စက်ဘီးကို လက်တစ်ဖက်နဲ့ ထိန်းနင်းနေရင်းက မီးရဲရဲ မြင်ရတဲ့အထိ စီးကရက်ကို ရှိုက်ဖွာလိုက်တယ်။ အများအမြင်မှာဟန်ပါပါဖြစ်အောင် ရည်ရွယ်ပေမယ့် မီးခိုးသီးပြီး ချောင်းတွေဆိုးကုန်တာဗျာ။ ကံကောင်းလို့ စက်ဘီးပေါ်က လိမ့်မကျတာ။ စက်ဘီးချင်းယှဥ်စီးလာတဲ့ မိုးမိုးက ကျွန်တော့်ကိုကြည့်ပြီး ရယ်နေပြီ။
"နင် ဆေးလိပ်တွေခိုးသောက်တတ်နေပြီလား ဟိန်းသက်"
"ဆေးလိပ်သောက်ရင် နှုတ်ခမ်းမွှေးပေါက်မြန်တယ်တဲ့"
"ဘယ်သူပြောလဲ"
"ငါပြောတာ"
"နင်နဲ့တော့ ခက်တယ် ဖိုးသက်ရယ်၊ ယောက်ျားဖြစ်ချင်တာလည်း နင့်အပြင် နှစ်ယောက်မရှိဘူး၊ ပေါင်းလိုက်ရင်လည်း မိန်းကလေးတွေနဲ့ချည်းပဲ"
"ငါ စွံတာကို နင် မနာလိုမဖြစ်နဲ့လေ ကိုကြီးစာဥ"
ငယ်ငယ်က ကစားခဲ့ကြတဲ့ ကိုစာဥနဲ့ မမီးမီးအကြောင်းကို ထည့်နောက်လိုက်တော့ မိုးမိုးက မျက်စောင်းထိုးတယ်။ ကိုးတန်းတက်ကတည်းက သနပ်ခါးမလိမ်းတော့ဘဲ မိတ်ကပ်လိမ်းပြီး ကျောင်းလာတက်တဲ့ ကျွန်တော့် သူငယ်ချင်းမလေးက အရင်ကလို မည်းမည်းပုပုလေး မဟုတ်တော့ဘူး။ အပျိုဖြစ်လာတာနဲ့ အသားတွေဖြူလာပြီး ချောလာတယ်။ အခန်းချင်းမတူတော့ပေမယ့် သူနဲ့ကျွန်တော် ခင်နေဆဲပါပဲ။ ကျောင်းသွားကျောင်းပြန် တစ်ခါတလေ ဆုံဖြစ်ကြတယ်။
အခုတော့ အစ်ကို့ရဲ့စက်ဘီးလေးကို ကျွန်တော်နင်းခွင့်ရနေပြီ။ နောက်ပိုင်းအချိန်တွေမှာ တက္ကသိုလ်ပထမနှစ်ကို အကြိမ်ကြိမ်ကျနေတဲ့ အစ်ကို့ထက် စာတော်တဲ့ ကျွန်တော့်ကို ကြီးဒေါ်တို့ မျက်နှာသာပေးလာကြတယ်။ ဘာသာစုံပထမဆုတွေအပြင် စာစီစာကုံး၊ ပန်းချီတွေမှာပါ မြို့နယ်အဆင့်ထိ ဆုတွေရလို့ တက်ယူရတိုင်း ကြီးဒေါ်တို့က ဒါ ငါတို့သားလေဆိုပြီး ဂုဏ်ယူကြတယ်။
"ဟာ.."
"အမယ်လေး"
ကျွန်တော်တို့နှစ်ယောက်စလုံး လန့်သွားပြီး စက်ဘီးတွေပါ ယိုင်သွားတယ်။ စိတ်ထက်တဲ့ မိုးမိုးက ပရမ်းပတာဆိုင်ကယ်မောင်းသူကို လှမ်းဆဲနေပြီ။ ကံကောင်းလို့ လမ်းဘေးမလဲကျတာ။
YOU ARE READING
ရေလိုအေး၍ ပန်းလိုမွှေးစေ
General Fictionတဖြည်းဖြည်းနဲ့ပျံသန်းရတာ အားနည်းလာတယ် ငါ့ အတောင်နှစ်ဖက်မှာ စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖိနပ်လိုလုပ်စီးတဲ့အခါ အိမ်ပြန်ချိန်တွေပဲ ပါးပါးလာတယ် တသိမ့်သိမ့်ရှိုက်ငိုဖို့နေရာရှာတော့လည်း အမေ့ရင်ခွင်ဟာ ဟိုဘက်ကမ်းက မီးအလင်းရောင်လို မှုန်ပျပျဝေးခဲ့တဲ့ညတွေ ဇာတ်လမ်းမဆ...