မနက်ရောက်တော့ ကျွန်တော့်နောက်လိုက်ဖို့ဆိုပြီး သီဟက အထုပ်အပိုးတွေပြင်တယ်။ ကျွန်တော်က ဘေးကနေပြီး သူ့ကိုဝိုင်းကူပေးရတယ်။ ထည့်ရင်း ထည့်ရင်းနဲ့ သူ့အဝတ်အစားတွေက အတော်ကိုများနေပြီ။ ဒါလည်း သူကမရပ်သေးဘူး။ ခရီးဆောင်အိတ်တစ်လုံးပြည့်သွားတော့ နောက်တစ်လုံးယူပြီး ဆက်ထည့်နေတယ်။ ရှိသမျှအဝတ်အစားတွေ အကုန်ယူဖို့များ တွေးထားလားမသိ။
"အဝတ်အစားတွေက များမနေဘူးလား"
မနေနိုင်လို့ ကျွန်တော် မေးကြည့်လိုက်တယ်။
ရှိသမျှအဝတ်အစားတွေ အကုန်ယူတာက အကြောင်းမဟုတ်ဘူး။ ကျွန်တော်တို့က ဆိုင်ကယ်နဲ့သွားရမှာမို့ အထုပ်တွေများနေရင် သယ်ရတာအဆင်မပြေနိုင်။"မများပါဘူး။ ရက်(၃၀)ဆိုတော့ အစုံ(၃၀)လေ"
ဟမ်! အစုံသုံးဆယ်တောင်...
"အဲ့လောက်ကြီး မလိုဘူးလေကွာ။ ပြန်လျှော်ပြီး ဝတ်လို့ရနေတာကို"
"ကျွန်တော်မှ အဝတ်မလျှော်တတ်ဘဲလေ။ မေမေကလည်း အိမ်မှာကျန်ခဲ့မှာဆိုတော့ ကျွန်တော့်အဝတ်တွေကို ဘယ်သူကလျှော်ပေးမှာလဲကဲ"
သြော် ပြောမိတဲ့ကိုယ်ပဲမှားပါတယ်ကွာ။
"မင်း ကိုယ့်အိမ်မှာ နေမှာမလား။ ကိုယ့်မှာအစ်မရှိတယ် သူလျှော်ပေးလိမ့်မယ်"
ကျွန်တော်ပြောလိုက်တော့ အားရဝမ်းသာနဲ့ တကယ်ကြီးလားတဲ့ ပြန်ပြီးမေးနေတယ်။ ကျွန်တော်က"အင်း။ တကယ်ပေါ့။ မင်းက ကိုယ့်ချစ်သူပဲဟာကို"လို့ ပြန်ဖြေလိုက်တော့ သူက တခစ်ခစ်နဲ့ရယ်တယ်။ ပြီးတော့ ခရီးဆောင်အိတ်ထဲ ထည့်ထားတဲ့အဝတ်တချို့ကို ပြန်ပြီးတော့ထုတ်တယ်။
"ခင်ဗျားနဲ့တွဲရတာ တကယ်မိုက်တာပဲ။ ကျွန်တော်သဘောကျတယ်"
"ဒါဆို မင်းနှုတ်ခမ်းတွေကိုနမ်းခွင့်ပေး"
ပြောရင်းနဲ့ ကျွန်တော် သူ့နှုတ်ခမ်းကို တစ်ခါတည်းနမ်းပစ်လိုက်တယ်။ သူကတော့ မျက်လုံးအပြူးသားနဲ့ ကျွန်တော့်ကိုကြောင်ကြည့်နေတယ်။
"ချိုနေတာပဲ... တစ်သက်လုံးတောင် မလွှတ်ဘဲကပ်ထားလိုက်ချင်တယ်"