Mirror。Zhu Yan အပိုင်း (၇) ပထမပိုင်း

686 81 6
                                    

Mirror。Zhu Yan

~အပိုင်း《၇》~~~~~။
ပြန်လည်ဆုံ‌စည်းခြင်း (ပထမပိုင်း)

ချင်းဘုရင်မှာ မိမိသာလျှင် ရှစ်ယင်၏ လျှို့ဝှက်ချက်အား ချက်ချင်းသိလိုက်ရသည်ဟု တွေးထင်‌နေသည့်အခိုက် မထင်မှတ်ဘဲ အခြားတစ်ဖက်ရှိပိုင်ဘုရင်မှာလည်း မတူညီသည့်အဆက်အသွယ်တို့ဖြင့် ချင်းဘုရင်နှင့်တစ်ချိန်တည်းမှာပင် လျှို့ဝှက်ချက်ကို သိရှိနေပြီဖြစ်လေသည်။

ထိုမျှသာမက ယင်းလျှို့ဝှက်ချက်အား ပိုင်ဘုရင်ထံသို့ ပေါက်ကြားစေသည့်သူမှာ ကြမ္မာထိန်းချုပ်သူအရှင်ကိုယ်တိုင်ဖြစ်နေခြင်းပင်။

" ဘာ? ရှစ်ယင်က အမတအဖြစ်က‌နေ နှုတ်ထွက်တော့မယ်ပေါ့? "
ရေမှန်သားပြင်တစ်ဖက်ရှိ ပိုင်ဘုရင်မှာ အံ့ဩတုန်လှုပ်ခြင်းအား ထိန်းချုပ်ရန် မစွမ်းသာတော့‌ချေ။
" သူ....သူဘာ‌တွေလုပ်ဖို့ စဉ်းစားနေတာလဲ? ဧကန္တ..‌ နောက်ဆုံးတော့ ‌ သူသေချာသဘောပေါက်သွားလို့ ဧကရာဇ် နန်းမြို့တော်ဆီပြန်သွားပြီး သူနဲ့သက်ဆိုင်တဲ့အရာတွေကို ပြန်သိမ်းပိုက်တော့မှာများလား? "

ဧကရီပိုင်ယန်း၏ အစ်ကိုအရင်း ဖြစ်သည့်အ‌လျောက် ပိုင်ဘုရင်မှာ ရှစ်ယင်၏ မိခင်ဘက်မှတော်သည့် ဦးလေးအရင်းဖြစ်သည်ဟုပြော၍ရသော်လည်း ရှစ်ယင်မှာ ငယ်စဉ်ကတည်းက နတ်ဘုရားဗိမာန်သို့ အပို့ခံလိုက်ရသဖြင့် နှစ်ယောက်သားမှာ များများစားစား အဆက်အသွယ်မလုပ်ဖြစ်ကြချေ။ ထို့ကြောင့် သူသည် ထိုအထီးကျန်နေသောလူငယ်လေး၏ စိတ်နှလုံးထဲ၌ ကိန်းအောင်းနေသော အတွေးအမြင်အလုံးစုံကို မသိနားမလည်နိုင်ပါဘဲ ယခုထိုကိစ္စအား ရုတ်တရက်ကြားလိုက်ရသည့်အခိုက်အတန့်တွင် အံ့အားသင့်မှုအား ဖုံးကွယ်ရန်ခက်ခဲနေချေသည်။

" မဟုတ်ဘူး...အဟွတ် အဟွတ်...ယင်ရဲ့ စိတ်နှလုံးက နှင်းပွင့်လို ကြည်လင်တည်ငြိမ်နေတာ ဥစ္စာပစ္စည်းတွေကို တပ်မက်လိုစိတ်မရှိဘူး "

နတ်ဘုရားဗိမာန်အတွင်းရှိ ကြမ္မာထိန်းချုပ်သူအရှင်မှာ ချောင်းဆိုးလိုက်ပြီး သေရည်ခွက်ကိုကိုင်ထားရင်း ခပ်ထွေထွေမူးနေပြီဖြစ်ပြီး ရီဝေဝေဖြင့်သာ ခေါင်းယမ်း၍ ဆက်ပြောနေလေသည်။
" ငါက‌တော့ သူဒီလိုလုပ်တာ တခြားတစ်ခုခုအတွက်ပဲလို့ထင်မိတယ်.... "

Zhu Yan(Mirror. Zhu Yan) Novel Myanmar TranslationWhere stories live. Discover now