ဘေးမှာအိပ်နေပြီဖြစ်တဲ့ အလှလေးကိုကြည့်ပြီး စိတ်ထဲမကောင်းလှ။ ကြမ်းခင်းပေါ်မှာပဲ ဖျာတစ်ချပ်ခင်းပြီး အိပ်ရတာမို့ ကျောတွေနာနေရှာမှာ။ ကျွန်တော်ကတော့ မွေးကတည်းက အိပ်လာတာမို့ အဆင်ပြေပေမယ့် နကိုကတည်းကမှ အလှလေးရဲ့ အသားအရည်ကနုနုလေးရယ်မို့ အဆင်ပြေမယ် မထင်။ အလှလေးကတော့ အဆင်ပြေတယ်လို့ ပြောပေမယ့် ကျွန်တော်မယုံ။ မနက်ဖြန်တော့ ဈေးအသင့်အတင့်လောက်ပေးရမယ့် မွေ့ယာတစ်ခုလောက် သွားဝယ်ဦးမှပါလေး။
ဒီနေ့အလှလေးက နှင်းဆီပန်းစားထားတာမို့ အခန်းထဲမှာ နှင်းဆီရနံ့လေး သင်းနေတယ်။ ရေမွှေးအနံ့လိုမျိုးမဟုတ်ဘဲ ပန်းစစ်စစ်အနံ့မျိုးဖြစ်တာမို့ စိတ်ကိုကြည်လင်လန်းဆန်းစေတယ်။ စိတ်လန်းနေတော့ အိပ့်မက်တွေလည်း လှပတယ်။ တကယ်ပါ အလှလေးက ကျွန်တော့်အတွက် ကောင်းကင်ဘုံက ဖန်ဆင်းပေးတဲ့ လာဘ်ကောင်လေးပဲ။
--------------------
ဟိုတွေးဒီတွေးနဲ့ နောက်ဆုံးတော့ မျက်ခွံတွေလေးလာခဲ့ပြီ။ အရမ်းအရမ်းတွေ အိပ်ချင်နေပြီမို့ မျက်လုံးတွေ မဖွင့်နိုင်တော့။ ဒါပေမယ့် ကျွန်တော်အိပ်လို့မပျော်။ မျက်လုံးမဖွင့်နိုင်လောက်အောင် အိပ်ချင်နေပေမယ့် ကျွန်တော့်မှာ အသိစိတ်ဆိုတာ ရှိနေသေးတယ်။
ရုတ်တရက် ကျွန်တော့်နှာခေါင်းက ဘာအနံ့မှ ရမလာတော့။ အခန်းတစ်ခုလုံး ကြိုင်နေတဲ့ပန်းရနံ့က တိခနဲ ပျောက်ကွယ်လို့သွားတာကို ခံစားမိတယ်။ ပန်းအနံ့မရတော့ဘူးဆိုတော့ အလှလေး မရှိတော့တာလား။ မဖြစ်နိုင်ပါဘူး။ အလှလေးမှာ သွားစရာနေရာမှ မရှိတာကို။ ဒါဆို ပန်းနံ့ကဘာလို့မရတော့တာလဲ။ စိုးရိမ်ပူပန်စွာနဲ့ ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်တယ်။
မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက မရင်းနှီးတဲ့ မျက်နှာကျက်တစ်ခု။ ဘေးဘီကို လျှောက်လို့ကြည့်တော့ အခန်းရဲ့ အလယ်ခေါင်မှာ မီးအိမ်လေးတစ်လုံးထွန်းထားတာကို တွေ့ရတယ်။ မီးအိမ်ရဲ့ အလင်းရောင်က မှိန်ပျပျရယ်မို့ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမမြင်ရ။ ကျွန်တော် ဘယ်ရောက်နေတာလဲ။ ဒါက ဘယ်နေရာလဲ။ အလှလေးကရော...
YOU ARE READING
အလွေလး / အလှလေး (ရပ်နား)
RomanceFiction ဆိုတဲ့အတိုင်း စိတ်ကူးယဥ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အပြင်မှာ တကယ်မရှိပါဘူး။