ရေချိုးခန်း၏ဒုတိယအတွင်းကန်ဘက်တွင်ဘာလဲဟ ချက်ချင်းကြီး။ ငါငြိမ်းကိုသွားပြောလိုက်ရမလား။ မဟုတ်သေးပါဘူး သူခုဆိုအိပ်နေလောက်ပြီ။ ထိုက်တော်ဝင် ငါ့ကိုလန့်အောင်မလုပ်စမ်းနဲ့။ အာ. ရူးချင်လာပြီ။ ဘာတွေအပြောခံရဦးမလဲမသိဘူး။
ထိုက်တော်ဝင်ကိုမြင်လိုက်တုန်းကဆို လက်တွေပါကျဉ်ပြီးနှလုံးတုန်သွားတာများ ကိုယ်တိုင်အသိ။ အဆောင်မှာလည်း ထိုက်တော်ဝင်ကြောင့်သတင်းထွက်နေတာခုမှ အခြေအနေငြိမ်စရှိသေးသည် သတင်းပြန်ထွက်ပြန်တော့မည်ထင်၏။
"ငြိမ်းကိုသွားမေးလိုက်ရမလား။ မဟုတ်သေးဘူး သူသိရင်ထိုက်တော်ဝင်ကိုရန်ရှာလိမ့်မယ်။ ဒါပေမယ့်ငါ သူ့ကိုလန့်တယ်ဟ။အိပ်နေရင်လည်းအတင်းနိုးလိုက်တော့မယ်။ အား ရူးတော့မှာပဲ။"
ထိုက်တော်ဝင်ကိုရှင်းသန့်ဖြူအမှန်တကယ်ကို လန့်ပါသည်။ မထင်ရင်မထင်သလို ဇွတ်လုပ်တတ်လို့။ တော်နေ သူအိပ်နေတုန်း တစ်ခုခုလုပ်လိုက်မှဖြင့်။
ထိုက်တော်ဝင်ပြန်ရောက်တာ အဆောင်မှာဘယ်သူမှမသိသေးဘူးထင်သည်။ အခန်းဝမှာရော ဘေးအခန်းတွေမှာပါလူတွေစုမနေ။ ထိုက်တော်ဝင်နှင့်ရှင်းသန့်ဖြူ ရန်ဖြစ်နေပြီလို့သတင်းကြားတာနဲ့ ဘေးအခန်းမှာရော လှေကားမှာပါ စုပြုံပြီးခိုးနားထောင် ပြီးရင် နားစွန်နားဖျားကြားသမျှပြောကြပြီး နောက်ဆုံးကျ ရှင်းသန့်ဖြူရဲ့အပြစ်။
ရေချိုးကန်ကို ကွယ်ပြီးထိုင်နေရာကနေထပြီးမှ တံခါးဝမှာမြင်လိုက်ရသည်က အခန်းလဲပေးမည်ဟုပြောထားသည့် ပထမနှစ်ကထိုက်တော်ဝင်၏ fan အေးချမ်းနှင်းနှင့် ရှင်းသန့်ဖြူကို စောင်းချိတ်ပြောနေကျ ဖြူဖြူသွယ်က ရေချိုးမည့်ထင်သည် ရင်ရှားနှင့်စကားတပြောပြောလာနေကြသည်။ သူတို့ကိုမမြင်ချင်လို့ပြန်ထိုင်မယ်လုပ်တော့ နှစ်ယောက်လုံးကမြင်သွားကြပြီ။ ရှင်းသန်ဖြူလည်း ကန်ဘောင်ပေါ်တင်ထားသည့် ပိုင်ရှင်မဲ့ရေခွက်နှင့် လက်ဆေးနေလိုက်သည်။ သူတို့နှင့်တကယ်ကိုစကားမပြောချင်။
"အော် ဘယ်သူလဲလို့ အမရှင်းသန့်ကိုး။ ဘာလုပ်နေတာလဲအမ။ ညီမတို့ရေချိုးမလို့ဖယ်ပေးပါလား။ အမရဲ့နေရာက နှင်းရေချိုးနေကျမို့ပါ။ အမြန်ဆေးပြီးထွက်ပေးပါလား။ အဟွန်း အကြီးဖြစ်ပြီးကတိမတည်တာတော့မကောင်းဘူးနော် အမကိုအဆောင်မှာတွေလည်းပြောနေကြပြီ ခုထိထိုက်တော်ဝင်အလာကိုစောင့်နေတုန်းလားတဲ့။"