Part-43

2.8K 253 21
                                    

Unicode Version

အဆောက်အဦး၏အပြင်သို့ထွက်လိုက်သည်နှင့် ပုံမှန်နှင့်မတူဘဲ ချမ်းစိမ့်နေခြင်းနှင့် ပတ်ဝန်းကျင်တစ်ခုလုံး စိုစွတ်နေမှုကြောင့် မိုးရွာထားသည်ဖြစ်ကြောင်း သူသတိပြုမိသွားသည်။ ကာရန်ရှင်းသည် အိပ်ရာနိုးကတည်းက ခေါင်းမကြည်မလင်ဖြစ်နေပြီး ဘာကိုမှ အာရုံစိုက်မရ။ သူ၏အခန်းထဲက ထွက်လာပြီး ဓာတ်လှေကားထဲသို့ ဝင်စဉ်ကလည်း အထပ်မှားနှိပ်မိ၍ လိုရာသို့ချက်ချင်းမရောက်လိုက်ဘဲ ဖင့်နှေးရသေးသည်။

ယခုလည်း ကားပါကင်ထဲမှကားသည် ထားနေကျနေရာတွင်သာ ရှိသော်လည်း အာရုံမရသောသူကတော့ အရာရာသည် အလွဲလွဲအချော်ချော်ဖြစ်နေရသည်။

သူ၏အာရုံသည် မနေ့က သူလုပ်ခဲ့သမျှကိစ္စများထံ၌သာ တဝဲလည်လည်ဖြစ်နေသည်။ သူသည် ထရစ်စတန်အဖြစ်နှင့်ရှိနေစဉ် သိသာသောအမှားတစ်ခု ပြုခဲ့မိသည်။ ညီသုတမေးသော 'ဘယ်အချိန်လဲ´ဟူသည့်မေးခွန်းကို မြန်မာစံတော်ချိန်အတိုင်းသာ ဖြေခဲ့မိသည်။ ထိုအချိန်ကတော့ သူသည် အမှားလုပ်မိသည်ကိုပင် သတိမပြုမိခဲ့ချေ။

စကားပြောနေရင်း ညီသုတက လိုင်းပေါ်မှ  ရုတ်တရက်ပျောက်သွားသောအခါမှသာ သူသည် တစ်စုံတစ်ရာမှားယွင်းနေလေပြီဖြစ်ကြောင်း သတိပြုမိသွားသည်။ ဖြစ်ခဲ့သမျှကို သေချာပြန်စဉ်းစားကြည့်ကာမှ သူဟာ ပြင်မရသော အမှားကို ပြုလုပ်လိုက်ပြီဟု သေချာသွားလေ၏။

အဆုံးတွင် သူသည် ညီသုတ သူ့ကိုရိပ်မိသွားသလားဆိုသည်ကိုပင် ကောင်းစွာမဝေဖန်၊ မပိုင်ခြားတတ်တော့သည်အထိ အာရုံပျံ့လွင့်သွားရသည်။ ထိုအတွေးများနှင့်ပင် ညကလည်း ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့။ မိုးလင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားပြီးနောက် နှိုးစက်သံကြား၍ လန့်နိုးလာချိန်တွင် သူ့အိပ်ချိန်မှာ နှစ်နာရီမျှသာရှိကြောင်း သိလိုက်ရသည်။

ညီသုတရိပ်မိသွားမည်ကို ဤမျှအထိမကြောက်။ ထရစ်စတန်ဟာ သူပင်ဖြစ်ကြောင်း သိသွားပြီးနောက် သူ့ကို ပို၍စိမ်းကားသွားမည်ကို စိုးကြောက်နေခြင်းသာဖြစ်၏။ ရင်ကိုဖိစီးသော အတွေးများက စိတ်နှလုံးကိုပါ သွေးပျက်စေပြီး အသိစိတ်တစ်ခုလုံးအား ဝါးမြိုသည်။

Mr.Silent (Completed)Where stories live. Discover now