"မင်း သေချင်နေလား နေလင်းထက်"
"အာကွာ.. အိပ်ချင်လို့ပါဆို"
"မရဘူး"
စာအုပ်ကို မျက်နှာရှေ့ ဗုန်းခနဲ ပစ်ချတာတောင် ဒီကောင် တုပ်တုပ်မလှုပ်ဘူး။ စာသင်ချိန်တိုင်း ခေါင်းမှောက်အိပ်နေပုံနဲ့ ဆယ်တန်းစာမေးပွဲကို ကျွမ်းပြန်နေအောင် ကျဦးမယ့်ကောင်ကို ကျွန်တော်စိတ်မရှည်တော့ဘူး။
"စာလိုက်လုပ်နော်.. ငါ ဆရာမကိုတိုင်မှာ"
"မင်းက ငါ့မိန်းမလား အသက်လေးရ"
တခြားသူတွေ စတိုင်း ဒေါသအကြီးအကျယ်ထွက်တဲ့ ကျွန်တော်က နေလင်းထက်ကိုတော့ စိတ်မဆိုးနိုင်ဘူး။ မင်း ဘာကောင်လဲ ဘာညာဆိုပြီး ပြန်ဟောက်နေပေမယ့် ကျွန်တော် တကယ်စိတ်မဆိုးဘူးဆိုတာကို သူလည်းသိတယ်။ ကျွန်တော် ဆူတော့ "ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး" ဆိုပြီး ပြုံးဖြဲဖြဲနဲ့ အင်္ဂလိပ်ဖတ်စာအုပ်ကိုဖွင့်တယ်။
သူ့ ဘောပင်ကိုလှမ်းယူလိုက်တော့ စာလုပ်ပြီဆိုပြီး ကျွန်တော် စိတ်ချပြီးအကြည့်လွှဲလိုက်တာ မှားသွားတယ်။ ဒီကောင်က ရှိသမျှ အပိတ်တွေမှာအရောင်လိုက်ထည့်နေတာဗျာ။ o p q d တွေကို စိတ်ရှည်လက်ရှည် အရောင်လိုက်ခြယ်နေတာ စာတစ်မျက်နှာလုံးပြည့်မှ ကျွန်တော်တွေ့တယ်။ စိတ်တိုလို့ စာအုပ်ကိုဆွဲယူပြီး ခေါင်းကိုတဗြင်းဗြင်းချတော့လည်း နာရမှန်းမသိတဲ့ကောင်။ စိုးကြီးတို့နဲ့ ရန်ဖြစ်ဖို့ချိန်းထားတာတောင် သတိမရနိုင်အောင် နေလင်းထက်နဲ့ ကျွန်တော်ရန်ဖြစ်နေရတယ်။
ကျောင်းဆင်းချိန်ရောက်တော့ ကျွန်တော်တို့နှစ်ယောက် ခပ်တည်တည်နဲ့ လူရှင်းအောင် စောင့်နေကြတယ်။ အားလုံးအခန်းထဲကထွက်သွားချိန်ထိ ကျွန်တော်တို့နေရာက မထဘူး။
"ဟိန်းသက်၊ မင်း တကယ်ချမှာလား"
"အေး.."
တစ်ခါမှ ရန်မဖြစ်ဖူးတဲ့ ကျွန်တော်ကသာ ခြေဖျားလက်ဖျားတွေ အေးစက်နေတာ။ နေလင်းထက်က အေးအေးဆေးဆေးပါပဲ။ စာအုပ်တွေသိမ်း၊ ဘာညာနဲ့ ထမင်းစားရေသောက် ဖြစ်နေကြကိစ္စတစ်ခုလို လုံး၀ စိတ်မပူဘူး။ တဖြည်းဖြည်းနဲ့ ကျောင်း၀င်းကြီးထဲမှာ စကားသံတွေ တိတ်ဆိတ်လာတယ်။ ကျောင်းသူကျောင်းသားတွေရဲ့ ရယ်သံတွေအစား ငှက်ကလေးတွေရဲ့ အသံလေးတွေ ပြန်ကြားလာရတယ်။ မိုးဖွားလေးတွေကျနေပေမယ့် သည်းကြီးမည်းကြီး ရွာမယ့်ပုံတော့ မရှိဘူး။
ESTÁS LEYENDO
ရေလိုအေး၍ ပန်းလိုမွှေးစေ
Ficción Generalတဖြည်းဖြည်းနဲ့ပျံသန်းရတာ အားနည်းလာတယ် ငါ့ အတောင်နှစ်ဖက်မှာ စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖိနပ်လိုလုပ်စီးတဲ့အခါ အိမ်ပြန်ချိန်တွေပဲ ပါးပါးလာတယ် တသိမ့်သိမ့်ရှိုက်ငိုဖို့နေရာရှာတော့လည်း အမေ့ရင်ခွင်ဟာ ဟိုဘက်ကမ်းက မီးအလင်းရောင်လို မှုန်ပျပျဝေးခဲ့တဲ့ညတွေ ဇာတ်လမ်းမဆ...