အပိုင်း (၅၄)

8.3K 1.6K 46
                                    

                         သွေးကြွေး

ပိုင်ဟူ၏ အကြားအာရုံသည် ငယ်စဥ်ကတည်းက ကျားရဲတစ်ကောင်လို စူးရှထက်မြက်သည် ။ သူသည် အပေါ်ထပ်အခန်းဆီက ငိုရှိုက်သံလိုလို ၊ ရယ်မောသံလိုလိုများ ကြားနေရသည်ဟု ထင်မိသည့်တိုင် အတင့်ရဲပြီး တက်သွားဖို့ရန်တော့ မတွေးပေ ။

ထိုအချိန်တွင် အပြင်ဘက်၌ ညဥ့်ဦးယံ၏ လမင်းက ကောင်းကင်၏ ဗဟိုတည့်တည့်၌ နေရာယူထားလေသည် ။ တိတ်ဆိတ်ကာ အမှောင်ထုကပဲ ကြီးစိုးနေချိန်၌ မြို့တံခါးဆီက ကျယ်လောင်သော ခရာမှုတ်သံ ကြားလိုက်ရလေသည် ။

လဲလျောင်းနေသော ကောင်ငယ်လေး ပိုင်ဟူတစ်ယောက် ရုတ်ချည်းပင် ထရပ်မိသည် ။ သူ၏ အစောင့်တို့သည်လည်း ကြားပုံရသည် ။

"သခင်လေး ၊ ဒီမှာပဲ ခဏနေပါ ၊ ကျွန်တော် သွားကြည့်မယ်''

ပိုင်ဟူ မအိပ်သေးမှန်း သိပုံရသော အပြင်က အစောင့်က တစ်ချက်လှမ်း၍ အကြောင်းကြားသည် ။

မြို့ငယ်များ၌ ထူးခြားဖြစ်စဥ် ရှိမှသာလျှင် ခရာမှုတ်တတ်သည် မဟုတ်ပါလား ။

ကူနန်မြို့ရိုး၌ကား ကမ္ဘာပျက်နေလေသည် ။ အစောင့်များသည် ခရာမှုတ်လျှင် မှုတ်ပြီးချင်း ကျူးကျော်သူ အဖြူရောင်အရိပ်တို့၏ တိုက်ခိုက်ခြင်းခံရကာ မြို့ရိုး၌ပင် အတုံးအရုံး လဲကျအသက်ဆုံးသွားကြလေသည် ။

"တစ်ယောက်မှ မညှာနဲ့ ၊ အစိတ်စိတ် ခုတ်ပိုင်းပစ် ''

ရေခဲတမျှ အေးခဲကာ ရက်စက်လွန်းသည့် အသံတစ်သံက တိတ်ဆိတ်သော လေထုကို ဖြိုခွင်း၍ ပေါ်ပေါက်လာသည် ။ ၎င်း၏ အသံသည် လကွယ်ည တစ္ဆေတစ်ကောင် ဆွဲဆွဲငင်ငင် အော်မြူးသလို ကြောက်မက်ဖွယ်ကောင်းနေပြီး တစ်ဖက်တွင်လည်း ဝိညာဥ်တစ်ကောင်လို နားကြဥ်းချက်တို့ တနင့်တပိုး ထမ်းပိုးထားရသည့်နှယ် ရှိသည် ။

"အဲ့ဒီလို လုပ်ဖို့ လိုလို့လား''

မျက်နှာဖုံးဝတ် အနက်ရောင်ဝတ်ရုံနှင့် အမိန့်ပေးလိုက်သော လူ၏ နံဘေးက ကြောက်မက်ဖွယ် လူပြက် ဆေးရောင်မျက်နှာဖုံးနှင့် အဆမတန် ကြီးမားသော ဓားပြားတစ်လက်ကို သယ်ဆောင်ထားသူက အထက်ပါအတိုင်း မေးလိုက်သည် ။

A Song Of Weeping Willow (Complete)Where stories live. Discover now