Episode 14

1.4K 257 23
                                    

(Unicode)

လူတစ်ယောက် ချမ်းသာတယ် ၊ မချမ်းသာဘူးဆိုတာကို ဘယ်လိုမျိုး ခွဲခြားကြသလဲ ။ တစ်ချို့ကတော့ ရှိတဲ့ ငွေနဲ့ ရောင့်ရဲနိုင်ပြီး ချမ်းသာတယ်လို့ ထင်ကြပေမဲ့ တစ်ချို့က ငွေကြေးပမာဏအများကြီး ရှိနေရင်တောင် ကိုယ့်ကိုယ်ကိုယ် ချမ်းသာတယ်လို့ မထင်ဘဲ လောဘတကြီး ငွေရှာနေကြတုန်းပဲ ။ တစ်ချို့က စိတ်ချမ်းသာတာက လူချမ်းသာတာပဲလို့ ရူးကြောင်ကြောင်တွေးပြီး နေကြတယ် ။ တစ်ချို့ကတော့ ငွေလည်းမရှိတဲ့အပြင် လူချမ်းသာလို သုံးဖြုန်းနေတဲ့ ခပ်ထုံထုံ လူတွေလည်း ရှိပါတယ် ။

ချန်ယောလ်တို့မိသားစုက ချမ်းသာတဲ့ မိသားစု မဟုတ်ဘူး ။ ဒီနေရာမှာ ချမ်းသာတယ်ဆိုတာကို ချန်ယောလ်က ဘယ်လို သတ်မှတ်သလဲဆိုရင် လိုချင်တဲ့အရာကို စျေးနှုန်းမကြည့်ဘဲ ဝယ်ယူနိုင်ခြင်းပါတဲ့ ။ ဒါ့အပြင် ချန်ယောလ် အမေက ငယ်ငယ်တည်းက ငွေကြေးသုံးစွဲပုံကို တင်းကျပ်ပြီး စည်းကမ်းရှိရှိသုံးဖို့ ဆုံးမလေ့ရှိတာကြောင့်  ချန်ယောလ်က ငွေကို ရေလိုသုံးတတ်တဲ့သူ မဟုတ်ဘူး ။ ဒါကြောင့် ချန်ယောလ်က သူ့ကိုယ်သူ မချမ်းသာပေမဲ့ မဆင်းရဲတဲ့သာမန်မိသားစုလို့ သတ်မှတ်တယ် ။

ဒီအတွက်ကြောင့်ပဲ ချန်ယောလ်က ရှိတဲ့ပစ္စည်းတွေကို တန်ဖိုးထားတတ်တဲ့ အကျင့်တစ်ခုက ငယ်ငယ်တည်းက အမေ့ကျေးဇူးနဲ့ စွဲကပ်လာခဲ့တယ် ။ ဒါပေမဲ့ ဒါကလည်း ချန်ယောလ်ရဲ့ ပေါက်ကွဲလွယ်တဲ့ စိတ်အခြေအနေကို မထိန်းချုပ်ပေးနိုင်ဘူး ။ ချန်ယောလ်က မလိုအပ်ရင်သာ မဝယ်ပေမဲ့ ဒေါသထွက်တဲ့အချိန် ရှိပြီးသား ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးတတ်တဲ့ အကျင့်ကလည်း သူနဲ့ဒွန်တွဲရှိနေတုန်းပဲ ။

မကောင်းတဲ့အကျင့်လို့ ဘတ်ဟျွန်းက ချန်ယောလ်ကို ပြောပေမဲ့  ပြင်ဖို့တော့ ဘယ်တုန်းကမှ မပြောခဲ့ဘူး ။ ဘာလို့ဆို ချန်ယောလ်က ဒီလိုနည်းနဲ့ပဲ သူ့ခံစားချက်တွေကို ထုတ်ပြတတ်တဲ့သူ ဖြစ်နေလို့ ။ သူပေါက်ကွဲလိုက်ပြီးတာနဲ့ ရင်ဘတ်ထဲမှာ ရှိနေတဲ့ အစိုင်အခဲထုက ချက်ချင်း ပြေပျောက်သွားတတ်တဲ့ လူစားမျိုး ။

ဒါပေမဲ့ ဘတ်ဟျွန်းက မတူဘူး ။ ဘတ်ဟျွန်းက မြိုသိပ်ခြင်းနဲ့ အသားကျနေတဲ့သူ ဖြစ်တယ် ။ ဘယ်လောက်ပဲ ချန်ယောလ်က သူ့ကို ခံစားရရင် ခံစားရတဲ့အတိုင်း ပြောဖို့ ​ပြောလေ့ရှိပေမဲ့  အကျင့်ဆိုတာ ဖျောက်ဖျက်ရ သိပ်ခက်တယ် ။ ဘတ်ဟျွန်းက ဘယ်တော့မှ သူ့ခံစားချက်တွေကို ထုတ်မပြောဘူး ။ ထုတ်ပြောခဲ့ရင်တောင် သူခံစားနေရတာရဲ့ သုံးပုံတစ်ပုံလောက်ပဲ အပြင်ကို စကားတွေအဖြစ် ထွက်လာလေ့ ရှိတယ် ။ အပြုံးတစ်ခုနဲ့ သူခံစားနေရတာတွေကို အလွယ်တကူ ဖုံးပစ်တဲ့ လူစားမျိုး ဖြစ်တဲ့အလျောက် ချန်ယောလ်အမြင်မှာ ဘတ်ဟျွန်းက ဘာမှ မခံစားရတတ်တဲ့ သူတစ်ယောက် ။

PasserbyWhere stories live. Discover now