လက်စွပ်

1.5K 101 4
                                    

ကျူရှင်ဆင်းသည်နှင့် ကျောင်းသားများက သူ့ထက်ငါ အလျှိုလျှိုထွက်သွားကြသည်။

ခွန်မြဲဟိန်သည်လည်း ခါတိုင်းကဲ့သို့ပင် ခိုင်ခံ့မောင်၏ စက်ဘီးကယ်ရီယာပေါ်တွင် တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။

"မနက်စာစားပြီးပြီလား..."

တိတ်ဆိတ်မှုကို ထုံးစံအတိုင်း ခိုင်ခံ့မောင်ကပင် စတင်ဖြိုခွင်းလိုက်သည်။

မြေလမ်း၏တစ်ဖက်တချက်တွင် ပေါက်နေသည့် ပန်းဆီရောင် စက္ကူပန်းဆီသို့ အကြည့်ရောက်နေသည့် ခွန်မြဲဟိန် သည် ခိုင်ခံ့မောင် ၏စကားသံကိုကြားလိုက်သည့်အခါ

"မစားရသေးဘူး။" ဟု ခပ်ပြတ်ပြတ်လေး
ဆိုလာသည်။

ခါတိုင်းဆိုလျှင်၇နာရီတက်ရသည့် ကျူရှင်အတွက် ခွန်မြဲ ၆နာရီကျော်ခန့် အိပ်ရာထကာ ကိုယ်လက်သန့်စင်၊အဝတ်စားလဲ၊ဘုရားရှိခိုးပြီး မေမေပြင်ပေးထားသည့် မနက်စာကိုစားက ခိုင်ခံ့မောင် လာကြိုသည်ကို အသင့်စောင့်နေရုံသာ။

ယနေ့တွင် ၆နာရီခွဲမှ အိပ်ရာနိုးသည့်အပြင် ပျောက်နေသည့်စာအုပ်ကို ရှာမရသဖြင့် မနက်စာစားရန်အချိန် မရခဲ့ပေ။

"အင်း...ဒါဆို မနက်စာ သွားစားကြတာပေါ့။
ခုမှ ၈နာရီခွဲပဲ ရှိသေးတယ်"

"အေး..."

ခိုင်ခံမောင်၏ ဆုံးဖြတ်ချက်ကို ဗိုက်ဆာနေသည့်
ခွန်မြဲဟိန်က လျင်မြန်စွာပင် ထောက်ခံလိုက်သည်။

ခိုင်ခံ့မောင်၏ စက်ဘီးကလေးသည် ကျူရှင်ရှိရာရပ်ကွက်ထိပ်ရှိ ဆီချက်နှင့် ရှမ်းခေါက်ဆွဲဆိုင်လေးတွင် ရပ်လေသည်။

ခွန်မြဲသည် စက်ဘီးပေါ်မှ ခပ်သွက်သွက်ဆင်းလိုက်ပြီး လွတ်နေသော ဝိုင်းရှိ ခုံပုလေးတွင်ထိုင်လိုက်သည်။ ခိုင်ခံ့မောင်လည်း စက်ဘီး ဒေါက်ထောက်ပြီးသည်နှင့် ခွန်မြဲဘေးမှ ခုံလေးတွင် လာထိုင်သည်။

"အန်တီ သားကို ရှမ်းခေါက်ဆွဲတစ်ပွဲပေးပါ။"

ဆိုင်ထဲတွင် ပျံ့လွင့်နေသည့် ခေါက်ဆွဲနံ့သင်းသင်းကြောင့် ခွန်မြဲဟိန်သည် အသံမြည်နေသော သူ၏ဗိုက်ကို ဖိရင်း သည်းခံကာ ရှမ်းခေါက်ဆွဲတစ်ပွဲ ကို ခပ်သုတ်သုတ် မှာလိုက်သည်။

ခိုင်မြဲစေလို...Donde viven las historias. Descúbrelo ahora