P_2 (uni)

3.5K 495 107
                                    

အချိန်အတော်ကြာတဲ့အထိ ချီတုံချတုံဖြစ်နေပြီးတဲ့နောက်မှာတော့ အဖိုးအိုပြောတဲ့ စကားတွေကို ပြန်အမှတ်ရမိလာတယ်။

"အဲ့လူနဲ့တွေ့ရင် ဒီပန်းတွေပေးလိုက်ပါ"တဲ့

အဖိုးအိုပြောတာတွေက မှန်နေတာမို့ သူပြောတဲ့အတိုင်းလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး အလင်းတွေဖြာထွက်နေတဲ့ ငွေရောင်ပန်းတွေကို အဲ့လူအနား တိုးကပ်ပေးလိုက်တယ်။ ပန်းတွေသူ့အနား ရောက်သွားတယ်ဆိုရင်ပဲ အဲ့လူရဲ့မျက်လုံးတွေက ဖျတ်ကနဲပွင့်ကျလာတယ်။ သူ့မျက်လုံးတွေက ကျွန်တော်တို့လို အဖြူနဲ့အနက်မဟုတ်ဘူး။ သူ့မျက်လုံးတွေမှာ မျက်စံမပါဘူး။ ဒါမှမဟုတ် မျက်သားမပါဘူး။ ဘာလို့ဆို သူ့မျက်လုံးတွေက တစ်ပြင်လုံး မည်းနက်နေတာမို့။

သူကဖြည်းဖြည်းချင်း အားယူပြီး ထထိုင်လာတယ်။ ကျွန်တော်ကူတွဲပေးဖို့ လက်လှမ်းလိုက်ပေမယ့် မည်းညစ်ညစ်သူ့ခန္ဓာကြောင့် လမ်းတစ်ဝက်မှာပဲ ရပ်တန့်မိလိုက်တယ်။ သူက ကျကျနနထိုင်ပြီးတဲ့အခါမှာ ကျွန်တော့်ကို ကြည့်တယ်။ သူ့မျက်လုံးနက်နက်တွေနဲ့ အကြည့်ချင်းဆုံမိလိုက်တော့ ကျွန်တော့်တစ်ကိုယ်လုံး အေးစက်လာတယ်။ ဘယ်လောက်အထိတောင်လဲဆို အရှင်လတ်လတ်များ ခဲသွားတော့မလားလို့ ထင်မိတဲ့အထိပဲ။ ချက်ချင်းလက်ငင်းကို ကျွန်တော့်ခန္ဓာကိုယ်က ခိုက်ခိုက်တုန်လာတယ်။

သုံးမိနစ်လောက်ကြာတော့ ကျွန်တော့်ဆီကနေပြီး သူ့အ​ကြည့်တွေကို ဖယ်ခွာသွားတယ်။ နောက်တော့ အဖိုးအိုပေးလိုက်တဲ့ ငွေရောင်ပန်းပွင့်တွေကို လက်ညှိုးထိုးပြပြီး လက်ဝါးဖြန့်တယ်။ ပန်းတွေ ယူခိုင်းတာထင်ပါရဲ့။ ကျွန်တော်လည်း တုံ့ဆိုင်းမနေတော့ဘဲ ငွေရောင်ပန်းလေးတွေကို သူ့လက်ဖဝါးထဲ ထည့်ပေးလိုက်တယ်။

------------------------------------------------------------

ကျွန်တော်အိပ်မက်များ မက်နေတာလား။ ဒါမှမဟုတ် ကျွန်တော့်မျက်လုံးတွေများ မကောင်းတော့တာလား။ ကျွန်တော့်အရှေ့က မြင်ကွင်းကို ဘယ်လိုမှ မယုံကြည်နိုင်ဘူး ဖြစ်နေတယ်။ မည်းညစ်နေတဲ့လူက အလင်းတွေဖြာထွက်နေတဲ့ ငွေရောင်ပန်းပွင့်ကလေးတွေကို တစ်ပွင့်ချင်း ယူစားနေတယ်။ သူတစ်ပွင့်စားလိုက်တိုင်း သူ့ရဲ့အသားအအရေက စိုပြေဝင်းပလာတယ်။ ညိုညစ်ညစ်ဆံပင်တွေက ငွေရောင်တောက်တောက်ကလေးတွေအဖြစ် ပြောင်းလဲလာတယ်။ မည်းနက်နက်မျက်လုံးတွေက ကျွန်တော်တို့လို ပုံမှန်မျက်လုံးတွေ ဖြစ်လို့လာတယ်။ နောက်ဆုံး ခြောက်ပွင့်မြောက် ပန်းပွင့်ကလေးကို စားပြီးတဲ့အခါမှာတော့ မထိရက်မကိုင်ရက်လောက်အောင် အရမ်းကိုချောမောလွန်းတဲ့ လူတစ်ယောက်ပုံစံဖြစ်လို့နေပြီ။

အလွေလး / အလှလေး (ရပ်နား)Where stories live. Discover now