Part-7

4K 346 17
                                    

Unicode Version

ယခုထိ​ထိတ်လန့်စိတ်မပြယ်သေးပုံရသောကာရန်ရှင်းဟာ အမြင်အားဖြင့်တည်ငြိမ်နေသော်ငြား မျက်တောင်ခပ်စိတ်စိတ်တို့ကတဖျတ်ဖျတ်ခတ်၍ သူ၏ဂနာမငြိမ်မှုကိုသက်သေထူနေ၏။ ညီသုတကလည်း ကာရန်ရှင်းကို အမြွှာနှစ်ယောက်၏အိမ်ထဲသို့ ခေါ်လာခဲ့ပြီး ရေတစ်ခွက်ခပ်ပေးလိုက်သည်။ ဆံစပ်နားတွင် တွဲလဲခိုနေသေးသောချွေးစေးချွေးပေါက်များကိုလည်း မြင်မိလေရာ ညီသုတက ပန်ကာအပုလေးကိုလည်း ကာရန်ရှင်းဘက်သို့ လှည့်ပေးထားလိုက်သေးသည်။

"အခုနည်းနည်းအဆင်ပြေသွားပြီလား"

ညီသုတ၏အမေးကို ကာရန်ရှင်းကခေါင်းညိတ်ပြ၍ တုန့်ပြန်သည်။ ထို့နောက် ညီသုတကိုပင် မကြည့်တော့ဘဲ အိမ်အတွင်းပိုင်းကို ဟိုဟိုသည်သည်အကြည့်ဝေ့ဝဲနေလေ၏။

"ငါတို့အခုရပ်ကွက်ရုံးကိုသွားရတော့မှာ။ မင်းရဲ့အိမ်ကိုဖုန်းဆက်ထားပြီးပြီလား"

"အင်း ဆက်ပြီးပြီ"

ကာရန်ရှင်းက သူ၏ဆံစများကိုထိုးဖွလိုက်ပြီးနောက် ထိုင်နေရာမှမတ်တပ်ထရပ်သည်။ ညီသုတကလည်း စကားတစ်ခွန်းမဆိုတော့ဘဲ သူနှင့်အတူ အိမ်ထဲမှပြန်ထွက်လာခဲ့လိုက်သည်။

"ရော့ ဒါလေးစားလိုက်"

နှစ်ယောက်သားဘေးချင်းယှဥ်လျက် လမ်းလျှောက်နေရာမှ ညီသုတဆီမှ စကားသံထွက်လာသဖြင့် ကာရန်ရှင်းကစောင်းငဲ့ကြည့်လိုက်သည်။ ညီသုတက သူ၏ဘေးတွင်လမ်းလျှောက်နေရင်း သူ၏ညာဘက်လက်ထဲမှ ချိုချဥ်တစ်လုံးကို ကာရန်ရှင်းကိုကမ်းပေးနေလေ၏။

ကာရန်ရှင်းကလည်း ချိုချဥ်ကိုမယူသေးဘဲ ညီသုတကိုနားမလည်ဟန်ဖြင့် စိုက်ကြည့်မိလေရာ ညီသုတကနေရခက်စွာပြုံးရင်း နားထင်ကိုလက်ညှိုးနှင့်ကုတ်ခြစ်နေ၏။

"ငါကြောက်တဲ့အချိန်တို့ စိတ်ဂနာမငြိမ်ဖြစ်နေတဲ့အချိန်မျိုးဆိုရင် အချိုတစ်ခုခုစားလိုက်တာပဲ များသောအားဖြင့်တော့ဒီချိုချဥ်ကိုစားဖြစ်တယ်"

"အဲ့လိုစားတော့ ကြောက်စိတ်ကပြေသွားရောလား"

"ကြောက်စိတ်မပြေပေမယ့် အာရုံတော့ပြောင်းသွားတာပဲလေ။ ငါထင်တာကတော့ ကြောက်တယ်ဆိုတာကငါတို့ကအဲ့ဒီကိစ္စကိုအရမ်းအာရုံစူးစိုက်နေလို့ဖြစ်တာပဲမလား။ အဲ့လိုအချိန်မှာ အတွေးတွေကဟိုရောက်ဒီရောက်နဲ့အာရုံလွင့်အောင်လုပ်နိုင်ရင် အဲ့ဒါကသိပ်ကြောက်ဖို့မကောင်းတော့ဘူးလို့ထင်တယ်"

Mr.Silent (Completed)Where stories live. Discover now