၁၇။ ရွှေပေါ်မြတင် (၁၇)

2.3K 317 1
                                    

ရွှေပေါ်မြတင် (၁၇)
~~~~~~~~~~~~~~

ပေါက်ကွဲမှုကြောင့် လင်ဟောက် ခေါင်းက အနည်းငယ်ထိခိုက်သွားကာ သတိလစ်သွားပြီး ခြေထောက်ကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားခဲ့သည်။ သူ သတိရလာသည်နှင့် ပထမဆုံး သူ့စိတ်ထဲ တွေးမိသည်က ရွှီမိသားစုအပေါ် ကလဲ့စားချေရန်။ သို့သော်လည်း သူ့ဘက်ကတောင် စတင်မလှုပ်ရှားရသေး၊ လင်းမိသားစု ကုမ္ပဏီလုပ်ငန်းများကို တရားမဝင် ကုန်သွယ်မှု၊ အခွန်ရှောင်မှုများဖြင့် သက်သေအခိုင်အလုံနှင့်တကွ တရားစွဲဆိုခံလိုက်ရလေသည်။ ဤအဖြစ်များက ရုတ်တရက်လည်းဖြစ်၊ မြန်လည်း မြန်ဆန်လွန်းလှသဖြင့် သူတို့ ပြန်ပင် မတုံ့ပြန်နိုင်။ သူတို့ စတင်ရင်ဆိုင်တုံ့ပြန်မည်ပြုတော့ တရားရုံးက လုပ်ငန်းများကို ချိတ်ပိတ်ပြီးနှင့်ပြီ။

လင်းမိသားစု လုပ်ငန်းများနှင့် အဆက်အစပ်ရှိသော လုပ်ငန်းများလည်း ရုတ်တရက် စာချုပ်များ ပယ်ဖျက်ကာ ဆက်၍ မပတ်သက်တော့၊ ရင်းနှီးမြုပ်နှံမှုများ ချက်ချင်းဆိုသလို ရပ်ဆိုင်းသွားခဲ့သည်။ သူတို့နှင့် ရင်းနှီးခဲ့သော အခြား လူကုန်ထံ လူချမ်းသာအသိုင်းအဝိုင်းများက ယခုတော့ သူတို့ကို ပလိပ်ကပ်ဆိုးသဖွယ် ရှောင်ကြဉ်နေကြလေပြီ။ အကြွေးရှင်များက အိမ်တံခါးဝထိ လာရောက် နှောင့်ယှက် အကြွေးတောင်းကြသည်။ လင်းမိသားစုမှာ အတိဒုက္ခရောက်၍ ကူကယ်ရာမဲ့ဖြစ်နေတော့၏။

"ကျုပ်တို့ ခင်ဗျားကို မကူညီချင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ကျုပ်တို့ပါ ရောပြီး ဒုက္ခရောက်သွားမှာပေါ့" လင်းမိသားစုမှာ အဆိုပါ စကားမျိုး ကြားရပေါင်းများလှပြီ။ လင်းမိသားစုနှင့် အင်မတန်ရင်းနှီးသော မိတ်ဆွေမိသားစုများကမူ တစ်စုံတစ်ယောက်က သူတို့ကို အရေးကြီးသော အညှီအဟောက် သတင်းအချက်အလက်များနှင့် ခြိမ်းခြောက်နေပြီး လင်းမိသားစုကို ကူညီပါက ထိုအညှီအဟောက် အတင်းအဖျင်းများကို အများပြည်သူရှေ့ ဖောက်ချလိုက်မည်ဟု သတိပေးခံထားရကြောင်းတော့ ပြောပြသေးသည်။ သည်လောကမှာ အပြစ်မရှိ၊ အညှီအဟောက် အမည်းစက်မရှိသူ ဘယ်ရှိနိုင်ပါ့မလဲ။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now