( 13 )
ရာသီစက်ဝိုင်းကအချိန်မှန်မှန်လည်ပတ်နေရာမှ တစ်နှစ်ဆိုသော အချိန်တို့ ကုန်ဆုံးသွားခဲ့ပြန်သည်။
ပြာလဲ့ကြည်စင်နေသောကောင်းကင်ကြီးအောက်မှာ တိမ်သားဖြူဖြူတို့က အဆုပ်လိုက်အထွေးလိုက်ဖြင့်ငြိမ်သက်စွာတည်ရှိနေကြပြီးပါးလျလျတိမ်မျှင်တန်းတချို့သာ ရွေ့လျားလို့နေသည်။
ရဲရဲနီသောအပွင့်တို့ပွင့်နေသည့်လက်ပံပင်ကြီးက တပင်လုံး အနီရောင်များ ဖုံးလွှမ်းထားလျက်ကောင်းကင်ပြာကြီးအောက်မှာ ထီးထီးကြီးတည်ရှိနေသည်။
လက်ပံပင်ကြီးရဲ့ဘေးပတ်ဝန်းကျင်တစ်ခွင်လုံးမှာလက်ပံပွင့်နီနီတို့ကကြွေကျနေပြီးမြေပြင်ထက်မှာအနီရောင်ပန်းခင်းကြီးသဖွယ် ဖြစ်ပေါ်နေသည်။
အဝေးမှ လူငယ်လေးတစ်ယောက် လက်ပံပင်ကြီးရှိရာတရွေ့ရွေ့ဖြင့် လျှောက်လှမ်းလာရင်းလက်ပံပင်ကြီးအောက်သို့ ရောက်လာသည်။
လက်ပံပွင့်ကြွေတို့ထက်ကျောခင်းလှဲချလိုက်ပြီး မှိတ်ထားသော မျက်ဝန်းတို့ကို ဖြည်းညင်းစွာဖြင့် ဖွင့်လိုက်ချိန် လက်ပံကိုင်းထက်မှ ငှက်ကလေးတွေ ဟိုခုန်သည်ခုန်ကူးနေတာ မြင်လိုက်ရတော့ နှုတ်ခမ်းသားတို့ကို ဆွဲဆန့်ကွေးညွတ်ပြုံးလိုက်မိသည်။
"ငှက်ကလေးတွေကောင်းကင်အောက်ပျံနေရင်း တိမ်တွေပေါ် ရောက်သွားတဲ့အခါ တိမ်တွေနဲ့ကောင်းကင်ကြီးရဲ့ကြားမှာ ဘာတွေ ရှိသလဲဆိုတာတော့ မြင်ကြရမှာပဲနော်..."
ကလေးဆန်ဆန်အတွေးလေးနဲ့ ပြောခဲ့ဖူးတဲ့ စကားသံတို့ကို နားထဲ ပြန်ကြားယောင်မိရင်း လက်သီးဆုပ်တို့ကို ခပ်တင်းတင်း ညှစ်လိုက်ကာအံတစ်ချက်ကျိတ်လျက်အသံတိတ် ရှိုက်ငိုလိုက်မိသည်။
အသက်ရှုသံခပ်ပြင်းပြင်းထွက်ပေါ်လာချိန်နှင့်တပြိုင်တည်းမှာ မျက်လုံးဒေါင့်စွန်းမှ မျက်ရည်တို့က လိမ့်ကနဲ ကျဆင်းသွားသည်။
လေပွေရူးတစ်ချက်က မြစ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာခြင်းနှင့်အတူ သဲသောင်ပြင်မှ သဲပွင့်တချို့က ဟူးကနဲ မြည်သံပေး၍လေထဲလွင့်လူးသွားလျက် ပတ်ဝန်းကျင်တခုလုံး သဲမှုန်တို့ ဖုံးလွှမ်းသွားသည်။
မျက်နှာပြင်ထက်ဖြတ်သန်းတိုက်ခိုက်သွားသည့် လေပြင်းတချက်ကြောင့် ခန္ဓာကိုယ်အနှံ့ဖုန်မှုန့်တို့ဖြင့်ပေပွသွားမှာသိပေမယ့် သွေးကြောထဲဖြတ်သန်းစီးဆင်းနေဆဲဖြစ်တဲ့ ခံစားချက်တို့ကို ထိန်းချုပ်မရသေးပဲ မျက်ရည်စတို့ဖြင့် စိုလက်တောက်ပနေသည့် မျက်တောင်ရှည်များဝန်းရံထားသည့်မျက်လုံးတို့ကို ဖျပ်ကနဲဖွင့်လိုက်ချိန်
ဟိုး...ပင်ထိပ်ဖျားဆီကလက်ပံပွင့်နီနီရဲရဲတစ်ပွင့်ကလေဟုန်စီးလျက်အရှိန်ခပ်ပြင်းပြင်းဖြင့်ကျဆင်းလာသည်ကို မြင်လိုက်ရသည်။လွင့်ကနဲကျဆင်းလာသော လက်ပံပွင့်လေးကိုမမှိတ်မသုဉ်ငေးမောကြည့်နေရာမှလေပွေတစ်ချက်ထပ်မံတိုက်ခတ်လိုက်ခြင်းကြောင့် မျက်ဝန်းများကို မှိတ်ချလိုက်သည့်အခါ
မျက်ရည်စီးကြောင်းတို့ ဖြစ်ပေါ်လာပြီး မျက်ရည်စက်တချို့ကပါးပြင်ထက်မှ မြေပြင်သို့ခုန်ပေါက်လိမ့်ဆင်းသွားသည်။မှိတ်ထားသော မျက်ဝန်းများကို အားယူကာပြန်ဖွင့်ဖို့ကြိုးစားလိုက်ပေမဲ့ ခန္ဓာကိုယ်တခုလုံးလေးလံထိုင်းမှိုင်းလာခြင်းနှင့်အတူ စိတ်အတွေးအာရုံထဲမှာ
အောက်သို့ကျဆင်းလာသည့် လက်ပံပွင့်နီနီရဲရဲလေးက အထက်သို့ဝေ့ကနဲပျံတက်သွားသည်။လေပြင်းတစ်ချက်အဝေ့မှာ ရေလှိုင်းစီးသလိုမျောလွင့်ပျံတက်သွားသော လက်ပံပွင့်နီနီရဲရဲလေးပေါ်သို့ ကိုစစ်တစ်ယောက်အားယူ၍ လှမ်းခုန်တက်လိုက်သည်။
လက်ပံပွင့်ချပ်တွေပေါ်ခြေဖျားထောက်မိချိန် ငြိမ့်ကနဲမျောလွင့်သွားခြင်းနှင့်အတူ မြေပြင်ထက်မှတဖြည်းဖြည်း မြင့်တက်ပျံသန်းကာဟိုးကောင်းကင်ပြာကြီးအောက် မျောလွင့်နေသော တိမ်စိုင်တို့ဆီသို့ ဦးတည်နေလျက်....
မိုးတိမ်တွေထက်မတ်မတ်ရပ်ကာ ကောင်းကင်ပြာကြီးကို ငေးမောနေသော ကောင်လေးတစ်ယောက်ကို လှမ်းမြင်လိုက်ရချိန် ကိုစစ်နှုတ်ခမ်းသားလေးတို့ချိုမြိန်စွာဖြင့် နောက်သို့တွန့်ကွေးပြုံးလိုက်သည်။
နူးညံတဲ့ချစ်ခြင်းတရားရဲ့အငွေ့အသက်တွေပြည့်နှက်နေတဲ့ရင်ခွင်ထဲမျက်နှာအပ်ရင်း တိမ်စိုင်တို့ရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာ အတူတူငေးကြည့်ဖို့ တဖြည်းဖြည်းနဲ့နီးကပ်လာပြီဆိုတာသိလိုက်ရချိန်လေးမှာပဲ.....
ချစ်ခြင်းများစွာဖြင့်
ချစ်သူ လူဆိုး
YOU ARE READING
တိမ်စိုင်တို့နောက်ကွယ် ...
Romance..... ချစ်သူလူဆိုး ရေးသားသည် ။ ..... ☁ တိမ် 🌨 စိုင် 🌨 တို့ 🌩 နောက် 🌥 ကွယ်