၁၀၀။ ဧကရီ အနက်ရောင် (၁၄)

1K 194 0
                                    

ဧကရီ အနက်ရောင် (၁၄)
~~~~~~~~~~~~~~~~~~~

ရှီရှန်း ဓီခရိုင်မြို့ထဲ မဝင်သေး။ ပထမဆုံးအကြိမ် ပျောက်သွားခဲ့တာအပြင် ချန်လီ မကြာခဏ ပျောက်သွားတတ်သေးသည်။ ထို့ကြောင့် သူ အဆင့်တက်တော့မည်ဖြစ်ကြောင်း သူမ နားလည်လိုက်လေသည်။ သူ အဆင့်တက်ပြီးသည်နှင့် သူမဆီ ပြန်လာမည်မှန်းလည်း သိသည်။ သို့ဖြစ်ရာ ချင်းယွီတို့ သုံးယောက် နောက်မှနေ၍ ပြောနေကြသည့် ဇွန်ဘီတို့၏ ချစ်မှုရေးရာအကြောင်း အဖြာဖြာကို သူမ ဂရုမစိုက်တော့ဘဲ နေလေ၏။

'ငါတော့ ဒီကောင်တွေကို ဇွန်ဘီအုပ်ထဲ ပစ်ထည့်လိုက်ချင်တော့တာပဲ၊ ဒါ ဘယ်လိုအကြောင်းအရာမို့ စကားအဖြစ် ပြောနေကြတာတုန်း...

ငါလို လူသားတစ်ယောက် ပြောသမျှကို ဇွန်ဘီတစ်ကောင် နာခံလာအောင် လုပ်နိုင်တဲ့အတွက် ငါဟာ ဘယ်လောက်တောင် တော်လှပါချည်ရဲ့ဆိုပြီး ပြောနေကြရမှာ မဟုတ်ဘူးလား...

ငါလေးတော့ ဒီလူသားတွေရဲ့ အတွေးတွေကို နားမလည်နိုင်တော့ဘူး'

ဘီမြို့မှ လူများကတော့ အတော်လေး နောက်ကျပြီးမှ ရောက်လာခဲ့သည်။ ရှီရှန်းတို့ အဖွဲ့ သူတို့ကို နေ့တစ်ဝက်ခန့်မျှ စောင့်နေခဲ့ရလေသည်။ သံလွင်စိမ်းရောင် စစ်ကားကြီးအချို့ ဓီခရိုင်မြို့ပြင်၌ ရပ်သွားကြသည်။ ဦးဆောင်လာသူက မြင်ဖူး သိဖူးသူလေပဲ။ ချန်းရှင်းဖြစ်၏။

သူတို့ ဓီခရိုင်မြို့ထဲ မဝင်ခင် အုပ်စုငယ်လေးများ ဖွဲ့ကာ ဝင်ကြလေသည်။ ရှီရှန်းကတော့ အကွာအဝေးတစ်ခု ခွာလျက် သူတို့နောက်ကို နောက်ယောင်ခံလိုက်လေ၏။

"ရူးချင်စရာပဲ၊ ဇွန်ဘီတွေ ငါတို့ကို လာရန်မလုပ်သလိုပဲနော်၊ သတိထားမိလား" ချင်းယွီ လင်ဖုန်းကို တံတောင်ဖြင့် တွတ်လိုက်တော့သည်။ ချင်းယွီ ဤသို့ ပြောပြီးနောက် လင်ဖုန်း ဘေးပတ်ဝန်းကျင်ကို သတိထားကြည့်မိလိုက်ရာ ခပ်လှမ်းလှမ်းမှနေ၍ လိုက်လာကြသည့် ဇွန်ဘီများကို တွေ့တော့သည်။ သို့သော် တစ်ကောင်မှ သူတို့ကို လာမတိုက်ခိုက်ကြပေ။

သူတို့နှစ်ယောက်သား အရှေ့ဆီရှိ ပုဂ္ဂိုလ်အား တစ်ပြိုင်နက်တည်း ကြည့်လိုက်မိကြတော့လေသည်။ ထိုမိန်းမငယ်သည် မိမိအိမ်ခြံဝန်းထဲ လမ်းဆင်းလျှောက်နေသည့်ပမာ ပေါ့ပေါ့ပါးပါးရှိလှ၏။ ဇွန်ဘီတို့၏ ထူးခြားသော အပြုအမူမှာ သူမကြောင့်သာ ဖြစ်နိုင်လေသည်။ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီးနောက် ဝတုတ်လေးကို ဆွဲခေါ်ကာ ရှီရှန်းအား အမီလိုက်ကြတော့သည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now