တဖြည်းဖြည်းနဲ့ပျံသန်းရတာ အားနည်းလာတယ်
ငါ့ အတောင်နှစ်ဖက်မှာ စိတ်ဒဏ်ရာတွေနဲ့
ဘဝကိုဖိနပ်လိုလုပ်စီးတဲ့အခါ
အိမ်ပြန်ချိန်တွေပဲ ပါးပါးလာတယ်
တသိမ့်သိမ့်ရှိုက်ငိုဖို့နေရာရှာတော့လည်း
အမေ့ရင်ခွင်ဟာ ဟိုဘက်ကမ်းက မီးအလင်းရောင်လို မှုန်ပျပျဝေးခဲ့တဲ့ညတွေ
ဇာတ်လမ်းမဆုံးခင်
ကြော်ငြာဝင်သလို လူတွေအားလုံးဟားတိုက်ရယ်မောခဲ့ကြ
ကိုယ့်ဒူးကိုယ်ချွန်ခဲ့တာပါပဲ
အလင်းနဲ့ဝေးဝေးလာတိုင်း
အမှောင်ထဲနေဖို့ ကျင့်သားရနာကျင်ခဲ့ စိတ်တွေ
တစ်နေ့တစ်နေ့တော့ အိမ်ပြန်လာမယ် မျှော်လင့်ရတာပဲ
ဘယ်သူမှ ဝမ်းနည်းစိတ်နဲ့ ပြောမပြဖြစ်ဘူး
နေ့ခင်းဘက်လူမြင်မခံဝံ့တဲ့ ငှက်ကလေးဟာ
ငါ့နဲ့ မောင်နှမအရင်းဖြစ်တယ်ဆိုတဲ့အကြောင်း...
ဒီကဗျာလေးကို မဂ္ဂဇင်းတစ်ခုမှာ ဖတ်ရတဲ့အချိန်မှာ ကျွန်တော့်အတွက် ပိန်းပိတ်မှောင်တဲ့ လောကထဲမှာ မိုးသောက်ရောင်ခြည်ကို ပြန်မြင်ရသလိုပဲ။ မိန်းကလေးတစ်ယောက်လို နေထိုင်နေတဲ့ အစ်ကိုဖြစ်သူကို ညီမလေး နားလည်ပေးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ချစ်ရသူတွေနဲ့မဆုံရအောင် ရှောင်ပုန်းနေတဲ့ကျွန်တော်က ဒီကဗျာလေးကြောင့် ညီမလေးကို ပြန်ပြီးဆက်သွယ်ဖြစ်ခဲ့တယ်။
"အစ်ကိုတစ်ယောက်အပြင် အစ်မတစ်ယောက် ကောက်ရသလိုပဲ"
မိန်းကလေးလို ဝတ်ထားတဲ့ ကျွန်တော်နဲ့ပြန်ဆုံတော့ ညီမလေးပြောတဲ့စကား။ သူက ကျွန်တော့်အတွက် မေတ္တာလမ်းလေးကို ခင်းပေးခဲ့တယ်။ လမ်းဆုံးမှာ ရပ်စောင့်နေသူက မေမေ။ "မင်း သဘောပါ" လို့ မေမေရော ညီမလေးရော နားလည်ခွင့်ပြုပေမယ့် နောက်ပိုင်းတွေမှာ ကျွန်တော် မိန်းကလေးလို မနေဖြစ်တော့ဘူး။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် စိတ်မလုံခြုံမှုတွေရှိနေသ၍ ကျွန်တော့်ဘဝကို ကျွန်တော် မပိုင်နိုင်ဘူးလေ။ လူတစ်ယောက် လှမ်းကြည့်လိုက်တိုင်း ငါ ဘာပြောခံရတော့မလဲဆိုပြီး စိတ်ထဲတွေးပူနေတဲ့ စဥ်ဆက်မပြတ် ပူလောင်မှုတွေကြားမှာ ရှင်သန်နေရတာ ပင်ပန်းလှပြီ။
VOCÊ ESTÁ LENDO
ရေလိုအေး၍ ပန်းလိုမွှေးစေ
Ficção Geralတဖြည်းဖြည်းနဲ့ပျံသန်းရတာ အားနည်းလာတယ် ငါ့ အတောင်နှစ်ဖက်မှာ စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖိနပ်လိုလုပ်စီးတဲ့အခါ အိမ်ပြန်ချိန်တွေပဲ ပါးပါးလာတယ် တသိမ့်သိမ့်ရှိုက်ငိုဖို့နေရာရှာတော့လည်း အမေ့ရင်ခွင်ဟာ ဟိုဘက်ကမ်းက မီးအလင်းရောင်လို မှုန်ပျပျဝေးခဲ့တဲ့ညတွေ ဇာတ်လမ်းမဆ...