Part-21

2.8K 267 26
                                    

Unicode Version

ညီသုတ၊ လင်းထက်ပိုင်နှင့် စွမ်းထက်ပိုင်တို့သည် ဆိုင်ကယ်တစ်စီးစီဖြင့် ရပ်ကွက်ထဲမှ ထွက်လာခဲ့ကြသည်။ အချိန်သည် မနက်ရှစ်နာရီခန့်ရှိပြီဖြစ်သဖြင့် အဖြူအစိမ်းဝတ်ကျောင်းသားများက ကျောင်းရှိရာဆီသို့ ဦးတည်နေကြချိန်တွင် သူတို့သုံးယောက်သည် ဝတ်ကောင်းစားလှများ ဝတ်ဆင်ကာ ရှိုးအပြည့်ထုတ်ထားကြသဖြင့် ဖြတ်သွားဖြတ်လာကျောင်းသားများက မနေနိုင်တော့ဘဲ လှမ်းအော်ကာ မေးကြသည်။

"ကိုကြီးသုတတို့ ကျောင်းမသွားဘဲ ဘယ်ကိုလစ်မလို့လဲ"

"မြို့ထဲကိုဟေး..."

"ဘာလို့တုန်း."

"ဝါးတီးဟေ့ ဝါးတီး"

ဆိုင်ကယ်စက်သံနှင့်အတူ စွမ်းထက်ပိုင်၏ အားပါးတရအော်ဟစ်သံသည် အနောက်မှကျောင်းသားများထံတွင် ကျန်ရစ်ခဲ့သည့်နောက် ကျောင်းသားများ၏ အော်ဟစ်သံများလည်း ဟိန်းထွက်လာသည်။ သို့သော် အဝေးသို့ဦးတည်ခဲ့ပြီဖြစ်သော စွမ်းထက်ပိုင်ကမူ ထိုစကားများကို မကြားနိုင်တော့ချေ။

ယနေ့သည် ညီသုတ၏မွေးနေ့ဖြစ်သောကြောင့် သူတို့သုံးယောက်သား အထူးတလည်ကျောင်းပျက်လိုက်ကြသည်။ အိမ်မှမိဘများက လက်မခံချင်သော်ငြား ပြောမရဆိုမရသည့် သုံးယောက်ကို တစ်ရက်တာမျှ လွတ်လပ်ခွင့်ပေးထားရလေသည်။

ယနေ့အတွက် အစီအစဥ်သည် ယခင်နှစ်များကလို မလုပ်နိုင်တော့သော်လည်း သူတို့ကတော့ ဤမျှနှင့်ပင် တင်းတိမ်နိုင်ရန် ပြင်ဆင်ခဲ့ကြသည်။ ပထမဦးဆုံး Lotteriaသို့ သွား၍ စားကြသောက်ကြမည်။ ထို့နောက် Soprano KTVသို့ သွားကာ နှစ်နာရီမျှ အချိန်ဖြုန်းကြမည်။ အစီအစဥ်သည် ယခင်နှစ်များကဲ့သို့ မပြည့်စုံသော်လည်း မွေးနေ့ပွဲမလုပ်လိုက်ရသည်နှင့်ယှဥ်လျှင် တော်ပေသေးသည်။

ညီသုတသည် ဆိုင်ကယ်မောင်းလာသည့်တစ်လျှောက်လုံး စိတ်အာရုံပျံ့လွင့်နေသဖြင့် အန္တရာယ်များလှသောအခြေအနေကြောင့် ကိုယ့်ကိုယ်ကိုယ်သတိပြန်ပေးနေရသည်။ ယနေ့တွင် ကာရန်ရှင်းသည် သူ၏မွေးနေ့ကိုပင် မသိလိုက်ပါဘဲ ခရီးထွက်သွားလေပြီဖြစ်ရာ ညီသုတသည် မွေးနေ့ရက်၌ ပျော်သင့်သလောက် မပျော်ရပါ။ ကာရန်ရှင်း၏မိသားစုအရေးအတွက် ခရီးသွားရခြင်းကိုလည်း မတားဆီးလိုခဲ့သဖြင့် သူ၏မွေးနေ့ကို ထုတ်မပြောဖြစ်လိုက်သော်လည်း တစ်ဖက်၌ ကာရန်ရှင်းက သူ၏မွေးနေ့ကို မသိရကောင်းလားဟူသော အတွေးဆိုးတစ်ခုလည်း ရှိနေပေသည်။

Mr.Silent (Completed)Where stories live. Discover now