အချိန်အားဖြင့် တစ်ပတ်ကြာခဲ့ပြီ။ ကျွန်တော်လည်း အလှလေးနဲ့ နေသားကျလုလု ဖြစ်နေခဲ့ပြီ။ အလှလေးရဲ့ ကျွန်တော့်အကြွေးတွေကျေအောင် ဆပ်ပေးမယ်ဆိုတဲ့စကားက အတည်ပြောတာထင်တယ်။ အလှလေးရောက်လာတဲ့ တစ်ပတ်အတွင်း အလုပ်တွေ အရမ်းကို အဆင်ပြေလာတာကတော့ အမှန်ပင်။
ကျွန်တော်က အိမ်ပြောင်းအိမ်ရွေ့ရာမှာ အသုံးပြုရတဲ့ ပရိဘောဂတင် ယဉ်မောင်းတစ်ယောက်။ ဖေဖေရှိတုန်းကလည်း ဒီအလုပ်ပဲ လုပ်ခဲ့တာမို့ ဖေဖေဆုံးတော့ ဖေဖေ့နေရာကို ကျွန်တော်က အမွေဆက်ခံလိုက်တယ်။ ကျွန်တော်မှာလည်း တတ်တာဆိုလို့ ကားမောင်းတာပဲ ရှိနေတာကိုး။ ဖေဖေကလည်း ဒီတစ်ခုပဲ ပညာအမွေပေးနိုင်ခဲ့တယ်။
ကျွန်တော်ငယ်ငယ်ကတော့ ဖေဖေက ရုံးဝန်ထမ်းတစ်ယောက်ပဲ။ လခစားဘဝက မေမေရှိတုန်းကတော့ အဆင်ပြေပါတယ်။ နောက် မေမေဆုံးသွားတော့ ကျွန်တော်တို့ သားအဖနှစ်ယောက်တည်း ဘယ်လိုမှ အဆင်မပြေတော့ဘူး။ မေမေဆုံးတော့ ကျွန်တော်ကလည်း သုံးနှစ်သားလေးပဲ ရှိသေးတာမို့ အဖေ့အတွက် ပိုပြီး ဝန်ပိခဲ့တယ်။
အဖေက သုံးနှစ်သားလေး ကျွန်တော့်ကို အိမ်မှာထားခဲ့ပြီး အလုပ်သွားဖို့ မဖြစ်နိုင်ခဲ့ဘူး။ အလုပ်ကို ခေါ်သွားဖို့ကလည်း အဆင်မပြေပြန်။ ဘေးအိမ်မှာ အပ်ထားခဲ့ဖို့ကလည်း ရည်ရှည်ဆို မလွယ်ကူ။ ကလေးထိန်း ငှားဖို့ကျတော့လည်း စိတ်မချနဲ့ဆိုတော့ ဘယ်လိုလုပ်လို့ လုပ်ရမယ်မှန်း မသိခဲ့ဘူးတဲ့။ အဲ့ဒါကြောင့် နောက်ဆုံးတော့ အဖေဟာ ဝန်ထမ်းအလုပ်ကို စွန့်လွှတ်လိုက်တယ်။
နောက်တော့ အဖေ့မိတ်ဆွေတစ်ယောက်က အရင်းအနှီးလုပ်ဖို့ဆိုပြီး အတိုးနည်းနည်းနဲ့ ငွေထုတ်ချေးပေးတယ်။ အဲ့ငွေတွေနဲ့ အဖေက ကားတစ်စီး ဝယ်လိုက်ပြီး အိမ်ပြောင်းအိမ်ရွေ့လုပ်တဲ့နေရာမှာ ပစ္စည်းပစ္စယတင်ဖို့ အငှားလိုက်ခဲ့တယ်။ အဲ့အလုပ်က ကျွန်တော့်ကိုပါ ခေါ်သွားလို့ရတော့ အတော်လေး အဆင်ပြေတယ်လို့ ပြောရမယ်။
ကျွန်တော်တို့ သားအဖနှစ်ယောက် ကားတစ်စီးနဲ့ မြို့ပတ်ကြတယ်။ ထမင်းကို ကြုံသလို စားဖြစ်ကြတယ်။ ဒီလိုနဲ့ ကျွန်တော်ကျောင်းတက်ရမယ့် အရွယ်ကို ရောက်လာခဲ့တယ်။
YOU ARE READING
အလွေလး / အလှလေး (ရပ်နား)
RomanceFiction ဆိုတဲ့အတိုင်း စိတ်ကူးယဥ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အပြင်မှာ တကယ်မရှိပါဘူး။