၄၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၅)

1.4K 229 0
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၅)

~~~~~~~~~~~~~~~~~~~~~~~~~

ရှီမော့ ဤသို့ဖြစ်လာမည်ဟု မမျှော်လင့်ဖူးခဲ့။ ထိုဓာတ်ပုံများကို ငေးကြည့်ရင်း သူ အတွေးနယ်လွန်နေမိသည်။ ရှရွှမ်းသည် သူမကိုယ်တိုင် သူတစ်ပါးရှေ့၌ ပုံဖော်နေသလောက် စိတ်ထားကောင်းမနေမှန်း သူ သိသည်။ အခြားသော လူချမ်းသာ သားသမီးများ နည်းတူ မာနကြီး ထောင်လွှားသော သဘောရှိရုံဟု သူ ထင်ခဲ့သည်။ သူမ လူသတ်သမားဖြစ်လောက်သည်ဟုတော့ သူ တစ်ခါမျှ မတွေးဖူးခဲ့။

"ဥက္ကဋ္ဌရှီ၊ သူဌေးကြီးရှီ ဖုန်းဆက်နေတယ်"

သူ့အတွင်းရေးမှူးက ဖုန်းကို အခန်းထဲ ယူလာသည်။ အတွင်းရေးမှူး၏ လေသံက သတိကြီးကြီး ထားနေရမှန်းသိသာသည်။ 'အခုတလော ဥက္ကဋ္ဌက အရင်ကထက်ကို ပိုကြောက်ဖို့ ကောင်းလာသလိုပဲ'

ရှီမော့ လက်ပ်တော့ပ်ကို အားပြင်းပြင်းနှင့် ဆောင့်ပိတ်လိုက်ပြီးနောက် အတွင်းရေးမှူးလက်ထဲမှ ဖုန်းကို ယူလိုက်လေသည်။

"အဖေ"

"သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှရွှမ်းနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းပြီးကြောင်း ကြေညာလိုက်" သူ့လေသံက တည်တင်းနေပြီး ညှိနှိုင်းလို့ မရမည့်အနေအထား ဖြစ်နေသည်။

"မင်း ဘာလုပ်ဖို့ စီစဉ်နေသလဲ ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ အခုအခြေအနေအရ ရှရွှမ်းဟာ မင်း ဇနီးလောင်းမဖြစ်နိုင်တော့ဘူး၊ ငါ ပြောတာ ရှင်းရဲ့လား"

"ကျွန်တော် နားလည်ပါတယ်"

ရှီမော့ ဖုန်းချလိုက်သည်။ သူ့မျက်နှာထားက ညိုမှုန်ကုပ်နေ၏။

"သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ သွား စီစဉ်လိုက်"

# ရှရွှမ်းနှင့် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းကြောင်း တုန်းဖန်အင်တာတိန်းမန့် CEO ၏ တစ်ဖက်သတ်ကြေညာချက်၊ ရှရွှမ်း တကယ်ကြီး လူသတ်ခဲ့လို့လား#

သတင်း ထွက်လျှင်ထွက်ချင်း ရှရွှမ်းက ရှီမော့ဆီ ဖုန်းခေါ်လိုက်သည်။

ရှီမော့က ကြည့်တောင် မကြည့်ဘဲ ဖုန်းသာ ပိတ်လိုက်လေသည်။ သူ ရှရွှမ်းကို လက်လွှတ်လိုက်ရုံသာ တတ်နိုင်သည်။ တုန်းဖန်အင်တာတိန်းမန့်အတွက် အရေးကြီးသော အနေအထားထဲ ရောက်နေသည်ဖြစ်ရာ ရှရွှမ်းတစ်ယောက်အတွက်နှင့် သူ့အစီအစဉ်ကို မပျက်စီးစေနိုင်ပေ။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now