(Unicode)
အတိတ်နဲ့အနာဂတ်ကို ချည်နှောင်တဲ့ ကြိုးတစ်မျှင်ဟာ ပါးလျလွန်းတာကြောင့် ပြတ်ထွက်မသွားအောင် အလွန်တရာ ကြိုးစားနေရပြီး ငိုကြွေးမြည်တမ်းလို့နေတယ် ။ အဲ့ဒီ့ကြိုးကိုတော့ ပစ္စုပ္ပန်လို့ခေါ်ကြတယ် ။ အကယ်၍ ဘဝရဲ့အချိန်အပိုင်းအခြားတွေကို စာအုပ်တစ်အုပ်နဲ့ သတ်မှတ်မယ်ဆိုရင် စာမျက်နှာတွေက ဘဝရဲ့ နေ့စွဲတွေဖြစ်ပြီး ရေးသားလိုက်တဲ့စာလုံးတိုင်းက ပစ္စုပ္ပန်ရဲ့ ဖြစ်တည်မှုတွေဖြစ်တယ် ။
အတိတ်က နောင်တတွေနဲ့ အနာဂတ်က အိပ်မက်တွေ ။ လူသားတွေဟာလေ... ရိုးရှင်းတဲ့ နေ့စဥ်လုပ်ငန်းဆောင်တာလေးတွေကတောင် လူတစ်ယောက်ရဲ့ ဘဝကို အဓိပ္ပာယ်ရှိစေတယ်ဆိုတာ သိချင်မှ သိကြတာ ။ မင်္ဂလာပါနဲ့ နှုတ်ဆက်ပါတယ်...ကျေးဇူးတင်ပါတယ်နဲ့ တောင်းပန်ပါတယ်...ကောင်းသောမနက်ခင်းပါနဲ့ အိပ်မက်လှလှမက်ပါစေ...စတဲ့စတဲ့ စကားလုံးလေးတွေကပဲ တစ်နေ့တာကို ဘယ်လောက်ထိ ပြည့်ဝစေလဲဆိုတာ မသိကြသေးတာက အလွန်ဝမ်းနည်း၊ သနားစရာကောင်းလှတယ် ။ လွန်လေခဲ့ပြီးတဲ့ အချိန်အပိုင်းအစတွေဆီက နောင်တတွေက ပြင်ဆင်ကုသလို့ ရနိုင်မှာလည်းမဟုတ်ဘဲ လူသားတွေကတော့ တသသတမ်းတလို့ တလှေကြီး နာကျင်ဆွေးမြည့်နေတတ်ကြတယ် ။ ဆိုတော့ ဒီနေ့ဖြစ်တည်နေတဲ့ ပစ္စုပ္ပန်က မနက်ဖြန်ရောက်တဲ့အခါ အတိတ်အနေနဲ့ ပြောင်းလဲသွားတတ်တာ သေချာရက်နဲ့ လက်ရှိမှာ အတိတ်ကိုပဲ တောင့်တနေတာမျိုးပေါ့ ။
ဘတ်ဟျွန်းအတွက်တော့ ဆေးရုံကို လူသိပ်မသိတဲ့ နောက်ပေါက်ကနေ တရားခံပြေးလို ခိုးကြောင်ခိုးဝှက် ဝင်လာရတာဟာ လူ့လောကရဲ့စည်းမျဥ်းတွေကိုပဲ ချိုးဖောက်မိသလို ခံစားမိရဲ့ ။ တကယ်တော့ ဘတ်ဟျွန်းက ဒါကြောင့် စိတ်မလုံမလဲဖြစ်နေခဲ့တာ မဟုတ်ပါဘူး ။ မဟုတ်လောက်ပါဘူး....ဘာလို့မမှတ်မိခဲ့ရတာလဲ..စသဖြင့် အဓိပ္ပာယ်ရတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လို့မဆုံးဖြစ်နေမိတယ် ။
"ယူဂျီဟွန်း ဘယ်မှာလဲ သိလား..."
"နားချိန်မို့ အပြင်ထွက်သွားတယ်ထင်တယ်..."
မေးသမျှလူတိုင်းက မဖြေချင်သလို သူနဲ့ပဲ စကားမပြောချင်သလို တွန့်ဆုတ်နေကြပေမဲ့ ဘတ်ဟျွန်း ဒါတွေကို အရေးမစိုက်မိတော့တာကလည်း ထူးဆန်းတာမဟုတ်ခဲ့ဘူး ။ အခုချိန်မှာ ဘတ်ဟျွန်းက ဆေးရုံကို ပုံမှန်အတိုင်းရောက်လာတာ မျက်နှာပြောင်တယ်လို့တောင် တွေးချင်နေကြမှာပေါ့ ။
YOU ARE READING
Passerby
FanfictionLet's be strangers who just pass by in our life. [EDITED] Chanyeol×Baekhyun