Mirror。Zhu Yanအပိုင်း(၁၃)ဒုတိယပိုင်း

596 36 7
                                    

Uni ver:

Mirror . Zhu Yan
~~~~အပိုင်း《၁၃》~~~~
လေပြင်းနှင့်တိမ်တိုက်တို့ ဆုံစည်းခြင်း【ဒုတိယပိုင်း】

ချက်ချင်းပင် သူ၏မျက်လုံးရှေ့မှောက်၌ လရောင်အောက်ရှိ ထိုအထက်တန်းလွှာမိန်းမငယ်လေး၏ပုံရိပ်အား ပြန်မြင်ယောင်လာ၍ နှလုံးသားမှာ လှုပ်ရှားလာရပြီး မျက်နှာအမူအရာမှာပြေလျော့လာကာ မေးမြန်းလိုက်လေသည်။
"ဘာကိစ္စတဲ့လဲ"

ဖူချွမ် : " မင်းသမီးက ရေသူအသစ်လေးတစ်ယောက်ကို ရထားတာကြောင့် ခန္ဓာကိုယ်ပိုင်ဆိုင်ကြောင်းတော်ဝင်ထောက်ခံစာ လုပ်ချင်လို့ လို့ပြောပါတယ် "

" ဪ လက်စသတ်တော့ အဲ့ဒီ့ကိစ္စကိုး"
ပိုင်ဖုန်းလင်မှာ တိုင်းပြည်ပြန်လည်ထူထောင်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရလုနီးပါးဖြစ်ခဲ့သည့် ထိုရေသူကလေးငယ်အား အမှတ်ရသွားချေသည်။
"အဲဒီ့ကလေးက မသေသေးဘူးပေါ့? တကယ့်ကို ကံကောင်းလွန်းတာပဲ.....ကောင်းပြီ မင်းသူတို့ကိုခေါ်သွားပြီး ခန္ဓာကိုယ်ပိုင်ဆိုင်ကြောင်း တော်ဝင်ထောက်ခံစာ လုပ်ပေးလိုက် ! "

"ဟုတ်ကဲ့"
ဖူချွမ်က ခေါင်းညိတ်ကာ ဆုတ်ခွာထွက်သွားမည်အပြု ပိုင်ဖုန်းလင်မှာ တခဏမျှ တွန့်ဆုတ်နေပြီးနောက် ရုတ်ခြည်းပြောလိုက်လေသည်။
"ခဏနေဦး ချိနန်းတော်ရဲ့ နန်းဆောင်အစေခံမှူးက ဘယ်နားမှာလဲ? ငါကိုယ်တိုင် သူ့ကိုတွေ့မယ်"

"ဟင်"
ဖူချွမ် ခေတ္တမျှ ကြောင်အမ်းအမ်းဖြစ်သွားရ‌ချေသည်။
"ဆောင်ကူးစင်္ကြံလမ်းမှာ စောင့်...စောင့် နေပါတယ်"

"အထဲကို ဝင်လာဖို့ မခေါ်သေးဘူးလား"
ပိုင်ဖုန်းလင်က မျက်‌မှောင်ကြုပ်လျက် အော်ငေါက်လိုက်လေ၏။
"ရှိသမျှလူအားလုံးကို ဧည့်ဝတ်‌ကျေပွန်ဖို့မှာထား...ခဏကျရင်ပြင်ဆင်ထားလိုက် ငါကိုယ်တိုင် ဂုဏ်သရေရှိဧည့်သည်ကို ချိနန်းတော်ဆီပြန်လိုက်ပို့မယ်! "

"......."
သူ့နောက်လိုက်သည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သော ဖူချွမ်သည် တဒင်္ဂမျှ ခေါင်းတွင်မြူဆိုင်းသွားခဲ့ရချေသည်။

"ဒီနန်းဆောင်အစေခံမှူးက ချိဘုရင်ကို အကျိုးအပြုဆုံးသူပဲ  အရင်နှစ်တွေထဲက တောက်လျှောက် ယဲ့မြို့နဲ့ ဧကရာဇ်နန်းမြို့တော်မှာပဲ နေလာတာ ချိမျိုးနွယ်စုရဲ့ အတွင်းအပြင် အထွေထွေကိစ္စရပ်တွေအားလုံးကို စီမံနေရတာ "
ပိုင်ဖုန်းလင်မှာ ခေါက်ယပ်တောင်ဖြင့် လက်ဖဝါးအလယ်အား  တဖက်ဖက်ရိုက်ကာ တွေ့ဆုံရန်ထွက်သွားသည့် လမ်းတစ်လျှောက်၌ နံဘေးရှိ လူယုံတော်အား အသံနိမ့်လျက် ပြောလိုက်လေသည်။
" အနာဂတ်မှာ ချိမျိုးနွယ်စုနဲ့ နှစ်အိမ့်တစ်အိမ်ပူးပေါင်းနိုင်ဖို့ဆိုရင် ဒီလူကိုလျစ်လျှူရှုလို့မရဘူး "

Zhu Yan(Mirror. Zhu Yan) Novel Myanmar TranslationWhere stories live. Discover now