တနင်္ဂနွေ နားရက်လေးမှာတောင် မနားဘဲ တစ်နေကုန် အလုပ်နှင့် မပျက်သည့် နေသူရိန်ဆိုသော ဆရာ၀န်ကောင်လေးကို ကားလမ်းမ တစ်ဖက်ရှိ ၂၄နာရီ ၀န်ဆောင်မှုရသော ဆိုင်ငယ်လေးအတွင်းမှာ ထိုင်၍ ကြည့်နေသူ ကောင်လေးတစ်ယောက်ရှိသည်။
သူမတွေ့တော့ဖို့ ဆုံးဖြတ်လိုက်ရခြင်းက ထိုလူကို သူကာကွယ်ပေးချင်ရုံပါ။ အခုသူက ဘယ်ချိန်သေမလဲဆိုတာ ထိုင်စောင့်နေရတဲ့သူ မဟုတ်လား။
သူဟိုငေး ဒီငေးနဲ့ပဲ ဆေးခန်းနဲ့ မနီးမဝေးမှာ ရှိသော ကားအမည်းရောင်တစ်စီးကို တွေ့လိုက်ရသည်။ အထဲက လူနှစ်ဦးကိုလည်း သူမသိသလို ဦးသူလွှတ်တာလည်း မဖြစ်နိုင်ပေ။
ထိုလူတွေက နေသူရိန်ကို စောင့်ကြည့်နေသည်ဟု သူသံသယဖြစ်လာတော့ နေသူရိန်အလုပ်ပြီးတဲ့ အချိန်ထိ ထိုင်စောင့်ဖြစ်သွားသည်။
အလုပ်ပြီး၍ နေသူရိန် အပြင်ကို ထွက်လာချိန်တွင် ထိုလူနှစ်ယောက်က သူသွားရာနောက် လိုက်သွားသည်။ ရသလင်းလည်း မျက်ခြေမပျက် လိုက်လာခဲ့သည်။
"ဘာကိစ္စလဲ"
"သခင်ကြီးက ခေါ်ခိုင်းလိုက်တယ်"
"ငါပြန်မလိုက်ဘူးလို့ ဘယ်နှခါ ပြောရမလဲ"
"ဒါဆိုရင်တော့ ကျွန်တော်တို့ကို ခွင့်လွှတ်ပါ"
နေသူရိန်ကို မရမက ခေါ်ရန် ဆုံးဖြတ်လိုက်ပြီး အနား ကပ်လာသောအခါ သူတို့ နောက်မှ လူတစ်ဦးက ခဲလုံးနှင့် လှမ်းပေါက်လေသည်။
အနောက်ကို လှည့်ကြည့်တော့ ခပ်ချောချော အမျိုးသားတစ်ဦးက အမှောင်ထဲတွင် ရပ်နေသည်။
"အကူအညီလိုလား bro"
ခပ်ပြုံးပြုံး လှမ်းပြောသည့် ကောင်လေးကို မြင်တော့ နေသူရိန်၏ရင်ထဲ နွေးသွားရသည်။ သူမျှော်နေသည့် Zan၏ ပုံစံကို မြင်နေရက်နဲ့ လွမ်းရသလိုပဲ။
"သူများအိမ်ကိစ္စ ၀င်ပါရတာတော့ မကြိုက်ဘူး၊ နှစ်ယောက်တစ်ယောက်အနိုင်ကျင့်တာကို ပိုတောင် မကြိုက်ဘူး၊ အထိမနာချင်ရင် ထွက်သွားလိုက်"
အချိုးအစားညီညာ သွယ်လျသော ခန္ဓာကိုယ်နှင့် ခပ်ချောချောအမျိုးသား တစ်ဦးက ပြောသည့်စကားကို တဖက်လူက သေချာပေါက် ယုံလိမ့်မည်မဟုတ်။