တစ်ဆယ်.လမ်းခွဲကြစို့
နေ့တစ်နေ့အစသည်အမြဲခက်ခဲမှုများဖြင့် ပြည့်နေသလားဟု ဟိုဆော့တွေးမိရင်း ခေါင်းအုံးထက် ကျသွားသည့်မျက်ရည်တစ်စက်၏လက်ကျန်ကို မသိမသာဆွဲသုတ်လိုက်သည်။ဒီနေ့စာမေးပွဲဖြေရမည့်နေ့မဟုတ်လား။
တခြားအရာတွေကို ခဏတဖြုတ်တော့မေ့ထားလိုက်မည် ။အတွေးကို ဘယ်ထိန်း၍နိုင်မည်နည်း။အထူးသဖြင့် နေ့တစ်နေ့အစကို မောင်နဲ့သာစပြီး နေ့တစ်နေ့အဆုံးကိုမောင်နှင့်သာဆုံးချင်သည့်သူ့လိုလူကိုပေါ့။
စာတစ်စောင်ရဲ့နောက်ဆက်တွဲကဘာပါလိမ့်တဲ့။
ပြန်စာမပြန်တဲ့စာတစ်စောင်အဖြစ်အဆုံးသတ်ပါသည်။မနက်စောစောထ၍စာသာပြန်တော့သည်။
နဂိုကတည်းက တာဝန်မကျေနိုင်တဲ့သားတစ်ယောက်အဖြစ်သတ်မှတ်ခံလိုက်ရတဲ့အခါ စာမေးပွဲပါ ကျ၍မဖြစ်။"သား မနက်စာ လာစား "
မေမေက တံခါးခေါက်၍ သူ့ကို ခေါ်တော့မှ ဟိုဆော့ ကြည့်လက်စစာအုပ်ကို ပိတ်ပြီး အခန်းပြင်ထွက်တော့သည်။ ဖေဖေသည်တော့ မနက်စောစောစီးစီး အလုပ်သွားပြီထင်သည်။ ထည့်ပေးစရာရှိတာထည့်ပေးပြီး ပေးစရာရှိသည့် မုန့်ဖိုးကိုပေးပြီး ထထွက်သွားသည့် မေမေကြောင့် ဟိုဆော့ ရင်ထဲစို့သွားရသည်။အရင်ကလို စကားတပြောပြောမေမေ့ကို သူလွမ်းမိပါသည်။
တယုတယစာသေချာဖြေခဲ့နော်ဟု ပြောသံမကြားသောအခါ အိမ်ပြင်ထွက်ဖို့ကို တခုခုလိုနေသလိုပင်။
ထိုနေ့မနက်ပိုင်းသည်ထူးဆန်းလှစွာ တိမ်များ အုံ့မှိုင်း၍နေသည်။သုံးလပိုင်းဆိုသည် မိုးညိုချိန်လည်းမဟုတ်ပေ။နေပူပူသည် ခေါင်းထက်ရောက်၍ တွေးမရအောင် ခေါင်းခဲလှသည့်ကာလဟုတောင်ပြော၍ရသည်။ဒုတိယနှစ်နှင့်တတိယနှစ်တွေသည် မနက်ပိုင်းဖြေဆိုချိန်အတွင်းရောက်သည်ဖြစ်၍ မောင့်ကိုတွေ့ရမည်မှာတော့ သေချာသည်။
ကျောလွယ်အိတ်အတွင်းမှ ဖုန်းသံကြောင့် စာအုပ်တွေကြားညှပ်ထားပြီးနှိုက်မရတတ်သည့် ဟိုဆော့သည်အတိတ်မှာကျန်နေခဲ့ပြီ။နဂိုအတိုင်း အိတ်ထဲရောနှောထည့်ထားသောလည်း ဖုန်းသည် လက်ထဲပါလာ၏။