အကိုသူရကတော့ သူ့အကြောင်းတွေ ပြောပြနေတာပဲ။ ဒါပေမဲ့ ကျွန်တော့်ခေါင်းထဲမှာ ရီဝေဝေဖြစ်နေတာနဲ့ ဘာမှသိပ်မသိလိုက်ဘူး။ ကျွန်တော် မူးပြီလားမသိပါဘူး။ ကိုယ့်လက်ကိုယ်ပြန်ကြည့်တာတောင် ဝါးနေတယ်။
ဝိုင်ကလည်း သောက်နေတာ (7)ပုလင်းလောက်ရှိပြီ။ အကိုသူရက စကားပဲပြောနေတော့ သိပ်မသောက်ဖြစ်ဘူး။ အဲ့တော့ အကုန် ကျွန်တော့်ပါးစပ်ထဲချည်းပဲ။
----------***----------
ရွံ့နွံဘက်သွားရအောင်တဲ့ အကိုသူရကခေါ်တယ်။ ကျွန်တော်ကလည်း သွားချင်နေတာနဲ့ ခေါင်းညိတ်လိုက်တယ်။ လမ်းလျှောက်ဖို့ထလိုက်တော့ လူကယိုင်တိုင်တိုင်။ ခေါင်းကလည်း နောက်နောက်ရယ်မို့ မျက်လုံးလည်း မဖွင့်ချင်တော့။
ကုန်းပိုးရမလားတဲ့ သူကမေးတယ်။ ကျွန်တော်က အားနာတာနဲ့ ဟင့်အင်းလို့ ငြင်းလိုက်တယ်။ ကျွန်တော်ငြင်းလိုက်တော့ အကိုသူရရဲ့ လက်တစ်ဖက်က ဘေးတိုက်အနေအထားနဲ့ ကျွန်တော့်ပခုံးပေါ် ရောက်လာတယ်။ ကျန်တဲ့လက်တစ်ဖက်က ကျွန်တော့်ခေါင်းကိုဆွဲပြီး သူ့ခန္ဓာမှာမှီပေးတယ်။ သူကထိန်းထားပေးမှာမို့ မျက်လုံးမဖွင့်ချင်ရင် မဖွင့်ပါနဲ့တဲ့။ အဲ့ဒါနဲ့ ကျွန်တော်မျက်လုံးမဖွင့်ဘဲ သူ့ကိုမှီပြီး လိုက်သွားလိုက်တယ်။
လမ်းလျှောက်ရင်းနဲ့လည်း အကိုသူရက စကားတွေပြောနေတာပဲ။ ဘာတွေပြောနေတာလဲတော့ ကျွန်တော်လည်း မသိဘူး။ တစ်ခါတလေလည်း ကျွန်တော့်ကိုမေးနေတာထင်တယ်။ ဘာတွေမေးနေမှန်းမသိပေမယ့် ကျွန်တော်ကလည်း ပြန်ဖြေနေတယ်။
ရွံ့နွံတွေဘက်မှာက တံတားလေးတစ်စင်းရှိတယ်။ အဲ့တံတားလေးက ရွံ့နွံတွေပေါ်မှာ ဆောက်ထားတာ။ လာတဲ့လူတွေက အဲ့တံတားပေါ်မှာ လမ်းလျှောက်။ သူငယ်ချင်းအဖွဲ့လိုက်တွေနဲ့ လူငယ်စုံတွဲတွေပဲ အလာများကြတာမို့ လူကတော့ အရမ်းများမနေ။
အကိုသူရက ကျွန်တော့်ကိုစိတ်မချလို့ဆိုပြီး တံတားပေါ်ကိုမတက်ဘူး။ ကျွန်တော်က မူးနေတော့ အောက်ကိုပြုတ်ကျမှာစိုးလို့တဲ့။ ပြုတ်ကျတော့လည်း ဘာဖြစ်လဲလေ။ သူ့ရွံ့နွံဆိုတာက အစစ်မှမဟုတ်လောက်တာကို။ ရွံ့နွံဆိုတာက လှုပ်လေမြုပ်လေလို့ ကျွန်တော်ကြားဖူးထားတာ။ ဒီမှာက မမြုပ်လို့ တံတားပါထိုးထားတဲ့ဟာကို လာပြီးစိတ်ပူနေတယ်။ ဒါပေမဲ့ ကျွန်တော်လည်း မတက်ပါဘူး။ အောက်ပြုတ်ကျရင် မသေနိုင်ပေမယ့် လူတော့ညစ်ပတ်နိုင်တယ်လေ။ အဲ့တော့ ကျွန်တော်အညစ်ပတ်မခံနိုင်ပါ။