အမှန်တရားအတွက် ရှင်သန်မယ်
ဖန်ပင်းဝိန်သည် သူ၏ ဓားကို အသံမမြည်အောင် ဆွဲထုတ်၍ ကြယ်တစ်သောင်းနန်းတော်၏ တိုင်လုံးကိုကွယ်ကာ ခန်းမဆောင်ထဲက အခြေအနေကို ကြည့်နေသည်။
သူသည် လာသမျှ ကျင့်ကြံသူတို့ကို အလွတ်မပေးဘဲ ဖမ်းဆီးနေသော လူသတ်သမားကို တွေ့မြင်ပြီး ဖြစ်သည်။ တော်တော်များများက ကြယ်တစ်သောင်းနန်းတော်ဆိုကတည်းက ထိတ်လန့်နေကြသောကြောင့် လူသတ်သမားက ထိုအချက်ကို အခွင့်ကောင်းယူကာ အလစ်ငိုက်တိုက်ခိုက်ပြီး လက်ဦးမှုရသွားခြင်း ဖြစ်သည်။
အချိန်များက တရွေ့ရွေ့ ကုန်သွားလေပြီ။
"ကြည့်ရတာ ထပ်လာမယ့်သူ မရှိတော့ဘူး ထင်တယ် ။ မင်းတို့အားလုံး သေဖို့ အဆင်သင့်ဖြစ်ပြီလား ''
လူသတ်သမား၏ စကားသံကြောင့် လှုပ်၍ မရအောင် သွေးကြောပိတ် ဖမ်းခံထားရသော ကျင့်ကြံသူများ လိပ်ပြာလွင့်မတတ် လန့်သွားကြသည်။ သူတို့အားလုံး အစွမ်းရှိသ၍ ကြိုးစားကာ ရုန်းကန်ကြသည်။
"လှုပ်ရွမနေနဲ့ ။ အချည်းနှီးပဲ ။ သက်သက်သာသာ သေချင်ရင် ငြိမ်ငြိမ်နေ''
မျက်နှာဖုံးနှင့် လူသတ်သမားက စိတ်မရှည်စွာ ပြောသည်။
ဖန်ပင်းဝိန် ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူထွက်၍ ရင်ဆိုင်သင့် မသင့် ချင့်ချိန်နေသည်။ သူသည် ဟုန်းယွင်ဂိုဏ်းမှာကတည်းက လူသတ်မှုများနှင့် ပတ်သက်ပြီး စုံစမ်းနေရာ ယခုလို လူသတ်သမားကို တွေ့ရသည်အထိ နောက်ယောင်ခံလိုက်နေခြင်း ဖြစ်သည်။ မျက်နှာဖုံးအောက်က လူကို တပ်အပ်မသိသော်လည်း ခန့်မှန်းမိသည်တော့ ရှိပေသည်။
"ထွက်လာခဲ့! မင်းရောက်နေတာ ငါမသိဘူး ထင်လို့လား''
ခြောက်ကပ်သော အသံက ဟိန်းပြီး ထွက်ပေါ်လာရာ နားထောင်ရသည်မှာ အင်မတန် အကျည်းတန်လှသည်။
ဖန်ပင်းဝိန် ရွေးစရာ မရှိတော့ ။ အကာအကွယ်ပြုထားသော တိုင်နောက်မှ ထွက်လာလိုက်ရသည်။
"အတင့်ရဲလို့ ငါ့နောက်က လိုက်ရဲတယ်''
လူသတ်သမားက စိတ္တဇဆန်စွာ ကြိမ်းမောင်းသည်။
YOU ARE READING
A Song Of Weeping Willow (Complete)
Historical FictionTitle - A Song Of Weeping Willow (မိုးမခပင်၏ တေးသံသာ) Start Date- 9.10.2020 Genre- Own Creation, Chinese Historical, Cultivation, Romance, BL