အပိုင်း (၂၈)

10.9K 2.1K 134
                                    

နှလုံးသားကို ခပ်ဖွဖွကိုက်နေတယ်

ချွမ်မင်ကျူ့နှင့် ပိုင်ဟူသည် သူတို့၏ ပစ္စည်းများကို တည်ခိုခန်းတွင်ထားရစ်ကာ မြို့အလယ်သို့ လှည့်ပတ်ကြည့်ရှုရန် ထွက်လာကြသည်။

ပိုင်ဟူသည် ချွမ်မင်ကျူ့က မျက်ရည်ပူကျတာ ဟူသည်ကို သာမန်အတိုင်း အကြောင်းပြချက်မျှသာ ပေးလိုက်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံး အရိပ်ရအောင်ထိ ကြီးမားသည့် ကြိမ်ဖြင့်ရက်လုပ်ထားသည့် ဦးထုပ် အဆောင်းတစ်ခုအား ဝယ်၍ပေးရှာသည်။

ချွမ်မင်ကျူ့မှာ ထိုဦးထုပ်ကိုကြည့်ပြီး ငိုရခက် ၊ ရယ်ရခက်။

ထိုအဆောင်းက အနည်းငယ်ကြီးမားသော်လည်း သေချာပေါက်ကို အပူဒဏ်ကိုကာကွယ်သည် ဖြစ်ရာ ချွမ်မင်ကျူ့လည်း ငြင်းမနေတော့ချေ။

"ကျေးဇူးပဲ''

ပိုင်ဟူက ကြီးမားသော ကြိမ်ဦးထုပ်အဝိုင်းကြောင့် ရှစ်ရှုန်း၏ မျက်နှာလှလှ တစ်ဝက်ခန့်ကို အရိပ်ကျသွားသည်ကို ကြည့်ကာ မချင့်မရဲ ဖြစ်သွားသည်။ အနည်းဆုံးတော့ သူငေးကြည့်စရာ နှုတ်ခမ်းပါးများ ကျန်နေသေးသည်။

"မြို့လယ်ကောင် စျေးဖြစ်ဖြစ် သွားကြည့်ရအောင် ။ ပြောမရဘူးလေ အဲ့ဒီနေရာမှာ မိစ္ဆာဖမ်းဖို့ သတင်းအစအနမရနိုင်ဘူးလို့ ။ ပြီးရင် ဒီမြို့အကြီးအကဲအုပ်ချုပ်သူတွေဆီက အဖိုးအခတောင်းမယ် ''

ချွမ်မင်ကျူ့ကား သူ့တွက်ကိန်းနှင့်သူပင်။

"ရှစ်ရှုန်းသဘော...''

ထိုသို့ဖြင့် သူတို့နှစ်ယောက် မြို့လယ် စျေးနေရာသို့ ရောက်လာကြလေသည်။
လူစည်ကားသောမြို့မဟုတ်သောကြောင့် ယခင်က ချွမ်မင်ကျူ့ ဖြတ်သန်းလာခဲ့သော မြို့များနှင့်တော့ မတူချေ။ ဟုန်းယွင်လို တက်ကြွရွှင်မြူးသည့် အငွေ့အသက် သိုင်းခြုံမနေဘဲ ရေပြင်လွှာလို တည်ငြိမ်နေမှုသာ ဝန်းကျင်၌ ခံစားနေရသည်။

သည်လိုမြို့များမှာ ဆိုးဝါးသောင်းကျန်းသည့် မိစ္ဆာရှိနေမည်ဟုတော့ မထင်ချေ။ သို့သော် အရာရာက ထင်မြင်ထားသည့်အတိုင်း ဖြစ်မလာတတ်သည်က လောကသဘာဝမဟုတ်ပါလော။

A Song Of Weeping Willow (Complete)Dove le storie prendono vita. Scoprilo ora