Episode 15

2.2K 288 41
                                    

(Unicode)

"ဘတ်ဟျွန်း...ငါကလေ ကြီးလာရင် လူတွေကို ကယ်တင်တဲ့ ဆရာဝန်ကြီး ဖြစ်ချင်တာ သိလား..."

"ဟုတ်လား...ငါကတော့ အာကာသယာဥ်မှူးလုပ်ချင်တာ..."

"ကလေးဆန်လိုက်တာ..."

"ဘာပြောတယ်!! မင်းတော့!! "

တစ်စုံတစ်ယောက်ရဲ့ နူးညံ့တဲ့ ရယ်သံတွေ ၊ ကြည်လင်အေးမြတဲ့ အပြုံးတွေ ၊ အပူအပင်ကင်းတဲ့ ပျော်ရွှင်ခြင်းတွေ...။

ဘတ်ဟျွန်း ရင်ဘတ်ထဲ လှိုက်ဖိုနေရင်း မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာတယ် ။ မမျှော်လင့်ဘဲ မက်ခဲ့ရတဲ့ အိပ်မက်က သူ့ရင်ဘတ်ထဲ နွေးသွားစေတယ် ။ ဒဏ်ရာဟောင်းက ပြန်ပြီး ထိခိုက်မိသလို တအုံနွေးနွေးနာကျင်မှုမျိုးနဲ့ ။

မျက်နှာပေါ်မှာ စိုစွတ်စွတ်ခံစားချက်ကို ခံစားလိုက်မိတာကြောင့် လက်နဲ့အသာထိလိုက်တော့ မျက်ရည်စတွေက သူ့ပါးပြင်ပေါ်မှာ နေရာယူနေတာကို မြင်လိုက်ရတယ် ။ အချိန်တွေ ကြာလာခဲ့တာတောင် သူက ဒီလူသားကို ပြန်ပြီး မြင်လိုက်ရတာနဲ့ မျက်ရည်ကျလာတုန်းပဲ ။

ဘာကြောင့်များ အခုချိန်မှာမှ သူ့ကို ပြန်ပြီး အိပ်မက်မက်နေရလဲ ဘတ်ဟျွန်း နားမလည်နိုင်ဘူး ။

သူဘယ်တော့မှ ဒီလောင်းရိပ်အောက်က မလွတ်မြောက်နိုင်တော့ဘူးနဲ့ တူတယ် ။ သူတစ်ယောက်တည်း...သူ့အပြစ်တွေအတွက်...။ ဒါကြောင့်များ အကြိမ်ကြိမ်အခါခါ နာကျင်နေရတာများလားလို့ အတွေးဝင်မိတယ် ။

ခုတင်ပေါ်မှာ ငူငူငိုင်ငိုင်နဲ့ အတော်ကြာ ထိုင်နေရင်း ဘတ်ဟျွန်းဟာ သူ့ရဲ့ ပုံမှန် အသိစိတ်တွေ ပြန်ရောက်လာဖို့ တော်တော်အချိန်ယူလိုက်ရတယ် ။ မျက်ရည်စတွေကို လက်နဲ့ ဖိသုတ်လိုက်ရင်း ဘတ်ဟျွန်းက ခုတင်ပေါ်က ဆင်းလိုက်တယ် ။ သူ့ခုတင်ဘေးက နေရာကလွတ်နေသလို အခန်းထဲမှာလည်း ဘာအပျက်အစီး အကျိုးအပျက်မှ ရှိမနေဘူး ။ ချန်ယောလ်က မနေ့က အိမ်ပြန်မလာဘူး ။

ဒါပေါ့...။ သူတို့ကြားထဲ ကတောက်ကဆတွေ ဖြစ်ခဲ့ကြတာပဲကို ။ ချန်ယောလ်ပြန်မလာတာ အဆန်းမှ မဟုတ်တာ ။

သူတို့စတင်လက်တွဲခဲ့ပြီး တစ်နှစ်ပြည့်တဲ့ နေ့မှာ ဘတ်ဟျွန်းက သူ့အိမ်သော့ကို ချန်ယောလ်ကို ပေးခဲ့တယ် ။ အမြဲတစေ တစ်ယောက်တည်း ရှိတဲ့ အိမ်မဖြစ်စေရဘဲ နွေးထွေးမှုနဲ့ ကြိုဆိုတဲ့ အိမ်ဖြစ်ရအောင် ဘတ်ဟျွန်းက ကြိုးစားခဲ့တယ် ။ ဒါကြောင့် ချန်ယောလ် ပြန်မလာတဲ့အခါ သူ့ရဲ့အိမ်ကလည်း မနွေးထွေးနိုင်တော့ဘဲအေးစက်စက်ရယ် ။

PasserbyWhere stories live. Discover now