(Unicode)
နေသာတဲ့နေ့တစ်နေ့မှာ ကျောင်းချိန်တစ်ချိန် အပျက်ခံပြီး အတန်းလစ်ခဲ့တဲ့ ဂျယ်အာကြောင့် ဘတ်ဟျွန်းပါ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အတန်းလစ်ဖူးသွားတယ် ။
ခေါင်မိုးထပ်က အရိပ်ထဲမှာ ထိုင်နေပေမဲ့ နေအပူရှိန်က ပြင်းလွန်းလို့ ဘတ်ဟျွန်းတစ်ကိုယ်လုံး ချွေးတွေပါပြန်လာတယ် ။ ဘတ်ဟျွန်းက သူ့ဘေးမှာ အေးအေးလူလူလှဲအိပ်နေတဲ့ ဂျယ်အာကို ကြည့်ရင်း မပူဘူးလားလို့ တွေးလိုက်မိတယ် ။ ဂျယ်အာရဲ့နဖူးစပ်နားလေးတွေမှာ ချွေးအနည်းငယ်ဆို့နေပြီး နေရောင်ကြောင့် မျက်ခုံးတွေက ကွေးညွတ်လို့ ။ ဘတ်ဟျွန်း ခပ်တိုးတိုးရယ်လိုက်ရင်း ဂျယ်အာရဲ့ မျက်နှာပေါ် နေရောင်မကျအောင် လက်နဲ့ကာပေးလိုက်တယ် ။
အတော်ကြာတဲ့အထိဘတ်ဟျွန်းက ဂျယ်အာမျက်နှာကို ကာထားပေးရင်း အခွင့်အရေးယူတဲ့အနေနဲ့ တစိမ့်စိမ့်ထိုင်ကြည့်နေမိတယ် ။ ဒီလောက်ပူနေတာတောင် အိပ်ပျော်တဲ့ ဂျယ်အာကို အံ့သြလို့မဆုံးဖြစ်ရင်း ပြုံးလိုက်မိသေးတယ် ။
"အခု ဒီလောက်ပူတာ ဘယ်လိုများအိပ်နေလဲမသိဘူးလို့ တွေးနေတာမလား.."
"အဲ..."
ဂျယ်အာဆီက ရယ်သံနှောတဲ့စကားသံထွက်ပေါ်လာတယ် ။ ဂျယ်အာဆီမှာ တခြားသူတွေရဲ့ အတွေးတွေကို ထိုးဖောက်မြင်နိုင်သလားထင်ရလောက်တဲ့ အကြည့်မျိုးရှိတယ် ။ တကယ်လည်းလူတော်တော်များများရဲ့ အတွေးတွေကို ပါးစပ်က ထုတ်မပြောပေမဲ့ ဂျယ်အာက နားလည်နေတတ်တယ် ။
"မညောင်းဘူးလား..."
ဂျယ်အာက သူ့မျက်နှာကိုကာထားပေးတဲ့ ဘတ်ဟျွန်းလက်ကို ကိုင်လိုက်ရင်း လှဲနေရာကနေ ထထိုင်တယ် ။ ဘတ်ဟျွန်းရင်ဘတ်ထဲ ခုန်ပေါက်သွားတယ် ။ ဂျယ်အာလက်ထဲ ငြိမ်ငြိမ်လေးရှိနေတဲ့ သူ့လက်သူ မယုံနိုင်သလို ကြည့်လိုက်မိတယ် ။
"အိပ်နေတာမဟုတ်ဘူးလား..."
"အိပ်မပျော်တာ ကြာပြီ...ဒါမှမဟုတ်...မင်းပေါင်ပေါ်အိပ်ရင် အိပ်ပျော်မလားပဲ..."
ပြောပြောဆိုဆိုနဲ့ ဂျယ်အာက ဘတ်ဟျွန်းပေါင်ပေါ်ကို ခေါင်းအုံးအိပ်တဲ့အခါ မနေတတ်မထိုင်တတ်ဖြစ်ရသူက ဘတ်ဟျွန်းပဲဖြစ်တယ် ။ ဂျယ်အာ သက်တောင့်သက်သာ ရှိပါ့မလား ၊ သူ့ခြေထောက်တွေကိုဘယ်လိုထားရမလဲ စတဲ့အတွေးမျိုးစုံနဲ့ လွန်ဆွဲနေတုန်း ဂျယ်အာက ရယ်ရင်းပြောတယ် ။
YOU ARE READING
Passerby
FanfictionLet's be strangers who just pass by in our life. [EDITED] Chanyeol×Baekhyun