အပိုင်း-၁

997 45 0
                                    

Unicode
                             အပိုင်း(၁)

ကုန်တင်ကုန်ချလုပ်နေသောလုပ်သားများ၊ ကျောက်ချထားသောလှေပေါ်တွင် ဈေးစကားဆိုနေကြသော လှေသူကြီးနှင့်လုပ်သားများ၊ ဆိပ်ကမ်းတစ်ဝိုက်တွင် ရောင်း၀ယ်ပြောဆိုနေသော ကုန်သည်ပွဲစားများ၊ ပျံကျဈေးသည်များနှင့် ဈေးဆိုင်ကြီးများကြောင့် ချင်ဆိပ်ကမ်းသည် ကြက်ပျံကျမတတ် စည်ကားနေ‌သည်။ ဆိပ်ကမ်းတစ်လျှောက်တွင်လည်း ဖောင်ငယ်မှအစ လှေကြီးများအထိ ပြည့်နှက်နေတော့သည်။ ဆိပ်ကမ်းအလွန်သို့ရောက်လျှင် အ၀တ်လျှော်နေသောအမျိုးသမီးများနှင့်တကွ ‌မြူးပျော်နေ‌သောကလေးတစ်သိုက်သည်လည်း ရေထဲသို့ခုန်ဆင်းလိုက်၊ကုန်းပေါ်သို့တက်လာလိုက်နှင့် အလုပ်ရှုပ်နေသည်။ ထိုစဉ် ထည်ဝါကြီးမားလှသော ရွက်လှေကြီးသည် ဆိပ်ကမ်းတစ်ဝိုက်သို့ချဉ်းကပ်လာသည်။ လှေဦးထိပ်တွင် တန်ဖိုးကြီးဖဲသားနှင့်ရက်ထားသော၀တ်ရုံ၊ နားရွက်တွင် ငှက်မွှေးနားဆွဲနှင့် လူကြီးတစ်ယောက်သည် ရှေ့တူသို့ရှေးရှုလျက်။ ဓားနှစ်ချောင်းကြက်ခြေခတ်ထားသော အလံသည် တလွင့်လွင့် လွင့်လျက်ပင်။
__________________________________________
"ယန်နိုင်ငံတော်မှ သံတမန် ကျောက်ချင်းလုံ
ဧကရာဇ်၀မ်ကို အခစား၀င်ရောက်ကြောင်းပါ။"

ဒူးထောက်အရိုအသေပြု၍ ဧကရာဇ်ထံမှ စကားသံကိုစောင့်နေမိသည်။

" သံတမန် ကျောက် ထပါ "

ဩဇာညောင်းလှသော အသံသည် ညီလာခံခန်းမဆောင်တွင် ပျံ့နှံ့သွားသည်။ သံတမန်ကျောက် မော်ဖူးလေသောအခါ မျက်ခုံးမွှေးကောင်းကောင်း၊ တိကျပြတ်သားသောမျက်၀န်းတစ်စုံကို ပိုင်ဆိုင်ထားသော ဧကရာဇ်ကိုတွေ့လိုက်ရသည်။ စစ်ဘုရင်၀မ်၊ ဧကရာဇ်၀မ်ဟုထင်ရှားသော လွိအင်ပါယာအရှင်သည် ရရှိထားသောဂုဏ်ပုဒ်များနှင့် လိုက်ဖက်ညီလှသည့ အသွင်ရှိသည်။ထိုဧကရာဇ်က ပြုံးစစနှင့်ပင် မိမိလာရင်းအကြောင်းကို သိဟန်ဖြင့် စကားမိန့်သည်။

"သံတမန်ကြီး ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ပါတယ်။ ကူညီနိုင်တဲ့ကိစ္စမှန်လျှင် ကျုပ်ကူညီဖို့အသင့်ပါပဲ။"

"ကျေးဇူးကြီးမားလှကြောင်းပါ ဧကရာဇ်ဘုရား။
ကျွန်တော်လာရောက်ရသည့် အကြောင်းနှစ်ချက်ရှိ‌ပါတယ်။ တစ်ချက်က မင်းသားလေး၀မ်ရိပေါ်ရဲ့ ဆယ်နှစ်ပြည့်မွေးနေ့အတွက် လက်ဆောင်ပဏ္ဍာလာဆက်ခြင်းဖြစ်ပါတယ်။"

ဖူးစာ ( Destiny)Where stories live. Discover now