အပိုင်း (၆)

14.5K 2.4K 220
                                    

သံမဏိနက်နှင်တံဓား

လွန်ခဲ့​သော သုံးရက်ခန့် ကူနန်မြို့...

ကူနန်မြို့သည် ကျင့်ကြံခြင်းလောက၏ အနောက်မြောက်၌ တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။ ၎င်းသည် လျှို့ဝှက်မြို့တော်ဟု အမည်တွင်သော ဟူးဝေနှင့် မိုင်အနည်းငယ် အကွာတွင် ရှိသည်။ ဓားပျံဖြင့်ခရီးနှင်လျှင် အမွှေးတိုင်တစ်တိုင်ခန့်အကွာ၊ မြင်းဖြင့် ခရီးနှင်လျှင် တစ်ရှီချန်ခန့်အကွာတွင် ရှိသည်။

ကြာမြင့်ပြီးသော ဆယ်စုနှစ်တစ်ခုခန့်၌ ကူနန်မြို့တွင် စကားဖြင့်ပင် မဖော်ပြနိုင်လောက်သော ၊ ပြန်ပြောင်းပြောဆိုရန်ပင် မဝံ့ရဲသော ဆိုးဝါးရက်စက်သည့် ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်နောက်ပိုင်းတွင် ကူနန်သည် ကျတ်တီးလွင်ပြင်နှယ် ခြောက်ကပ်သွားပြီး လူပေါင်းများစွာက သွားလာခြင်းမပြုဘဲ ရှောင်ကြဥ်ကြ၏ ။ 

လွန်ခဲ့သော နှစ်ပိုင်းခန့်ကမှသာ ကူနန်သည် ပြန်လည် အသက်ဝင်စည်ကားလာသည်။ ကူးသန်းရောင်းဝယ်သူများ၊ အခြေချသူများ ၊ ကျင်လည်ကြသော ကျင့်ကြံသူများ ရှိလာကာ ယခင်ကအတိုင်း ပြန်၍ ဖြစ်လာသည်။

ကူနန်မြို့၏ ယခုစည်ကားနေပုံက သဘာဝကျလွန်း၍ သူ၏ အတိတ်၌ နာကျင်စရာတို့ မရှိခဲ့သည်အလား ။ ရှေးယခင်များစွာကတည်းက အစဥ်တစိုက် တိုးတက်လာခဲ့သော မြို့တစ်မြို့နှယ် အခြားမြို့များကို ရင်ပေါင်တန်းနိုင်လာပေ၏ ။

ကူနန်မြို့၏ အလယ်တွင် ဝံ့ကြွားစွာ တည်ရှိနေသည်က '' အံ့ချီးအသူရိန်'' မျှော်စင်နှင့် လျှိုစံအိမ်တော်ပင်။

အံ့ချီးအသူရိန် မျှော်စင်ကြီးသည် ကူနန်၏ နှလုံးအိမ်ဟု တင်စားရမည့် အလယ်ဗဟိုတည့်တည့်၌ တည်ရှိကာ တိမ်တမံကို ထိတော့မယောင် မြင့်မားခံ့ထည်စွာရှိ၏ ။ ၎င်းမျှော်စင်ကြီးသည် ကူနန်မြို့ကို ပြန်လည်တည်ဆောက်သည့်အခါမှသာ တည်ဆောက်ထားခြင်း ဖြစ်ပြီး အသစ်စက်စက်သာရှိသေးသည်။

မျှော်စံနှင့်အတူ တည်ရှိသော လျှိုစံအိမ်တော်ကြီးသည်လည်း နန်းတော်တမျှ ခမ်းနားကာ အထပ်အဆင့်ဆင့်ရှိပြီး အချွန်းအတက်တို့ဖြင့် သူ၏ အမိုးကို ဝံ့ကြွားစွာ မွန်းမံထား၏ ။ အဝင်ဝတွင် သွေးရောင်ဖိတ်ဖိတ်တောက်ကာ တလက်လက်တောက်ပနေသော ပတ္တမြားကျောက်ကို ကိုက်ချီထားသည့် ကျားဖြူကြီးနှစ်ကောင် ရုပ်တုက ခံ့ထည်စွာ တည်ရှိသည်။ ကျားဖြူရုပ်တုကြီးများသည် အလွန်အမင်း အသက်ဝင်ကာ မြင်တွေ့ရသူကို ကျောရိုးရှိ ရိုးတွင်းခြင်ဆီများထဲထိ စိမ့်ဝင်သွားစေမည့် အကြောက်တရားကို ဖြစ်ပေါ်​စေသည်။

A Song Of Weeping Willow (Complete)Where stories live. Discover now