မှန်ထဲမှာ ပေါ်နေသော မိမိ၏ ရုပ်သွင်ကို ကြည့်၍ အပြုံးတစ်ခုကို ဖန်တီးယူလိုက်သည်။ အမြဲတစေ သေသပ်စွာ ဖီးသင်ထားသော ဆံနွယ်ညိုတို့က ဆီအကူအညီမပါလေတော့ ခပ်ပွပွ ဖြစ်နေသည်။
သွားစွယ်မှာတပ်ထားသော စိန်ပွင့်လေးကတော့ ထိုနေရာမှာ ရှိနေဆဲပဲ။ အနက်ရောင် ပြောင်ချောနေသည့် ဂျာကင်ကို ထပ်၀တ်လိုက်သည်။ အမည်းရောင်ကို ရှောင်လေ့ရှိသည့်သူက အနည်းငယ်တောင် စနိုးစနှောင့်မဖြစ်ဘဲ အပေါ်အောက်ကို အမည်းရောင်သာ ဆင်မြန်းထားသည်။
နောက်ဆုံးပေါ်ဆိုင်ကယ်တစ်စီးက သူ့ကားဂိုထောင်ထဲမှာ ရှိနေသည်။ ပုံစံတူချင်ရင် အကုန်ကူးမှ ဖြစ်မယ်ဆိုတာ သူသိနှင့်နေပြီးသား။
ကားလမ်းမ တစ်လျှောက် မောင်းနှင်လာရင်း တစ်နေရာက Eros clubကို လှမ်းကြည့်မိသည်။
ဒီတောင်ကို ကျွန်တော်ဖြိုမယ် ဦးသူ။ ပျော့ညံ့တဲ့လူသားတစ်ယောက် လက်နက်ကို အသုံးမပြုတတ်တဲ့ လူသားတစ်ယောက်က ဒီကိစ္စကို အဆုံးသတ်ပေးပါ့မယ်။
ဆိုင်ကယ်က ဆေးခန်းငယ်လေးရှေ့မှာ ထိုးရပ်သည်။ ပီကေစားရတာ သူမကြိုက်ဘူး။ ဒါပေမယ့် ပီကေတစ်ခုက သူ့ပါးစပ်ထဲမှာ ရှိနေခဲ့သည်။
"အလုပ်တွေ ကြိုးစားနေတယ်ပေါ့လေ"
ရိသဲ့သဲ့ အပြုံးနှင့် ဆိုလာသူကို နေသူရိန်လှည့်ကြည့်သည်။ ခပ်သွက်သွက် အမူအရာ ရှိတဲ့ကောင်လေးကို ကြည့်ရင်း သူပြုံးလိုက်သည်။
"မင်း လာပြန်ပြီလား"
"ဘာလဲ လွမ်းနေတယ် မဟုတ်ဘူးလား"
ရသလင်းလို သရုပ်ဆောင်တာ သူ့လောက် ဘယ်သူက တော်မှာလဲ။ ဒီအရာက ရသမှာ မရှိတဲ့ သူရဲ့ အားသာချက်ပဲလေ။
"ခဏစောင့် ပြီးတော့မယ်"
"အိုကေ ဒီနေ့ ခင်များ ကျွေးအလှည့်နော်"
နေသူရိန်က ခေါင်းကို စောင်းငဲ့၍ ပြုံးကာ ခေါင်းညိတ်သည်။ အဂ္ဂလင်း အပြင်မှာ ထွက်စောင့်နေလိုက်ပြီး ကားလမ်းတစ်ဖက်ကို ငေးကြည့်နေသည်။
နေသူရိန် တကယ်ပဲ ခင်များက ဘယ်လိုလူမျိုးလဲ။
အတွင်းရေးကို နှိုက်ရခက်ရင် အလုပ်သင့်ဆုံးနည်းက တစ်ခုပဲရှိသည်။ အဲ့ဒါ သူ့ရဲ့ အတွင်းလူ ဖြစ်လာဖို့ပဲ။