ကျွန်တော်ငယ်ငယ်တုန်းက မီးခြစ်သည်မလေးပုံပြင်ကို ဖတ်ခဲ့ဖူးတယ်။ နှစ်သစ်ကူးတဲ့ညတစ်ည လူတွေအားလုံးပျော်နေကြတဲ့အချိန်။ လက်ဆောင်တွေ၊ တောက်ပတဲ့အ၀တ်အစားတွေ၊ မြင်းလှည်းကြီးတွေ၊ စားကောင်းသောက်ဖွယ်တွေရောင်းနေတဲ့ ဆိုင်ကြီးတွေနဲ့ ထည်ဝါလှပနေတဲ့အချိန်။ အရမ်းချမ်းအေးတဲ့ အဲ့ဒီ့ ဆောင်းရာသီအချိန်မှာ အ၀တ်အစားလုံလုံလောက်လောက်မရှိတဲ့ မီးခြစ်သည်ကလေးမလေးက အိမ်မပြန်ရဲဘူးတဲ့။ သူရောင်းနေတဲ့ မီးခြစ်တွေကို ၀ယ်မယ့်သူမရှိဘူးလေ။ မီးခြစ်တွေမရောင်းရဘဲ အိမ်ပြန်သွားရင် အရိုက်ခံရမှာ အဆူခံရမှာစိုးလို့ မပြန်ရဲဘဲ လမ်းဘေးမှာ ငုတ်တုတ်လေးထိုင်နေခဲ့တယ်တဲ့။ အရမ်းချမ်းလာတော့ အနွေးဓါတ်များရမလားဆိုပြီး မီးခြစ်တစ်ခုကို ခြစ်လိုက်တယ်။ လင်းလာတဲ့ မီးတောက်လေးနဲ့အတူ နွေးထွေးစေတဲ့ မီးလင်းဖိုတစ်ခု သူမြင်လိုက်ရတယ်။
ကျွန်တော်သာ မီးခြစ်သည်မလေးဆိုရင် နေလင်းထက်က ကျွန်တော့်အတွက်တော့ အဲ့ဒီ့မီးလင်းဖိုလေး ဖြစ်လိမ့်မယ်။ သူ့ကြောင့် လူငယ်ဘ၀မှာ နွေးထွေးပျော်ရွှင်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ မီးခြစ်ဆံလေးလောင်ကျွမ်းကုန်ဆုံးသွားချိန်မှာ မြင်ယောင်နွေးထွေးခဲ့တဲ့ မီးလင်းဖိုကြီးပျောက်ဆုံးသွားရသလို နေလင်းထက် ကျွန်တော့်ဘ၀ထဲကနေ တိတ်တိတ်လေး ပျောက်သွားခဲ့တယ်။
ဆယ်တန်းစာမေးပွဲဖြေခါနီးအချိန်တွေမှာ ကျွန်တော့်ကို သူ ရှောင်လာခဲ့တယ်။ စာကြည့်ချိန် ကျောင်းတစ်လပိတ်ပေးချိန်မှာတော့ ကျွန်တော်တို့နှစ်ယောက် အဆက်အသွယ်ပြတ်သွားခဲ့တယ်။ နောက်ဆုံးတစ်ခေါက် ဖုန်းဆက်ခဲ့ချိန်က "မင်း ငါနဲ့ဆက်ပေါင်းရင် စာမေးပွဲမအောင်မှာစိုးတယ်" တဲ့။ ကျွန်တော် စိတ်မကောင်းဘူး။ ဆယ်တန်းကျရင် နောက်နှစ်ကျောင်းဆက်မထားပေးဘူးလို့ ကြီးဒေါ်ပြောတုန်းက သူ အနားမှာ ရှိနေတယ်လေ။ နောက်ပိုင်းတွေမှာ ဖုန်းနံပါတ်မှားနေသလို တတီတီမြည်နေပေမယ့် သတိရတိုင်း ကျွန်တော် အဲ့ဒီ့နံပါတ်လေးကို ဖုန်းခေါ်နေမိတုန်းပဲ။
သူတို့မိသားစု ရန်ကုန်ကိုပြောင်းသွားကြလို့ သူ စာမေးပွဲလည်း လာမဖြေဖြစ်ဘူး။ ပြန်မဆုံဖြစ်ကြတော့ပေမယ့် တစ်သက်လုံးမေ့လို့မရတော့တဲ့ အမှတ်တရတွေ ချန်ထားရစ်ခဲ့တယ်။ ဘယ်အချိန်တွေးတွေး နွေးထွေးပြီး လွမ်းရတာမျိုး။ သူနဲ့ပတ်သက်တဲ့ အိပ်မက်လေးတွေကအစ အမြဲလှခဲ့တယ်။ နိုးလာရင် အဲ့ဒီ့အိပ်မက်လေးကို အရမ်းအဖိုးတန်တဲ့ အရာတစ်ခုလိုမျိုး လှမ်းပွေ့ဖက်ထားချင်တဲ့အထိ။ အထူးသဖြင့် လက်တွေ့ဘ၀တွေဟာ အိပ်မက်ဆိုးတွေလို ခြောက်လှန့်နေတဲ့အချိန်မှာပေါ့။
ČTEŠ
ရေလိုအေး၍ ပန်းလိုမွှေးစေ
Beletrieတဖြည်းဖြည်းနဲ့ပျံသန်းရတာ အားနည်းလာတယ် ငါ့ အတောင်နှစ်ဖက်မှာ စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖိနပ်လိုလုပ်စီးတဲ့အခါ အိမ်ပြန်ချိန်တွေပဲ ပါးပါးလာတယ် တသိမ့်သိမ့်ရှိုက်ငိုဖို့နေရာရှာတော့လည်း အမေ့ရင်ခွင်ဟာ ဟိုဘက်ကမ်းက မီးအလင်းရောင်လို မှုန်ပျပျဝေးခဲ့တဲ့ညတွေ ဇာတ်လမ်းမဆ...