"နှစ်ဆန်းတစ်ရက်နေ့ကျ ပြင်ဦးလွင်ဒိုးမှာနော် ဟျောင့်တွေ"
ဇာနည်ရဲ့ အပြောကြောင့် တစ်ဝိုင်းလုံး သူ့ဆီကို အကြည့်တွေ ရောက်ကုန်ကြတယ်။ အကုန်လုံးရဲ့ မျက်နှာပေးတွေကတော့ ဘာအရူးထတာတုန်းဆိုတဲ့ အကြည့်တွေနဲ့...
"နှစ်တိုင်းဒိုးနေကျကို ဘာအထူးအဆန်းလုပ်ပြီး လာပြောနေတာလဲ"
စိတ်မှမှန်သေးရဲ့လားဆိုတဲ့ပုံစံနဲ့ ဇာနည်ကိုကြည့်ပြီး ကျော်ကြီးက ပြန်ပြောလိုက်ခြင်းဖြစ်တယ်။ ကျော်ကြီးရဲ့စကားကို ကျန်တဲ့ကောင်တွေ အားလုံးကလည်း ဝိုင်းပြီး ထောက်ခံကြတယ်။
"အေးလေ နှစ်တိုင်းသွားနေကျပဲကို ဘာထူးဆန်းလို့လဲ"
ကျွန်တော်ကပါ ကျော်ကြီးကို ထောက်ခံလိုက်တော့ ဇာနည်ကရယ်တယ်။ ပြီးတော့ ကျွန်တော့်ကိုကြည့်ပြီး
"သီဟ... မင်းကိုတော့ အားနာပါတယ်။ ဒီနှစ် ငါထူးထူးခြားခြားလေးဖြစ်အောင် စီစဉ်ထားတာလေးရှိတယ်"
"သောက်ကြီးသောက်ကျယ်နဲ့ ဘယ်လိုစီစဉ်ထားတာမို့ ငါ့ကိုလာပြီး အားနာနေရတာတုန်း"
"ဒီနှစ် ပြင်ဦးလွင်ကို ကောင်မလေးတွေခေါ်ပြီး ကိုယ့်အတွဲနဲ့ကိုယ် သွားဖို့ ဆုံးဖြတ်ထားတယ်"
"အဲ့တော့..."
"အဲ့တော့ မင်းမှာရည်းစားမရှိဘူးလေ"
"ဘာဆိုင်လို့လဲ"
တကယ်ပါ။ ဒီရည်းစားမရှိတာကိုပဲ လာလာပြီး နှိမ်နေကြတယ်။ FA ဘဝက ဘယ်လောက်တောင် လွတ်လပ်တယ်ဆိုတာ သူတို့မသိကြဘူး။
"ငါတို့က ကိုယ့်အတွဲနဲ့ကိုယ် နှစ်ယောက်တစ်စီး ဆိုင်ကယ်နဲ့သွားကြဖို့ ဆုံးဖြတ်ထားတယ်။ မင်းက FA ဆိုတော့ အတွဲတွေကြားမှာ ကိုးလိုးကန့်လန့်နဲ့ဖြစ်နေမှာ။ အဲ့တော့ မင်းလိုက်ချင်ရင် ရည်းစားတစ်ယောက်ရအောင် အမြန်ရှာ၊ ဒါမှမဟုတ်လည်း မလိုက်ဘဲနေခဲ့ပေါ့ကွာ။ ငါက စေတနာနဲ့ပါ"
"ငါ့-ီးကို စေတနာပါ့လား"
ဒေါသထွက်ထွက်နဲ့ ကျွန်တော်အော်ဆဲလိုက်တယ်။
ကျွန်တော့်စကားဆုံးတော့ တစ်ဖွဲ့လုံး ကျွန်တော့်ကိုကြည့်ပြီး အော်ရယ်ကြတယ်။ ပြီးတော့ အကုန်လုံး 1.2.3 လို့ တိုင်ပင်ခေါ်ပြီး...