အပိုင်း ၉

3.8K 683 61
                                    

"မင်းလည်း ရန်ကုန်မှာပဲပျော်နေတော့တာပဲ မြေးရယ်၊ အိမ်ပြန်လာဖို့ သတိရော ရသေးရဲ့လား"

ဖုန်းထဲက အဖွားရဲ့ စကားသံက စိတ်မကောင်းတဲ့ဟန် ပါနေတယ်။ ကြီးဒေါ်တို့နဲ့ကျွန်တော် အဆင်မပြေတော့တာကို အဖွားက စိတ်မကောင်းဘူး။ အရင်လိုပြန်ပြီးသင့်သင့်မြတ်မြတ် ဖြစ်စေချင်ပုံရတယ်။ ကြီးဒေါ်က မေမေတို့နဲ့ ပြဿနာတွေရှိသေးတယ်ဆိုပေမယ့် စဖြစ်ဖြစ်ချင်းအချိန်ကလို ဆိုးဆိုးရွားရွား မဟုတ်တော့ဘူး။

"မင်း ကြီးဒေါ်တို့ဆိုင်ကိုလည်း လာကူပါဦးဟယ်၊ နင့်ကိုကျွေးခဲ့ပညာသင်ပေးခဲ့တဲ့ကျေးဇူးတွေကို မမေ့ကောင်းပါဘူး"

ကျွန်တော်မငြင်းနိုင်မယ့် စကားတွေနဲ့ အဖွားကဆက်ပြီးဖျောင်းဖျနေတယ်။ တက္ကသိုလ်က ထွက်မလာခင် ပိုင်ထူးကို ကျွန်တော်ပြောခဲ့ဖူးတဲ့ စကားတွေလိုပဲ တစ်ချို့ကျေးဇူးတရားတွေဟာ အကြွေးထက်ပိုပြီး ကြောက်စရာကောင်းတယ်။ အကြွေးဆိုတာ ယူပြီးရင် ဆပ်လိုက်လို့ရပေမယ့် ကျေးဇူးရှိခဲ့ရင်တော့ ဘယ်တော့မှ ဆပ်မကုန်နိုင်ဘူးလေ။

"ပြန်လာပါ မြေးရယ်၊ မင်းကြီးဒေါ်အိမ်မှာမနေချင်ရင် အဖွားဆီမှာနေ"

"ဟုတ်ကဲ့ အဖွား"

ကျွန်တော့်အသံဟာ မှန်ထဲမှာမြင်နေရတဲ့ မိန်းကလေးလိုမဟုတ်ဘဲ ယောက်ျားသံဖြစ်နေတုန်းပဲ။ အဖွားတို့ဆီပြန်ရမယ်ဆိုရင်တော့ မိန်းကလေးလို ဝတ်စားနေထိုင်နေပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ အိပ်မက်လှလှလေးတွေက နိုးလာရဦးမယ်။

"နင့်အဖွားလား အသက်"

"အေး.. ပြန်လာဖို့ပြောနေတယ်"

"ကောင်းပါတယ်ဟယ်.. နင့်အဖွားဆီ ခဏပဲဖြစ်ဖြစ် ပြန်သွားနေလိုက်ရင် ဒီမှာ အဆောင်နေရာရှာဖို့ စိတ်မပူရတော့ဘူးပေါ့.."

မျိုးကိုယ်တိုင်လည်း မျက်နှာမကောင်းဘူး။ သူလည်း မန္တလေးကို ပြန်သွားရတော့မယ်။ ကိုဇော့်မိဘတွေ ဒီအိမ်ကို ပြန်လာတော့မှာမို့ ကျွန်တော်တို့ အရင်လို ဆက်နေဖို့မဖြစ်နိုင်တော့ဘူးလေ။ ကျွန်တော်တို့အားလုံး ပျော်ရွှင်ခိုနားခဲ့တဲ့ ဒီရိပ်မြှုံလေးကို နှုတ်ဆက်ရမယ့်အချိန် ရောက်လာပြန်ပြီ။ ဗိုလ်ကြီးတောင် ကျွန်တော်တို့ဆီ မလာတော့တာကြာပြီ။

ရေလိုအေး၍ ပန်းလိုမွှေးစေOnde histórias criam vida. Descubra agora