မဟူရာ
( အပိုင်း - ၂ )
နောက်တစ်နေ့ မနက်၌ မျက်နှာမသာမယာနှင့် အိမ်ကို ပြန်ရောက်လာသူက ကိုသက်နောင် ။
"ကျွန်တော် မသဇင်ကို မတွေ့ခဲ့ဘူး အစ်ကိုလေး ။ အိမ်အနေအထားကို ကြည့်ရတာ သူ တစ်နေရာကို ထွက်သွားတာ ရက်နည်းနည်း ကြာပြီထင်တယ် "
ကိုမြင့်မောင်သည် စိတ်ညစ်ညူးစွာဖြင့် သက်ပြင်းရှည်ကြီး ချမိသည် ။ ပြီးနောက် မိမိအနားမှာ ထိုင်နေသည့် သစ္စာကို ကြည့်မိသည် ။ သစ္စာက သွေးပျက်နေသည့် အမူအရာဖြင့် လက်ထဲမှ သမီးငယ်လေးကို မမှိတ်မသုန် စိုက်ကြည့်နေသည် ။ သူ့အမေဘေးမှာ ထိုင်နေသည့် သားကြီးဒီပါကတော့ နားမလည်သည့် မျက်လုံးလေးများဖြင့် သူ့ကို ကြည့်နေသည် ။
ကိုမြင့်မောင်သည် သားကို အားတင်း၍ ပြုံးပြလိုက်သည် ။ ထို့နောက် ကိုသက်နောင်ကို စေ့စေ့ကြည့်၍... ။
"တခြားလူတွေ ခေါ်ပြီး မသဇင်ကို တွေ့အောင်လိုက်ရှာ ။ သူ့ကို မတွေ့လို့ လုံးဝ မဖြစ်ဘူး "
"ဟုတ်ကဲ့ပါ အစ်ကိုလေး ။ ကျွန်တော် လူခေါ်ပြီး ရှာလိုက်ပါ့မယ် "
ကိုသက်နောင်က ပြောပြီးသည်နှင့် ခြေလှမ်းကျဲကျဲဖြင့် အိမ်ထဲမှ ပြန်ထွက်သွားသည် ။ ထိုအခါမှ ကိုမြင့်မောင်သည် သစ္စာကို စိုက်ကြည့်၍ ပြုံးပြလိုက်သည် ။
"စိတ်မပူပါနဲ့ သစ္စာ ။ မကြာခင် မသဇင်ကို တွေ့ရမှာပါ "
သစ္စာက ခေါင်းညိတ်ပြီး သမီးငယ်ကိုသာ တစိမ့်စိမ့် ကြည့်နေ၏ ။ သစ္စာ၏ ယခုလို ပုံစံကို မြင်ရတာ သူ့ရင်ထဲလည်း မကောင်းလှ ။ သို့သော် သူတစ်ယောက်ကတော့ အားလျော့၍ မဖြစ်သေး ။ ထို့ကြောင့် မာန်တင်းထားရသည် ။
ဒေါက်...ဒေါက်
"အစ်ကိုလေး....အစ်ကိုလေး ၊ မသဇင် ရောက်လာတယ် "
အိပ်မည်ကြံရုံရှိသေး ၊ တံခါးခေါက်သံနှင့်အတူ ကိုသက်နောင်၏ စကားကြားသော် သူ အံ့အားသင့်သွားရ၏ ။ ကိုသက်နောင်က ဦးဆောင်၍ လူတချို့နှင့် တစ်နေကုန်တစ်နေခန်း မသဇင်ကို လိုက်ရှာခဲ့ပါသော်လည်း အရိပ်အယောင်ပင် မတွေ့ခဲ့ရပေ ။ ယခု ညကြီးမိုးချုပ်မှ မသဇင်က ဤအိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ချလာသည်တဲ့လား ။
KAMU SEDANG MEMBACA
မဟူရာ ( Completed )
Romansaမဟူရာ အစိမ်းရောင် မျက်ဝန်းတွေနဲ့ မွေးဖွားလာခဲ့တဲ့ အမြွှာနှစ်ယောက်ထဲက ညီမဖြစ်သူ မဟူရာ ။ မဟူရာက မျက်ဝန်းအရောင်တင် မဟုတ်ဘဲ ထူးခြားသော မွေးရာပါ သဘာဝလွန်အစွမ်းတွေပါ ပိုင်ဆိုင်ခဲ့တယ် ။ လူတစ်ယောက်ရဲ့ လက်ဖဝါးကို ဆုပ်ကိုင်ထိတွေ့မိရုံနဲ့ မဟူရာ့ရဲ့ အစိမ်းရေ...