ကြိုးကြာဖြူဂိုဏ်း၏ ဆက်ခံသူ
"ပိုင်ဟူ!''
ချွမ်မင်ကျူ့နှင့် ပိုင်ဟူသည် ထမင်းစားခန်းမဆောင်မှ ပြန်၍ ထွက်လာပြီး ဟုန်းယွင်ဂိုဏ်းကို တစ်ပတ်ပတ် ကြည့်နေကြခြင်းဖြစ်သည်။
ဟေမာန်ဆောင်းဦး၏ပြယုဂ် လေအေးအေးက ဝန်းကျင်တွင် တိုက်ခိုက်လျက်၊ ဟုန်းယွင်ဂိုဏ်းက စိုက်ပျိုးထားပါသော ဆောင်တော်ကူးပန်းတို့၏ မွှေးရနံ့က ခပ်သင်းသင်း၊ ပျားပိတုံးတို့ပင် ချိုမြသော ဝတ်ရည်ကို သောက်သုံးရန် ပျံဝဲနေသည်မှာ ပျားပန်းခတ်ဆိုသည့် ဝေါဟာရအား ဖော်ညွှန်းနေသည့်အလား။
"ရှစ်ရှုန်း...ခေါ်တာလား''
ခြေတစ်လှမ်းခန့်အကွာမှ လိုက်လာသော ပိုင်ဟူသည်တစ်စုံတစ်ယောက်၏ အခေါ်ရှိမှုကြောင့် နောက်၌ ကျန်မနေဘဲ ဘေးချင်းယှဥ်ကာ ရပ်လိုက်သည်။ ရှစ်ရှုန်းပြောမည်ကို အလေးထားကြောင်း ပြသသည့်ဟန်အပြည့်။
"ဒီအတိုင်းဆို ဘာမှထူးမယ် မထင်ဘူး''
ချွမ်မင်ကျူ့သည် ကျယ်ဝန်းသော ဟုန်းယွင်ဂိုဏ်းကို တစ်ဆောင်ပြီးတစ်ဆောင်သာ ပတ်ကြည့်လာခဲ့သည်။ သူ့စိတ်နှင့်သာဆိုလျှင် အကုန်လုံးက မသက်ာစရာလူချည်း ဖြစ်နေသောကြောင့် ထိုသို့ပြောချလိုက်လေသည်။
"ဟုတ်တယ်...ရှစ်ရှုန်း...ဒီလို လုပ်ရအောင်...ဖိန်းလိန်ကလူမလို့ သူတို့ကို အရင်သွားစုံစမ်းတာပေါ့...အသုံးဝင်တဲ့အရာတစ်ခုခုသိမနေဘူးလို့ မပြောနိုင်ဘူး''
ပိုင်ဟူပြောသည်က ကျိုးကြောင်းသင့်သော်လည်း ချွမ်မင်ကျူ့ခေါင်းယမ်းသည်။ သူထိုလူတွေနှင့် မျက်နှာချင်းဆိုင်ပြီး မတွေ့ချင်။
"ဒါဆိုလည်း အခြားနည်းစဥ်းစားတာပေါ့...ရှစ်ရှုန်း!''
အရိပ်အကဲကို လျင်မြန်စွာ အကဲခတ်နိုင်ပါသော ပိုင်ဟူက ချက်ချင်းပင် ပြန်ပြောလိုက်သည်။
"အင်း...''
ထိုမျှသာ ချွမ်မင်ကျူ့ ပြန်ဖြေသည်။
သူအတွေးထဲ နစ်မျောသွားပါသည်။မည်သူ့လက်ချက် ဖြစ်နိုင်ပါသနည်း။ ထိုလူသတ်မှုသည် ကူနန်တွင် ဖြစ်ခဲ့သည်တို့နှင့် ခပ်ဆင်ဆင်တူသည်ဟုလည်း ပြောနိုင်သည်။ တပ်အပ်တော့ သူလည်း မပြောနိုင်တော့ပေ။
KAMU SEDANG MEMBACA
A Song Of Weeping Willow (Complete)
Fiksi SejarahTitle - A Song Of Weeping Willow (မိုးမခပင်၏ တေးသံသာ) Start Date- 9.10.2020 Genre- Own Creation, Chinese Historical, Cultivation, Romance, BL