ရှောင်းကျန့်ရဲ့ဖေဖေဟာ သူတို့မြို့မှာရှိတဲ့ စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ရုက္ခဗေဒဌာနမှ ပါမောက္ခ ဖြစ်ပြီး မေမေကတော့ အထက်တန်းကျောင်းက လုပ်သက် ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့ ဆရာမတစ်ဦး ဖြစ်တယ်။
ရှောင်းကျန့်တို့အိမ်လေးဟာ ခြံကျယ်ကျယ်နဲ့ တစ်ထပ်တိုက်ပုလေးသာ ဖြစ်တဲ့အပြင် အိမ်နီးနားချင်းတွေကလည်း တက္ကသိုလ်မှ အငြိမ်းစားယူထားကြသူတွေ အထူးသဖြင့် သက်ကြီးရွယ်အိုတွေသာ..။ သာမန်လူတစ်ယောက် အတွက် ပျင်းစရာကောင်းတဲ့ပတ်ဝန်းကျင်ဆိုပေမယ့် သူ့အတွက်တော့ လူရယ်လို့ဖြစ်လာတည်းက နေထိုင်ခဲ့တဲ့နေရာမို့ သက်တောင့်သက်သာပဲ။
ဘေးကပ်ရပ်အိမ်မှာ အငြိမ်းစားယူထားပြီးဖြစ်တဲ့ ပါမောက္ခချုပ်ဟောင်း Kelvin နဲ့ ပန်းချီဆရာ John တို့ နေထိုင်ကြတယ်။ နှစ်ဦးစလုံးတရုတ်လူမျိုးတွေဖြစ်ပေမယ့် နိုင်ငံခြားမှာနေခဲ့တာကြောင့် သူတို့မှာ English နာမည်တွေရှိကြခြင်းပင်။ ဖေဖေနဲ့မေမေ အလုပ်သွားတဲ့အချိန်တွေမှာ သူကတော့ John တို့အိမ်မှာပဲ သောင်တင်လေတယ်။
သူတို့ ၂ ယောက်လုံးက ရှောင်းကျန့်ကို "ကျန့်ကျန့်" လို့ခေါ်ကြသလို "Sean" ဆိုတဲ့ English နာမည်တစ်ခုလည်း ပေးထားတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးလိုညတွေမှာ စားပွဲပေါ်မှာပါစတာ၊ ပီဇာတွေအပြည့်နဲ့ ၃ ယောက်တည်း ပွဲတော်တည်ကြတဲ့ ညတွေမှာဆို ကြက်သွေးရောင် ဝိုင်နှစ်ခွက်နဲ့ လိမ္မော်ရည် တစ်ခွက်ကမပါမဖြစ်ပဲ။
ပွဲတော်မှမဟုတ် တစ်ခြားသောနေ့တွေမှာလည်း Kelvin က သူ့အကြိုက်တွေချက်ပေးရင်း ညစာအတူတူ စားဖြစ်ကြတာ ပုံမှန်လိုဖြစ်နေကြပြီ။
သူက အနောက်တိုင်းအစားအစာတွေစားရတာရယ် John ပန်းချီဆွဲနေတဲ့ပုံရယ် ကြည့်ရတာကို သဘောကျတယ်။ Kelvin ပြောပြတတ်တဲ့ ပုံပြင်တွေကိုလည်း အမြဲလိုလိုနားထောင်ရင်း ကလေးဘဝတည်းက သူ့ရဲ့အယူအဆ တစ်ချို့ဟာ ပြောင်းလဲခဲ့တယ်။ တစ်နေ့နေ့တစ်ချိန်ချိန် သူ့မှာလည်း John နဲ့ Kelvin လို အေးချမ်းတဲ့ ဘဝမျိုး ရရှိ ပိုင်ဆိုင်လာလိမ့်မယ် လို့တစ်ထစ်ချယုံကြည်ခဲ့ဖူးတယ်။
ဗိုက်ပေါက်မတတ်စားသောက်ပြီးတဲ့နောက် John နဲ့ Kelvin ကိုနှုတ်ဆက်ပြီး သူတို့အိမ်ဘက်ပြန်ကူးလာတော့ ခြံထဲကပန်းပင်တွေကြား အလုပ်ရှုပ်နေတဲ့ဖေဖေ့ကိုတွေ့တယ်။ ခြံတံခါးကနေဝင်လာတဲ့သူ့ကို မြင်တော့ တစ်ချက်လှည့် ပြုံးပြတယ်။
YOU ARE READING
EVENING (Yizhan Story)
Fanfictionနေဝင်ချိန်တွေအတူရှိပြီး အိမ်ပြန်ချိန်တွေ အတူလျှောက်လည်ဖို့ နွေးထွေးတဲ့ လက်တစ်စုံက အံဝင်ခွင်ကျ ဆုပ်ကိုင်ထားဖို့ပဲ လိုအပ်ခဲ့တာပါ။ ကိုကိုနဲ့အတူ ဘဝရဲ့နေဝင်ချိန်တွေအထိ မိုင်ထောင်ချီခရီးနှင်ပါရစေ...။ ........................................... နေဝင်ချိန်...