အမှာစာ

21K 1.3K 27
                                    

ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး မမွန် ပြောချင်တာတွေ အတော်များများရှိနေလို့ ဒီအမှာစာလေးကို သည်းခံပြီး အရင်ဖတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်နော်။

ဒီကလေးက သူ့အကြောင်းဇာတ်လမ်းရေးပေးပါလို့ မမွန်ကို လာပြောခဲ့တာမဟုတ်ပါဘူး။ ကျွန်တော့်အကြောင်းကို တစ်ခါလောက်တော့ ပြောပြချင်ပါတယ်၊ ရေးဖြစ်တာ၊ မရေးဖြစ်တာထက် မမွန်ရေးမယ့် နောက်ထပ်ဇာတ်လမ်းတွေ အတွက် တစ်နေရာစာလောက်ပဲ အထောက်အကူရမယ်ဆိုရင်ပဲ ကျေနပ်ပါပြီ ဆိုပြီး လာပြောခဲ့တဲ့သူပါ။

မမွန်အနေနဲ့စာရေးတာကို တန်ဖိုးထားသလို ရေးပေးမယ်လို့ ဆုံးဖြတ်ခဲ့ရင် ကိုယ့်စိတ်ကိုယ် သေချာဖို့ အရင်ဦးစားပေး စဥ်းစားပါတယ်။ ဒီကလေးရဲ့ဇာတ်လမ်းကို ရေးပေးမယ်လို့ ဆုံးဖြတ်ပြီးကတည်းက တွေဝေခဲ့တာမျိုး လုံးဝ မရှိခဲ့ပါဘူး။

ဖြစ်ရပ်မှန်ဆိုကတည်းက ရေးနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဘယ်လိုစကားလုံးတွေသုံးသုံး၊ ဘာစာလုံးတွေနဲ့ ပုံဖော် ပုံဖော် တကယ်ခံစားရင်ဆိုင်ရသူရဲ့ အဖြစ်အပျက်တွေ၊ ခံစားချက်ဒဏ်ရာတွေကို ထပ်တူသရုပ်မဖော်နိုင်ပါဘူး။ မမွန်မှာလည်း စံချိန်တင်နိုင်လောက်တဲ့ အရည်အချင်းမျိုး မရှိပါဘူး။ ဒါဆို ဘာလို့ရေးနေသေးလဲဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။

လက်တွေ့ဘ၀တွေဟာ စိတ်ကူးယဥ်ဇာတ်လမ်းတွေထဲကလို မဟုတ်ဘူးလေ။ မမွန်အနေနဲ့၀ါသနာအရ စာရေးတာမှာ စိတ်ကူးယဥ်ဇာတ်လမ်းက များပါတယ်။ BL တွေရေးတဲ့အခါ ဇာတ်လမ်းထဲမှာ ကိုယ်ဖြစ်စေချင်တာတွေ ပေးဖြစ်ခိုင်းနေပေမယ့် တကယ်ဖြစ်ပျက်နေတာတွေကို လျစ်လျူမရှုချင်ဘူး။ ပြောခွင့်မရ၊ ရင်ဖွင့်ခွင့်မရှိတဲ့ ဘ၀ပေါင်းများစွာအတွက် ကြားခံနယ်ဖြစ်ခွင့်ရရင် ကျေနပ်ပါတယ်။ သူတို့ပြောပြချင်တာတွေကို အရိပ်လောက်ပဲဖြစ်ဖြစ် ပုံဖော်နိုင်ရင် ကျေနပ်ပါတယ်။ ဝိုး၀ါးနေမယ်ဆိုရင်တောင် ကိုယ်တတ်စွမ်းသလောက် ဖြစ်မြောက်အောင် လုပ်ပေးချင်ပါတယ်။

အင်မတန်ခက်ခဲတဲ့ ဇာတ်လမ်းပါ။ နားထောင်နိုင်ဖို့တောင် ခွန်အားယူခဲ့ရပါတယ်။ သူနဲ့ ဖုန်းပြောပြီးတိုင်း လူပါ ခွန်အားတစ်စက်မှ မရှိတော့သလို နုံးကျသွားတဲ့အထိ။ သူငယ်ချင်းက မမွန် ငိုင်နေတာကိုမြင်ပြီးပြောတယ်။ ရင်ဖွင့်လာသူတွေဟာ သူတို့နဲ့အတူ ပြိုလဲသွားတာမျိုး ဖြစ်စေချင်လို့ မဟုတ်ဘူးတဲ့။ သူတို့ပြောတာကို နားထောင်ပေးမယ့်သူပဲ ဖြစ်စေချင်မှာတဲ့။ ဒီအားပေးစကားကြောင့်သာ မမွန်အနေနဲ့.. သြော်.. သူက ငါ့ကိုရေးစေချင်တာ.. ငါ ရအောင် ရေးမယ်ဆိုပြီး အားတင်းနိုင်ခဲ့တယ်။

ဒီဇာတ်လမ်းမှာ စာဖတ်သူတွေအတွက် စိတ်ထိခိုက်ခံစားရမယ့် အကြောင်းအရာတွေပါ၀င်ပါတယ်။ သက်ငယ်လိင်အမြတ်ထုတ်ခံရမှုတွေ၊ အနိုင်ကျင့်မှုတွေပါ၀င်နေပါတယ်။ အသေးစိတ်ရေးထားတာမျိုး မဟုတ်သလို မမွန် မေးလည်းမမေးပါဘူး။ မမွန်ကိုယ်တိုင် ဒီလိုအကြောင်းအရာတွေကို မခံစားနိုင်သူတွေထဲမှာ ပါ ပါတယ်။ ဒါပေမဲ့ ဖြစ်ပျက်ခဲ့တယ်ဆိုတာကိုတော့ စာတစ်ကြောင်း၊ စာတစ်ပိုဒ်နဲ့ မထည့်မဖြစ် ထည့်မှဖြစ်မှာမို့ပါ။

အခုဇာတ်လမ်းမှာလည်း ၂၅ နှစ်တာ အချိန်ကာလရယ် အဖြစ်အပျက်တွေရယ်ကို အပိုင်းတစ်ဆယ်ကျော်လောက်နဲ့ ရေးပြနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ၀တ္ထုပုံစံရေးသားထားတာဖြစ်လို့ မမွန် အနေနဲ့ အလိုက်သင့် အထိုက်အလျောက် ရေးဖြစ်ခဲ့တယ်လို့ပဲ ပြောပါရစေ။

ဒီဇာတ်လမ်းကိုရေးနေရင်း ကွန်ပျူတာပျက်သွားတယ်။ စာမျက်နှာသုံးဆယ်နီးပါး ပျက်သွားပြီး back up ထားတဲ့ ဆယ်မျက်နှာလောက်ပဲ ကျန်ခဲ့တာ။ ဒီဇာတ်လမ်း ဒီအကြောင်းအရာတွေကို နောက်တစ်ခေါက်ပြန်ရေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်လို့ မမွန် တော်တော်လေး စိတ်ဓါတ်ကျသွားခဲ့တယ်။ သုံးရက် သုံးညလုံး ဆော့ဝဲလ်မျိုးစုံ ပရိုဂရမ်မျိုးစုံနဲ့ ဖိုင်ကို ရအောင်ပြန်ယူပေးခဲ့တဲ့ အိမ်က လူကြီးကို ကျေးဇူးတင်လိုက်တာ။

နောက်ပြီး အဓိက ကျေးဇူးတင်ချင်သူက လာပြောပြသူ မောင်လေးကိုပါ။ သူကိုယ်တိုင် ဆွဲပေးတဲ့ ဒီဇိုင်းပုံလေးနဲ့ သူ့ညီမလေး ကိုယ်တိုင် ရေးပေးခဲ့တဲ့ ကဗျာလေးကို အသုံးပြုခွင့်ပေးလို့လည်း ကျေးဇူးအများကြီးတင်ပါတယ်။ တစ်ခါတစ်ခါ မမွန်တို့က တွေးမိတယ်။ ငါ သူဖြစ်ချင်သလို လုပ်ပေးလိုက်နိုင်တယ်ပေါ့။ ဒါပေမဲ့ အပြန်အလှန် မေတ္တာကြားမှာ သူ့ကြောင့်လည်း မမွန် စိတ်ဆန္ဒပြည့်ဝခွင့်ရတာပါ။ ရေးဖြစ်ခဲ့တယ်။ ရေးနိုင်ခဲ့တယ်ပေါ့။ လနဲ့ချီတဲ့ အမေးအဖြေတွေအပေါ် စိတ်ရှည်ပေးလို့ရော၊ နွေးထွေးပေးလို့ပါ ကျေးဇူးတင်ပါတယ်။ အမှတ်တရတွေ အများကြီးထဲကမှ ရယ်သံလေးတွေရှိခဲ့တာလည်း အမြဲသတိရနေပါ့မယ်။

အကြင်နာမွန်

၁၆.၁၁.၂၀၂၀

ရေလိုအေး၍ ပန်းလိုမွှေးစေWhere stories live. Discover now