Unicode Version
သာမန်စုံတွဲများလို တန်းတူအခွင့်အရေးလိုချင်သည်ဟု တကျီကျီပူဆာနေသော ကာရန်ရှင်းကြောင့် ညီသုတမှာ မိသားစုဝင်များနှင့်သူငယ်ချင်းများသာပါဝင်မည့် လက်ထပ်ပွဲလုပ်မည်ဟူသော တောင်းဆိုချက်ကို လက်ခံခဲ့ရသည်ဖြစ်ရာ လက်ထပ်ပွဲမတိုင်မီ Pre Wedding ဓာတ်ပုံများရိုက်ထားချင်သေးသည်ဟူသောအချက်ကိုလည်း လိုက်လျောခဲ့ရသည်။
ထိုသဘောတူညီချက်ကြောင့် သူတို့နှစ်ယောက်သည် နာမည်ကြီးဓာတ်ပုံဆရာတစ်ယောက်၏စတူဒီယိုသို့ ရောက်ရှိနေကြပြီး ကြိုတင်ပြင်ဆင်လာသောဝတ်စုံများကို လဲကြရသည်။ အနောက်တိုင်းဝတ်စုံနှင့် ဓာတ်ပုံတချို့ရိုက်ပြီးနောက် ကာရန်ရှင်း၏အဘိုးက တောင်းဆိုထားသည့်အတိုင်း ကိုရီးယားရိုးရာဝတ်စုံနှင့်ပါ စုံတွဲဓာတ်ပုံများရိုက်ကြရဦးမည်မို့ ညီသုတမှာ သူနှင့်မရင်းနှီးသော အလွှာလွှာအထပ်ထပ်နှင့်ဝတ်စုံကို ကာရန်ရှင်း၏အကူအညီနှင့် ဝတ်ဆင်ခဲ့ရသည်။
"အား... ဘာလို့ဒီလောက်တောင်လိုက်ဖက်နေရတာလဲ။ အရမ်းကြည့်ကောင်းတယ်"
ကာရန်ရှင်းသည် ညီသုတဝတ်ဆင်ထားသောရေညှိစိမ်းရောင်ဝတ်စုံလေးကို အထက်အောက်စုန်ချည်ဆန်ချည်ကြည့်ရှူကာ အလွန်နှစ်ခြိုက်နေလေသည်။ ညီသုတမှာ သူနှင့်စိမ်းသက်သောဝတ်စုံကို ဝတ်ဆင်ထားရသဖြင့် အနည်းငယ်နေရခက်နေသော်လည်း ကာရန်ရှင်းကတော့ဖြင့် အသည်းယားနေဟန်နှင့် သူ့ကိုအတင်းဖျစ်ညှစ်ပြီး ပွေ့ဖက်ထားလေရာ သူ့မှာ မပြုံးဘဲမနေနိုင်အောင် သဘောကျနေရတော့သည်။
ညီသုတလည်း ကာရန်ရှင်းဝတ်ထားသောဝတ်စုံကို အမှန်တကယ်စိတ်တိုင်းကျသည်။ ခရမ်းရောင်ခပ်ဖျော့ဖျော့ဝတ်စုံသည် ကာရန်ရှင်း၏အသားအရည်နှင့်လိုက်ဖက်နေသည့်အပြင် အကြည့်မလွှဲချင်လောက်အောင် ခန့်ညားနေစေလေရာ သူ့မှာ ကာရန်ရှင်း၏မရည်ရွယ်သောဆွဲဆောင်မှုတွင် ရုန်းမရပြုမရပြိုလဲရသည်။
ဓာတ်ပုံတချို့လှလှပပထွက်လာစေရန် အားစိုက်ထုတ်ရသည်မှာ ပင်ပန်းလှသော်လည်း ကာရန်ရှင်းပျော်နေသည်ကိုမြင်ရ၍ သူကျေနပ်မိသည်။ ဝတ်စုံတစ်စုံပြီးတစ်စုံလဲရလည်း သူမမှုတော့ပေ။ ကင်မရာရှေ့တွင် အနေခက်ရလည်း ဂရုမစိုက်တော့။ ကာရန်ရှင်း၏အပြုံးများ ဝေဝေဆာဆာထွက်ပြူလာသောကြောင့် သူပင်ပန်းရကျိုးနပ်သည်ဟူသောအတွေးသာရှိတော့သည်။
YOU ARE READING
Mr.Silent (Completed)
Romanceသူ့တစ်ယောက်တည်းကို ကွက်ပြီး သစ်စိမ်းချိုး ချိုးနေတဲ့အချေကိုယ်တော်လေးကိုမှ ချစ်မိသွားတဲ့ညီသုတနဲ့.. ရှောင်ပြေးချင်ခဲ့တဲ့အချစ်မှာပဲ ကိုယ်တိုင်စိတ်လိုလက်ရဝင်တိုးမိခဲ့တဲ့ ကာရန်ရှင်းတို့နှစ်ယောက်ရဲ့ ကံကြမ္မာအပြောင်းအလဲတွေ ဆက်တိုက်ကြုံလာရတဲ့အခါ......... St...