P_1 (uni)

11.5K 644 87
                                    

"ဟာကွာ။ ထပ်ပြီး လမ်းမှားလာပြန်ပြီ"

အစကတည်းက ဒီခရီးစဥ်ကို လက်မခံမိခဲ့ရင် အကောင်းသား။ အငှားကားမောင်းပြီး စားသောက်နေရပေမယ့် ရန်ကုန်မြို့က လွဲရင် ဘယ်နေရာကိုမှ လမ်းကမကျွမ်း။ ဆုံးပါးသွားတဲ့ မိဘတွေကလည်း အကြွေးကလွဲရင် ဘာအမွေမှ ချန်မထားရစ်ခဲ့ကြ။ တစ်ကိုယ်ရေတစ်ကာယသာဆို ကြုံရာအလုပ်လုပ်ပြီး ကြုံသလိုစားလို့လွယ်ပေမယ့် ဆပ်စရာအကြွေးတွေနဲ့မို့ အလုပ်ရွေးနေလို့က မရ။ အဲ့ဒါကြောင်းပဲ ဒီခရီးစဥ်ကို လက်ခံဖြစ်ခဲ့တယ်။ ချင်းပြည်နယ်ရဲ့ အစွန်အဖျားကျနေတဲ့ မြို့လေးကို လိုက်ပို့ပေးရတာ။ တစ်ခါမှ မရောက်ဖူး၊ မသွားဖူးတဲ့ ဒေသဆိုပေမယ့် ပေးတဲ့ငွေက ရသင့်တာထက်ကို သုံးလေးဆလောက် ပိုပေးနေတော့ စိတ်တွေမထိန်းနိုင်ခဲ့ဘူး။

အသွားတုန်းကတော့ ခရီးသည်ရဲ့ လမ်းညွှန်မှုကြောင့် သွားရတာ အဆင်ချောပေမယ့် အပြန်ကြတော့ ဘယ်လိုမှ အဆင်ချောမနေတော့။ အလာတုန်းက လမ်းတွေကို မမှတ်မိတော့တာကြောင့် လမ်းကလည်း ခဏခဏမှားနေတယ်။ နေကလည်း တဖြည်းဖြည်းနဲ့ တာ့တာပြနေပြီ။ ဒီလိုနဲ့ လူခေါင်တဲ့နေရာမှာပဲ ညအိပ်ရတော့မယ်ထင်ပါရဲ့။

ချင်းပြည်နယ်ရဲ့ လမ်းတွေက လူအရောက်အပေါက်နည်းတာကြောင့် ဒုက္ခဖြစ်နေရင်တောင် ကူညီမယ့်သူက ရှိမှာမဟုတ်ဘူး။ တောတောင်ထဲမှာ လမ်းဖြတ်ဖောက်ထားတာမို့ ညညဆို အကောင်ဗလောင်တွေရန်ကလည်း ကြောက်ရသေးတယ်တဲ့။ ဒီကြားထဲ နာနာဘာဝတွေကလည်း ခြောက်တယ်ဆိုပဲ။ ဒီကိုမလာခင်က သူငယ်ချင်းတစ်ယောက် ပြောလိုက်တာတွေကို နားထဲမှာ ပြန်ကြားယောင်လာတော့ ကျောထဲက စိမ့်ပြီး ချမ်းလာသလိုလို။ အဖော်မပါ၊ တစ်ယောက်တည်ဆိုတော့ ပိုပြီးချောက်ချားလာတယ်။ ဒီအတိုင်းရပ်နေလို့တော့ မဖြစ်သေးပါဘူး။ နေကလည်းအခုမှ ဝင်ကာစပဲ ရှိသေးတာမို့ အချိန်ရှိပါသေးတယ်။ မြန်မြန်မောင်းရင်တော့ ရွာတစ်ရွာရွာကို တွေ့မှာပါလေ။

ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ခရီးဆက်လာလိုက်တာ မကြာဘူး လမ်းဘေးမှာထိုင်နေတဲ့ အဖိုးအိုတစ်ဦးကို မြင်လိုက်ရတယ်။ စိတ်ထဲမှာ အရမ်းဝမ်းသာသွားတာနဲ့အတူ အဖိုးအိုရဲ့ဘေးမှာ ကားလေးကိုရပ်ပြီး ဒီအနီးအနားမှာ ရွာရှိလားဆိုပြီး မေးကြည့်လိုက်တယ်။

အလွေလး / အလှလေး (ရပ်နား)Where stories live. Discover now