ထာဝရအတွက်
အပိုင်း ( ၁၆ )
*********မင်္ဂလာတောင်ညွှန့်ထဲတွင် ဦးခင်မောင်မြင့်နာမည်နှင့် လိုက်ရှာတော့ လွန်ခဲ့သည့် သုံးနှစ်ကတည်း တာမွေဘက်ကိုပြောင်းသွားသည်ဟုသိရသည်။ တာမွေတစ်လျောက် ကားတစ်စီးဖြင့် လိုက်ရှာရင်း သီတာလမ်းက တိုက်ခန်းတွေစီရောက်လာခဲ့သည်။ တိုက်အောက်ထပ်က စျေးဆိုင်လေးတွေမေးမြန်းစုံစမ်းတော့ သီတာလမ်းအဆုံးက တိုက်ကိုလမ်းညွှန်ကြသည်။
' သုံးလွှာထိတက်သွားရင် ဘယ်ဘက်ကအခန်းပဲ'
လှေကားတွေကိုနင်းတော့ ရင်တွေခုန်နေခဲ့သည်။ ခြေဖျားလက်ဖျားတွေအေးကာ မ ကိုသတိရမိ၏။ မ ကိုမခေါ်ပဲ လာမိတာ နောင်တရမိသည်။ သုံးလွှာ ဘယ်ဘက်ခြမ်းကအခန်း။ အခန်းတံခါးရှေ့၌ ရှားစောင်းလတ်ပတ်ပင်ပုလေးတွေ တစ်ဖက်စီစိုက်ထား၏။ တံခါးဘေးက ဘဲလ်ကိုနှိပ်လိုက်သည်။ အတွင်းဘက်က တံခါးပွင့်ကာ ယုယတို့အရွယ် ကောင်မလေးတစ်ယောက်ထွက်လာသည်။
' ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူး'
' ဥိီးခင်မောင်မြင့်တို့အိမ်လား'
'ဟုတ်ကဲ့'
'သူရှိလား'
' ဖေဖေ မရှိဘူးရှင့်'
'သြော်'
ဒီကလေးမလေးက သူ့သမီးပေါ့။ ဟထားသည့် တံခါးမှာ အိမ်အတွင်းဘက်ကို လှမ်းမြင်နေရသည်။ ကောင်မလေးနောက်က နံရံ၌ ချိတ်ထားသည့်ဓာတ်ပုံကို အမှတ်တမဲ့မြင်လိုက်မိသည်။ ဖြူ နှခမ်းလေးများကွေးရုံပြုံးလိုက်သည်။ သူ့မှာ သမီးနှစ်ယောက်ရှိတာပေါ့။ ဓာတ်ပုံထဲက တစ်ယောက်က အကြီးဖြစ်လိမ့်မည်။ သူနဲ့သူ့မိန်းမက ဘွဲ့ဝတ်ဆုံဝတ်ထားသည့် ကောင်မလေးဘေးမှာပြုံးလို့ပျော်လို့။
' မကြီးက ဖေဖေ့ မိတ်ဆွေလား။ မကြီး နာမည်ပြောခဲ့လေ ဖေဖေပြန်လာရင် ပြောလိုက်ပါ့မယ်'
ကောင်မလေးထံမှ ဖေဖေ ဟုပြောတိုင်း ဖြူ နားထဲရေနွေးဖြင့်အလောင်းခံရသလိုပူနေသည်။
' မန္တလေးက ဒေါ်ခင်မမ မြေးလို့ပြောလိုက်ပါ။ ဖုန်းနံပါတ်ပေးထားခဲ့မယ်'