၂၁ မိုင်ရောက်တော့ မနက်စာဝင်စားကြတယ်။ ခါတိုင်းစားနေကျဆိုင်က လူအရမ်းတစ်နေတာမို့ အဲ့ဆိုင်နဲ့ နည်းနည်းလှမ်းတဲ့ တခြားဆိုင်မှာ ဝင်စားလိုက်ရတယ်။ ဆိုင်က အရမ်းကို သားနားလှတယ်။ လူလည်းရှင်းပြီး သပ်သပ်ရပ်ရပ်လေးမို့ အတော်လေး အဆင်ပြေတယ်လို့ပြောရမယ်။
ကျွန်တော်က မုန့်ဟင်းခါးမှာပြီး အကိုသူရက ရှမ်းခေါက်ဆွဲမှာလိုက်တယ်။ ကျန်တဲ့လူတွေအားလုံးကလည်း သူတို့စားချင်တာကို အသီးသီးမှာလိုက်ကြတယ်။ လူကရှင်းနေတာမို့ ကြာကြာမစောင့်လိုက်ရပါ။ ချက်ချင်းဆိုသလိုကို ကျွန်တော်တို့စားပွဲပေါ်မှာ စားစရာတွေနဲ့ ပြည့်လျှံသွားရတယ်။
စားပြီးမှ နောင်တရတော့တယ်။ ဆိုင်ကသပ်ရပ်ပေမယ့် အရသာလုံးဝမရှိပါ။ မှာထားတာတွေကိုတောင် ကုန်အောင်မစားနိုင်ကြ။ လက်ရာက တော်တော်ဆိုးတာမို့ ဘယ်လိုမှ ဝင်အောင်စားလို့မရဘူး။
ကျွန်တော်က ဆက်မစားတော့ဘဲ အကိုသူရနဲ့ ကျွန်တော့်အတွက်ကို ပိုက်ဆံရှင်းဖို့ပြင်တော့ သူကငြင်းတယ်။ ငြင်းရုံတင်မကသေးဘူး ကျွန်တော်စားထားတဲ့အတွက်ကိုပါ သူက ရှင်းသွားသေးတယ်။ ကျွန်တော့်မှာ အပျော်လုံးတွေဆို့...
သန့်စင်ခန်းတွေဘာတွေသုံးပြီး ကားပေါ်ပြန်ရောက်တော့ အကိုသူရက သူ့ကျောပိုးအိတ်ထဲကနေ ပေါင်မုန့်ထုတ်ပြီး ကျွန်တော့်ကိုကျွေးတယ်။ ကျွန်တော့်တင်မဟုတ် ကားပေါ်မှာ ပါလာတဲ့လူတွေအားလုံးကိုလည်း ကျွေးနေတယ်။ ဗိုက်ဆာနေတာနဲ့ အတော်ပဲမို့ အကုန်လုံးကလည်း မငြင်းကြ။
ကားစထွက်တော့ ဇာနည်နဲ့ ငမိုးက သူတို့ဆောင်းလာတဲ့ ဦးထုပ်တွေကို ချွတ်လိုက်ကြတယ်။ သူတို့ ဦးထုပ်အောက်ကနေ ရေနွေးကြမ်းသောက်တဲ့ ပန်းကန်လုံးလေးတွေ ထွက်လာတယ်။ ပန်းကန်လုံးတင် မကသေး သွားကြားထိုးတံဘူးပါ ပါလာသေးတယ်။
ဘာမှမကောင်းဘဲ ပိုက်ဆံပေးခဲ့ရတာ မတန်လို့ တန်အောင်ယူလာတာတဲ့။ တကယ့်ကောင်တွေ။ ဒီလောက် ဝန်ထမ်းတွေအများကြီးရှိနေတာကို ဘယ်လိုများယူလာကြတယ်မသိ။
ကျွန်တော်တို့တွေက မဟာဆုတောင်းပြည့်နှီးဘုရားကြီးကို အရင်သွားလိုက်ကြတယ်။ အဲ့မှာ ဘုရားဖူး၊ ပိုက်ဆံတွေဘာတွေလှူပြီး အမှတ်တရအနေနဲ့ အဖွဲ့လိုက် ဓာတ်ပုံရိုက်ဖြစ်ကြတယ်။