ဆက်လုပ်နေစဉ်တွင် အဂ္ဂလင်းက ဘေးကနေ ထိုင်ကြည့်ဖြစ်နေခဲ့သည်။ ဒီအမျိုးသားက နူးညံ့သည်။ ကြင်နာတတ်သည်။ အကောင်းမြင်စိတ်ရှိပြီး ဂရုတစိုက် ပြုမူတတ်သည်။ ရသလင်းက ဘာကြောင့် တွယ်ကပ်ရသလဲဆိုတာ အဂ္ဂလင်း ရိပ်မိခဲ့သည်။ ဒီလူဆီမှာ ရသလင်း လိုချင်သည့် အရာအားလုံးရှိနေသည်။
"ဒါဆို ကိုနေ လုပ်စရာရှိတာ လုပ်တော့၊ ကျွန်တော် ပြန်တော့မယ်"
အဂ္ဂလင်း နှုတ်ဆက်လိုက်သည်။ နေသူရိန်ဆီမှာ သံသယဖြစ်စရာ တစ်ကွက်တောင် သူရှာမတွေ့ခဲ့ပါ။ သူ့အတွက်တော့ ဒါက တာ၀န်အရ ချဉ်းကပ်ခြင်းပဲ။
ရွှေအိုရောင် စံအိမ်ကို သူပြန်တော့ ဦးသူကို တွေ့ရန် ဆုံးဖြတ်လိုက်သည်။ အိမ်ရှေ့မှာ အဖြူရောင် ကားတစ်စီးရှိနေသည်။ သူရင်နှီးနေသည့် လူအချို့လည်း ရောက်နေသည်။ သူ့ရင်ထဲမှာ ပျော်ရွှင်မှုတစ်ခု စီး၀င်လာသည်။ ဦးနေရောင် ပြန်ရောက်နေပြီ။
YOU ARE READING
4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)
RomanceTwin story